ရတနာပုံမ်နေပြည်…၊ တာရဲတန်း…၊ အပျော်တမ်းအသင်း ဥက္ကဋ္ဌမှသည်…
လွန်ခဲ့တဲ့ ၂ နှစ်ကပဲ မန္တလေးရတနာပုံနေပြည်တော်သက်တမ်း အနှစ် ၁၅၀ပြည့်ခဲ့သည်။ မန္တလေးသည်မြန်မာတို့၏ နောက်ဆုံးမင်းဆက်စိုးစံခဲ့သော မြို့တော်အဖြစ်ထင်ရှားခဲ့ရုံသာမက ရိုးရာယဉ်ကျေးမှု အနုပညာများဖြင့် မြန်မာ၏ပြယုဂ်ကိုဖော်ဆောင်ခဲ့ရာ နေရာဒေသအဖြစ်လည်း မြို့တည်နန်းတတည်နှစ် ၁၀၀ သက်တမ်းအတွင်း ကျော်ကြားခဲ့သည်။ မန္တလေးမြို့တည်နန်းတည်စဉ်ကာလ ပြင်သစ်၊ အင်္ဂလိပ်စသော ဥရောပတိုက်ရှိ နိုင်ငံကြီးများနှင့် ဆက်ဆံခဲ့ရုံမက…. အိမ်နီးချင်း ခြံစည်းရိုးချင်းဆက်နိုင်ငံများနှင့် ဆက်ဆံနေရာပေးမှုကလည်း သိသာထင်ရှားခဲ့၏။
- တာရဲတန်း
မင်းတုန်းမင်းကြီးက မြန်မာတို့၏ မင်းနေပြည်မန္တလေးရတနာပုံမ်ရွှေမြို့တော်တွင် သက်ဆိုင်ရာရပ်ကွက်၊ ၀င်းနှင့် အစုအဖွဲ့များကို စနစ်တကျ နေရာချထားပေးရာ၌ လူမျိုးခြားများနှင့်ပတ်သက်၍လည်း သီးခြားစဉ်းစားနေရာပေးမှုများကလည်း ဂရုပြုဖွယ်ဖြစ်၏။ သံဝင်းတဲ့….၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီစသော သံအရာရှိများ တစ်စုတစ်ဝေးတည်းနေထိုင်ကြသည့် နေရာဖြစ်သည်။ ယခု အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ ရပ်ကွက်တွင်တည်ရှိသည်။ ထို့နောက် ယိုးဒယား ဈေးဝင်းတဲ့….။ အမရပူရခေတ်ကတည်းက သုံ့ပန်းများအဖြစ်ရောက်ရှိလာသော ထိုင်းလူမျိုးတို့ကို ချထားနေထိုင်ရောင်းဝယ်စေသော နေရာဖြစ်သည်….။ ယခု ချမ်းအေးသာစံမြို့နယ်၊ အောင်းနန်းရိပ်သာအရှေ့ရပ်ကွက်တွင်ရှိသည်။ ထို့နောက်… တာရဲတန်းတဲ့….။ မွန်ဂိုတရုတ်တာရဲများကို မြန်မာအသံထွက်ပီပီဖြင့် တာရဲ ဟုခေါ်ပြီး…. ထိုသူတို့ စုဝေးနေထိုင်ရာအရပ်ဖြစ်သည်။ တာတာနွယ်ဝင် တရုတ်များဟုလည်း ခေါ်ကြသည်။ လမ်း ၈၀၊ ၃၇ လမ်းမှ ၄၂ လမ်းကြား နေရာဖြစ်သည်။
- ရာဇာ့ပလ္လင်တော်အနီးမှာ
လမ်း ၈၀နှင့် ၃၅ လမ်းထောင့်မှာလည်း မင်းတုန်းမင်း၏ ဗိုလ်ချုပ်ကြီး ကူဝင်ရူစလေမန်ဆောက်လုပ်လှူဒါန်းခဲ့သော ပန်းသေးဗလီ ကြီးလည်းရှိသည်။ အေဒီ ၁၈၆၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပန်းသေးခေါင်း မတူတူက ခုနစ်ရွာမိဖုရားထံမှ ငွေရှစ်ဆယ်ဖြင့် ၀ယ်ယူခဲ့သော နေရာဖြစ်သည်။ အခုဆိုရင် နှစ်ပေါင်း ၁၄၀ ကျော်ပြီပေါ့….