ခွဲခွဲခြားခြား
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ဝန်းကျင်ကာလ၊ ခုနှစ်အလိုအရပြောရရင် ၁၉၉၅ လောက်ကပေါ့။ ကျွန်တော် လူထုကြီးပွားရေးစာအုပ်တိုက်ရဲ့ စာပြင်၊ စာတည်း စာပွဲမှာ ထိုင်ရစဉ်ကာလ…..။ အဲဒီအချိန် အဖိုးတန်ဆုံးအခွင့်အရေးတစ်ခုက ညနေစောင်းရင် ဒေါ်ဒေါ် (လူထုဒေါ်အမာ) နဲ့ စကားပြောခွင့်ရခြင်းပါပဲ။ ဒေါ်ဒေါ်က ညနေစောင်း ရေမိုးချိုးပြီး နံ့သာဖြူကရမက်တွေ လိမ်ကျံကာ စမုံစပါးစေ့လေးတွေဝါးရင်း ဘာထူးသေးသလဲကွဲ့ ဆိုတဲ့ နိဒါန်းစကားနဲ့ လမ်းဖွင့်ကာ ကျွန်တော်နဲ့ ရောက်တက်ရာရာတွေ ပြောဖြစ်တယ်။ ရောက်တက်ရာရာ ဆိုပေမယ့် ကမ္ဘာကျော် သတင်းစာဆရာ၊ စာရေးဆရာမကြီးမို့ စကားလုံးတိုင်းဟာ အဖိုးအနဂ္ဂ ထိုက်တန်သည်ချည်းပါပဲ။ မှတ်သားစရာတွေက အများကြီးပါ။ ဒီအချိန် ထူးထူးခြားခြား မှတ်မိနေတဲ့ ဒေါ်ဒေါ်စကားတစ်ခွန်းကို မမေ့နိုင်ဘဲ သတိရနေမိတယ်။ ပြောစရာတွေ ပြောပြီးတဲ့အချိန်မှာ ဒေါ်ဒေါ်က သြော်…..ငါတို့တိုင်းပြည် ကံကြမ္မာကလည်း လူတော်တွေအတွက် တယ်ပြီး မျက်နှာသာမပေးလှဘူး။ လွတ်လပ်ရေးကြိုးပမ်းရေးကာလမှာရော၊ လွတ်လပ်ပြီးကာလမှာရော တိုင်းပြည်အတွက် အသက်စတေးကြရတဲ့ လူတော်တွေ အများကြီးပါကလား။ လူတော်တွေ ဒီလောက်စတေးခဲ့ကြပေမယ့် စတေးရသလောက်လည်း ထိုက်တန်လောက်တဲ့ အကျိုးမရှိတာက ပိုပြီးစိတ်မကောင်းစရာပဲကွဲ့ ဆိုတဲ့ စကားမျိုးကို သက်ပြင်းတချချနဲ့ ပြောလေ့ရှိတယ်။ ဒေါ်ဒေါ်ပြောတဲ့ လူတော်တွေဆိုတဲ့ ပုဂ္ဂိုလ်များထဲမှာ ကိုအောင်ဆန်းအကြောင်း ပါတယ်။ ကိုဘဟိန်းအကြောင်း ပါတယ်။ ကိုရာရှစ်အကြောင်း ပါတယ်။ ဆရာကြီးဦးရာဇတ်အကြောင်း ပါတယ်။ ပြီးတော့ မှတ်မှတ်ရရ ကိုသန်းထွန်း (သခင်သန်းထွန်း) အကြောင်းပါတယ်။ အခြား ကျွန်တော်တို့နဲ့ လက်လှမ်းမှီနိုင်တဲ့ ပုဂ္ဂိုလ်တွေ အကြောင်းလည်း ပါတာပေါ့။ အဲလိုပုဂ္ဂိုလ်တွေအကြောင်းထဲမှာ တနွဲငင်တစင်ပါဆိုသလို ဗိုလ်ချုပ်ကြီးနေ၀င်းအကြောင်းလည်းပါရဲ့။ လူတော်တွေအကြောင်း ဒေါ်ဒေါ်က တခုတ်တရပြောတော့ သူတို့နဲ့ တစ်ဖက်က ဆက်စပ်ပတ်သက်နေတဲ့ သူအကြောင်းလည်း ပါရမှာပေါ့လေ။ ကဲ….