။ မန္တလေးမြို့တည်နန်းတည်ပြီး ၁၀ နှစ်ဝန်းကျင်အတွင်းမှာပင် ရွှေမြို့တော်၏အချက် အချာနေရာများ၌ ဆွေမျိုးပေါက်ဖော်တို့ မင်းခစားအဖြစ် တခန်းတနား နေရာရလာကြသည့် သဘောဖြစ်သည်။ မင်းတုန်းမင်းခေတ်လက်ထက် ကြီး၌သာမက သားတော်သီပေါမင်းခေတ် လက်ထက်တော်လေးကာလအထိ မန္တလေးရတနာပုံမ် နေပြည်တော်တွင်ဆွေမျိုးပေါက်ဖော်တို့က အဓိက အရေးပါသော စစ်မှုထမ်းများအဖြစ် တာဝန်ထမ်းကြရာတွင် တရုတ်ဗိုလ်မင်းကြီး ဆွင်တာလောရဲသည်လည်း ထင်ရှားသည်။ ဆွင်တာလောရဲက မြန်မာအမျိုးသမီးနှင့်ပင်အိမ်ထောင်ရက်သားကျပြီး…အေဒီ ၁၉၀၂ခု ဇူလိုင် ၈ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။
- အပျော်တမ်းတူရိယာအသင်းဥက္ကဋ္ဌ
တကယ်တော့ မန္တလေးရတနာပုံမ်နေပြည်တော်သို့ ကနဦးရောက်စ ဆွေမျိုးပေါက်ဖော်များကား ပုဂံခေတ်ကတည်းကလို ဧကရာဇ်ဝါဒဖြင့် စစ်ရေးဗျူဟာဆိုင်ရာဝင်ရောက် ချယ်လှယ်လိုမှုမျိုး သိသာထင်ရှားစေခြင်းမရှိဘဲ မြန်မာဧကရာဇ်၏သစ္စာတော်ခံ(ကြေးစား)အမှုထမ်းအဖြစ် ရိုကျိုး ပျားဝပ်ခဲ့ပြီး ဘာသာရေးမှအစ လူမှုရေးယဉ်ကျေးမှုအထိ ပီဘိမြန်မာအသွင် လက်ခံလိုက်နာခဲ့ကြသည်မှာ ငြင်းဖွယ်မရှိချေ။ ဥပမာဆိုပါတော့…၊ ကိုလိုနီခေတ်ဦး မန္တလေးလွှတ်တော် စာတော်ပြန်ဝန်ထောက်မင်း တော်စိန်ခိုသည် သက္ကရာဇ် ၁၂၂၆ ခုနှစ် နတ်တော်လဆန်း ၉ ရက်(ခရစ် ၁၈၆၄ ခုနှစ်)တွင် မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၌အဖ တရုတ် ဥတည်ဘုရင် မဟာမျိုးနွယ်လေးမျိုးဝင် တော်ဂုတ္တအနွယ် တော်စိန်ထွန်း၊ အမိဒေါ်နုတို့က မွေးဖွားခဲ့ပြီး ၁၂၂၈ ခုနှစ် မြင်ကွန်းမြင်းခုန်တိုင်အရေးအပြီး မန္တလေးရတနာပုံမ်နေပြည်တော်သို့ ပြောင်းရွေ့ရောက်ရှိခဲ့သည်။ မန္တလေးရွှေမြို့တော်မှနာမည်ကျော်ဒေါက်တာမတ်ကျောင်း (သံတဲကျောင်း)တွင် သီပေါမင်းသားနှင့်အတူ ပညာသင်ခဲ့၏။ ပါတော်မူပြီးနောက် မန္တလေးလွှတ်တော်တွင် စာတော်ပြန်ဝန်ထောက် ၁၈၉၃ တွင် ဒုတိယအတွင်းဝန်ထောက်၊ ၁၈၉၃ တွင် ဒုတိယအတွင်းဝန်။ ၁၈၉၇ တွင် တရုတ်ပညာသင်၊ ၁၈၉၉ တွင် အတွင်းဝန်ကလေး…. စသည်ဖြင့် အမှုထမ်းခဲ့ပြီး ရှေးဟောင်သုတေသနနှင့် လွှတ်တော်ဆိုင်ရာတွင် ကျွမ်းကျင်ပညာရှင်ဖြစ်ခဲ့၏။ အနုသုခုမဖက်တွင် လည်း ကြည့်ပါဦး….။ မန္တလေးမြို့မှ တန်စုရဟူသော တရုတ်လူမျိုးက မြန်မာ့သုခုမအငြိမ့်သဘင်ကို မြတ်နိုးတွယ်တာလိုက်သည်က ပြောကြစို့ ဆိုလျှင် မြခြေကျင်း မငွေမြိုင်ကို တစ်ဖက်သက်မြတ်နိုးခဲ့ပြီး ယခု မလွန်ရပ်ရှိ ပရိယတ္တိသာသနဟိတအသင်း ဗိမာန်တော်ကြီးတည်ရှိရာ နေရာဒင်္ဂါးဝင်း တွင် ]ဒင်္ဂါးဇာတ်ရုံ}အမည်ဖြင့် ဇာတ်ရုံကြီးထိုးပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲများခြိမ့်ခြိမ့်သည်း ရုံသွင်းကပြစေခဲ့သည်။ ထို့ပြင် ယနေ့ထက်တိုင် မန္တလေးမြို့ ဂုဏ်ဆောင်အဖြစ်ခိုင်မာဆဲဖြစ်သော မြို့မအပျော်တမ်းတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ် ကစတင်တည်ထောင်ခဲ့သူများတွင် ဆိုင်းတန်းရပ်မှ အပေါင်ဆိုင်လုပ်ငန်း ပိုင်ရှင် ဦးတော်လုံသည်လည်း တရုတ်လူမျိုးဖြစ်သည်။ ဓားတန်းဦးသန့်၊ ကိုဘညိန်း၊ ကိုလှဒင်စသော…. ဂီတ၀ါသနာရှင် လူငယ်လေးများကို လိုအပ်သောတူရိယာပစ္စည်းများနှင့်အတူ လိုအပ်သောအကူအညီများပေးခဲ့ပြီး လူငယ်လေးများ သီဆိုတီးမှုတ်ကြပုံကို ဘေးမှ ထိုင်နားထောင်ရင်း ကျေနပ်ပီတိဖြစ်နေသည်ကိုလည်း ပြောစမှတ်ဖြစ်ခဲ့ရသည်။ တေးရေးအနုပညာရှင်ကြီး နန်းတော်ရှေ့ဆရာတင်ကပင်
….မေတ္တာတော်ပို … ချစ်ပါနောဆို…၊ မြို့မရဲ့၊ မြို့မရဲ့… မြို့မရဲ့ခေါ်သကို…
အို… ခေါ်သလို၊ ဦးတော်လုံ၊ ဦးတော်လုံ… ဥက္ကဌ… ဆို
နန်းတော်… ရှေ့ကမောင်တင်၊ မြစ်ဝပြင်ကျယ်…
ရေဆုံးပင်လယ်… အသင်းထဲရောက်သလို… ဟုပင် ကြားဖူးကြရဲ့လားဗျို ဟူသော သီချင်းတွင် ဥက္ကဌ ဦးတော်လုံကို တခုတ်တရ ထည့်သွင်းစပ်ဆိုခဲ့သည်။
- မန္တလေးသားအရှုံးပေးရမယ်
ကဲ…. ထားပါတော့….၊ ဆိုလိုသည်က မန္တလေးရတနာပုံမ်နေပြည်တော်စတင်တည်ထောင်သည်မှ အနှစ် ၁၀၀ ပြည့် ၁၉၅၉ခုနှစ် ၀န်းကျင်အထိ မန္တလေးမြို့တွင် နေထိုင်ရောင်းဝယ်ဖောက်ကားကြသော အရှေ့မြောက်ဒေသမှ လာရောက်အခြေချနေထိုင်သူများသည် သမ္မာအာဇီဝဖြင့်လုပ်ကိုင်စား သောက်ကြသလို ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများ၌ မူလရှိရှင်းအိမ်ရှင်၏ စရိုက်လက္ခဏာအောက်၌သာ ဆွေမျိုးပေါက်ဖော် ဟူသော ဂုဏ်ပုဒ်ကိုထိုက်တန်စွာရရှိအောင်ပင် မန္တလေးအရှုံးပေးလောက်စွာ ရိုသေပိပြားစွာနေထိုင်ခဲ့ကြသည်။ မည်သို့ဆိုစေ…. ၁၉၆၂ခုနှစ်မှ ၁၉၈၀ကျော် ၉၀ ၀န်းကျင်အတွင်း တိုင်းပြည်နယ် နိမိတ်နှင့် လူမျိုးရေးဆိုင်ရာတင်းကျပ်သော မူဝါဒစည်းမျဉ်းများအောက်၌ နှစ်ဦးနှစ်ဖက် သာခြင်းနာခြင်းမတွက်ဘဲ ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြသည်။
- ၀သုနြေ္ဒမျက်ရည်စက်များ