ထားပါတော့။ ဒေါ်ဒေါ်က ကိုဘဟိန်းအကြောင်းဆိုရင် တော်တော်လေး လွမ်းလွမ်းဆွတ်ဆွတ် နှမြောတသ ပြောလေ့ရှိတယ်။ တစ်ရပ်ကွက်ချင်းသားလည်း ဖြစ်တာကိုး။ ကိုဗဟိန်း မိဘများဖြစ်တဲ့ ဦးမှင်နဲ့ ဒေါ်ဦးတို့ကလည်း ဒေါ်ဒေါ်တို့မိဘဖြစ်တဲ့ ဦးထင်၊ဒေါ်စု တို့နဲ့ ရင်းနှီးခင်မင်ရင်းစွဲ ရှိခဲ့ပြီးသားလေ။ ကိုဗဟိန်းနဲ့ ပတ်သက်ပြီး ဒေါ်ဒေါ်ကပြောလေ့ရှိရာမှာ လူပုံကနွဲ့နွဲ့လျလျနဲ့ စိတ်ဓာတ်မှာ အင်မတန် ခိုင်မာပြီး ယုံကြည်ချက်ပြင်းထန်လွန်းတာကို တခုတ်တရပြောလေ့ရှိတယ်။ ကျွန်တော်တို့ကိုလည်း မန္တလေးသား ကိုဘဟိန်း အကြောင်း လက်လှမ်းမှီသရွှေ့ မေးမြန်းသုတေသနပြုပြီး ရေးသားဖို့ တိုက်တွန်းလေ့ရှိတယ်။ ဂျပန်တော်လှန်ရေးအပြီး ၁၉၄၆ခုနှစ်မှာ မန္တလေးက စိန့်ပီတာဆေးရုံကြီးပေါ် (ယခုအ.ထ.က၉) ငှက်ဖျားရောဂါနဲ့ အသည်းအသန် နာမကျန်းဖြစ်ပြီး လူမမာမေးတဲ့ ကိတ်မုန့်ထုပ်ထားတဲ့ သတင်းစာဟောင်းပေါ်က ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကနေ ဂျပန်တော်လှန်ရေးမှာ အဓိကမဏ္ဍိုင်ဖြစ်တဲ့ ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်တဲ့ သတင်းကြားသိပြီး စိတ်မကောင်းခြင်းကြီးစွာနဲ့ နလန်မထူဘဲ ကွယ်လွန်ခဲ့ရမှုအပေါ်မှာ ဒေါ်ဒေါ်က စုတ်တသပ်သပ်နဲ့ ၀မ်းနည်းစကား ပြောလေ့ရှိတယ်။ ဘာပဲပြောပြော မန္တလေးသား ကိုဗဟိန်းဖက်က ပိုပြီးခံပြင်းပုံလည်းရတယ်။ လူပုဂ္ဂိုလ်နဲ့အတူ နောက်ကွယ်က အဖွဲ့အစည်း သံယောဇဉ်လည်း ရှိတာသေချာတယ်။ ကိုသန်းထွန်းအကြောင်းလည်း ဒေါ်ဒေါ်က မကြာမကြာပြောတတ်တယ်။ လူတော်ကွဲ့။ တစ်လျောက်လုံး သူ့ယုံကြည်ချက်ကို အတိမ်းအစောင်းမခံဘဲ သူ့အလုပ်သူလုပ်သွားတဲ့သူ ကိုလှနဲ့လည်း ရင်းနှီးတယ်။ တစ်သက်လုံး နိုင်ငံရေးအတွက်ပဲ လုပ်ကိုင်ခဲ့ပြီး သက်သက်သာသာ မနေခဲ့ရရှာပါဘူးကွယ် ဟု ပြောလေ့ရှိသည်။ ကိုသန်းထွန်းနှင့် ပတ်သက်၍ ဒေါ်ဒေါ်ပြောသော ]လူတော်ကွဲ့တစ်လျောက်လုံး သူ့ယုံကြည်ချက်ကိုအတိမ်းအစောင်းမခံဘဲ သူ့အလုပ်သူလုပ်သွားတဲ့သူ ဆိုတဲ့စကားကို ဒေါ်ဒေါ် မကြာမကြာပြောလေ့ရှိလို့ မှတ်မိနေတယ်။ ကိုသန်းထွန်းက ဒေါ်ဒေါ်ရဲ့ စာအုပ်တစ်အုပ်မှာလည်း အမှာစာ တစ်ပုဒ်ကို စိတ်ပါလက်ပါရေးပေးခဲ့ဖူးတယ်။ လူထုဂျာနယ်မှာလည်း ဆောင်းပါးတွေ ရေးခဲ့ဖူးတယ်။ စစ်အတွင်းက ရရာစက္ကူတွေနဲ့ ရိုက်နှိပ်ထုတ်ဝေရတဲ့ လူထုဂျာနယ်အတွဲ၁၊ အမှတ် ၅ (၁၉၄၅ခု၊ စက်တင်ဘာလ ၁၅ရက်ထုတ်)မှာ အယ်ဒီတာဦးလှက အဲဒီနှစ် ဇူလိုင်လ ၂၀ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ကွန်မြူနစ်ပါတီ ကွန်ကရက်မှာ သဘာပတိ သခင်သန်းထွန်း ပြောကြားခဲ့တဲ့မိန့်ခွန်းထဲက ကောက်နုတ်ချက်တွေကို တကူးတက ဖော်ပြပေးထားတယ်။ ခေါင်းစီးကိုလည်း ကွန်မြူနစ်ဆိုတာ ဘာလဲ? လို့ ပေးထားတယ်။ ဒီကောက်နုတ်ချက်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ ပြောပြပါရစေ။ ကွန်မြူနစ်တွေဟာ ဘာသာတရားကို ဖျက်ဆီးသူ၊ ပုတ်ခတ်သူများမဟုတ်။ လူတိုင်းကြိုက်တဲ့ ဘာသာအယူဝါဒ ရှိနိုင်သလို ကိုယ်ကြိုက်တဲ့အယူ ယူခြင်းသာဖြစ်တယ်။ သူများအယူဝါဒကို မနှောက်ယှက်။ ကွန်မြူနစ်တို့သည် သူများကိုဆဲ၊ အတင်းပြောသူများမဟုတ်။ သူများ၏အလုပ်ကိုဝေဖန်၍ ကိုယ့်ကိုယ်ကိုယ်လည်း ဝေဖန်သူများဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ သပိတ်မှောက်ဖို့မလုပ်။ စီးပွားတိုးတက်ဖို့သာလုပ်တယ်။ ကွန်မြူနစ်တို့ဟာ ကိုယ်ကြီးပွားဖို့မလိုလား။ ပြည်သူ့အကျိုးကိုသာ အဓိကထား၍ လုပ်တယ်။ ကွန်မြူနစ်တို့ဟာ စိတ်နောက်ကိုယ်ပါ လုပ်သူများမဟုတ်။ အကျိုးအကြောင်းနှင့် လုပ်သူများဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ အလွန်အကျွံဝါဒသမားများမဟုတ်။ တကယ့်အခြေနှင့်ဖြစ်နိုင်သည်ကိုသာ လုပ်သူများဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ စိတ်မနိုင်သူများမဟုတ်။ ငလျင်တွေ၊ မုန်တိုင်းတွေကြားမှာပင် ရပ်တန့်နိုင်သူတို့ဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ အဖျက်သမားများမဟုတ်။ ပြာထဲအမှိုက်ပုံထဲကနေပြီး အသစ်ထူထောင်နေသူများ ဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ သွေးစိမ်းသောက်ချင်တဲ့သူတွေမဟုတ်။ ညီရင်းအကိုချစ်ခင်မှုကို လိုလားတယ်။ ကွန်မြူနစ်တို့ဟာ သည်းညည်းမခံ၊ ဇတ်ဇတ်ကျဲများမဟုတ်။ လိုက်လိုက်လျောလျောနဲ့ ဇွဲရှိသူများဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ စာအုပ်ကြီးအတိုင်းလုပ်သူများမဟုတ်။ အခြေအနေနှင့် ဆီလျော်အောင်လုပ်သူများ ဖြစ်တယ်။ တော်လှန်ရေးကို ကလေးကစားစရာလို သဘောမထား။ လက်ဖက်ရည်ကြမ်းဝိုင်းမှာ တောင်စဉ်ရေမရ ပြောသလိုမလုပ်။ တော်လှန်ရေးကို လုပ်သင့်မှလုပ်မယ်။ မလုပ်သင့်ခင် လုပ်ကိုမလုပ်ဘူး။ ပြောကိုမပြောဘူး။ တိုင်းပြည်အကျိုးသာ အဓိကပဲ……စတဲ့ ကောက်နုတ်ချက်တွေကို သေချာဖော်ပြထားတယ်။ ဒေါ်ဒေါ်က လူတော်တွေအကြောင်းပြောတိုင်း ကျွန်တော်ကစိတ်ထဲမှာ ဒေါ်ဒေါ်တို့ မိတ်ဆွေကိုသန်းထွန်းနဲ့ပတ်သက်ပြီး မိသားစုအနာတရကိစ္စတစ်ခုကြောင့် စိတ်အနာကြီးနာကာ အခဲမကျေဖြစ်လေမလားဆိုတဲ့ သာမာန်လူပိန်းစိတ်မျိုး ၀င်တတ်တယ်။ ဒါပေမယ့် ဒေါ်ဒေါ်ဟာကိုသန်းထွန်းလူတော်ဆိုတဲ့ကိစ္စ တစ်ပြားသားမျှ မလျှော့ခဲ့ပါဘူး။ ယုံကြည်ချက်၊ ၀ါဒလမ်းစဉ်နဲ့ တိုင်းပြည်အကျိုးရှေးရှုပြီး လူပုဂ္ဂိုလ်နဲ့ လုပ်နည်းလုပ်ဟန်အပေါ် ခွဲခွဲခြားခြားထားရှိတယ်။ ဒေါ်ဒေါ်ပြောတဲ့ လူတော်တွေကိစ္စမှာ ဒီသဘောထားနဲ့ပဲ ဆုံးဖြတ်ခဲ့တာ အတုယူစရာပါ။
ခင်ဗျား (ဆူးငှက်) ကို “တစ်ဝက်မန်ကျီးပင်ဝတ္တုတိုပေါင်းချုပ်” စာအုပ်နဲ့ စပြီးရင်းနှီးတာပါ။ နောက်တော့ “သံဝရ”၊ ဇာတ်လမ်းဝတ္တုစု၊ မန္တလေးမျဉ်းဖြောင့်များ၊ကနေ အမျိုးသားစာပေဆုရတဲ့“တိမ်ယံအိပ်မက် မိုးထက်နရီ” စာအုပ်အထိ ပိုပီးရင်းနှီးလာခဲ့ပါတယ်။ ခင်ဗျားလူချင်းတော့ မသိခဲ့ဖူးပါဘူး။ ခင်မင်စွာနှုတ်ဆက်ပါတယ်။ မြို့မသီချင်းတွေကို မြို့မဟန်နဲ့ဖန်တီးဖို့ကြိုးစားနေတဲ့ အကြောင်းဆောင်းပါးတစ်ခုမှာဖတ်ရပါတယ်။ အဲဒီကိစ္စအောင်မြင်စေချင်လိုက်တာဗျာ။