ဤသို့ဖြင့် ၁၉၈၁၊ ၁၉၈၄ ခုနှစ်များအတွင်း မန္တလေးတွင်အကြီးအကျယ်လောင်ကျွမ်းခဲ့သော ဆိုင်းတန်းမီး၊ ဦးကျားကြီးဝင်းမီးများနောက် မြို့လယ်စီးပွားရေးရပ်ကွက်ကြီးများ၏ မြေယာပိုင်ဆိုင်မှု အချိုးအကွေ့များတွင် ရွာနေပြည်ထိုင်ဆွေမျိုးပေါက်ဖော်များအတွက် မျက်နှာပူစရာပင်ဖြစ် ခဲ့၏။ ကျွန်တော့် မိတ်ဆွေကိုကျင်စိန်က….ပိုက်ဆံတွေပုံအောတိုက်ပြီး မြေတွေဝယ်ကြတာက မန္တလေးသားငါတို့လူမျိုးတွေမဟုတ်ပါဘူးကွာ…။ ငါတို့က မန္တလေးမှာ အလွန်ဆုံး ၂ ထပ်တိုက်ပဲပိုင်ဆိုင်တဲ့သူတွေပါ။ အခုဟာက ၆ ထပ်၊ ၇ ထပ်၊ ၈ ထပ်တိုက်ကြီးတွေကို အုတ်တံတိုင်းအမြင့် ကြီးတွေခတ်ပြီးပိုင်တဲ့ နောက်ပေါက်တွေပါ ဟု ငြီးတွားရင်းရှင်းပြသည်။ ၁၉၉၀ ၀န်းကျင်တွင် တိုင်းရင်းသားအဖွဲ့အစည်းများ တရားဝင် ၀င်ရောက်လာပြီးနောက် မန္တလေးသည် အရှေ့မြောက်ဒေသ၀င်ပေါက်မှ ဧည့်သည်များ အခြေချနေထိုင်ရန်ဆုံးဖြတ်ချက် ကျသည့်ဒေသအဖြစ် အလုံးအရင်းဝင်ရောက်လာသည့် ကာလများဖြစ်သည်။ သို့သော် မြန်မာနာမည်နှင့် မြန်မာမှတ်ပုံတင်အစစ်များ တပါးတည်းကိုင်ဆောင်လာနိုင်ကြသည်ကလည်း ထူးခြားမှုဖြစ်သည်။ ထိုစဉ်ကာလ ငွေကျပ်တစ်သိန်းနှစ်သိန်းဟူသည်ကိုပင် များပြားသည့်ငွေပမာဏဟု ရွာနေပြည်ထိုင်တို့ အရိုးစွဲနေကြသည့် ကာလတွင် ငွေကျပ်သိန်းရာချီ၍ မြွေတုခွံအိတ်ဖြင့်ထည့်ကာ ဘိုးဘွားပိုင်မြေတွေ တစ်ကွက်ပြီးတစ်ကွက် ၀ယ်ယူကြမှုမှာ ကြီးမားလွန်းသော အပြောင်းအလဲဖြစ်၏။ ထိုအပြောင်းအလဲသည် ဒေသစွဲကြီးလွန်း၊ ကိုယ့်မြေ ကိုယ့်အိမ်အပေါ်အစွဲအလန်းကြီးလွန်းသော မန္တလေးမြို့ခံ စာပေအနုပညာရှင်များအဖို့ ပြင်းထန်လွန်းသော ရိုက်ခတ်ချက်မို့ ၁၉၉၀ ၀န်းကျင် မန္တလေးဝတ္ထုတိုများသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်အပေါ် အံကြိတ်တက်ခေါက်သည့် (၀ါ) တိုင်းပြည်နှင့် လူမျိုးအတွက် မချိတင်ကဲ လက်သီးကျစ်ကျစ်ဆုပ်မိသည့် အစောဆုံးတာဝန်ကျေသော စာပေလှုပ်ရှားမှုတစ်ခုအဖြစ် သမိုင်းတွင်ခဲ့သည်။ ၀သုနြေ္ဒမျက်ရည်ကျသော နှစ်ကာလများဟု မှတ်တမ်းဝင်ခဲ့သည်မဟုတ်လော….။
- နောက်ဆုံပေါ် တို့ မြန်မာစီးပွားရေး
ထိုရိုက်ခတ်မှုရေစီးကြောင်းကား တဖြည်းဖြည်းအရှိန်အဟုန်ရလာသည်သာမက ၁၉၉၆၊ ၂၀၀၀၊ ၂၀၀၃၊ ၂၀၀၅၊ ၂၀၁၀၊ ၂၀၁၁ စသော နှစ်ကာလ အပိုင်းအဖြတ်များနှင့် ဆင့်ကဲပေါက်ကွဲအဟုန်များပေါ်ပေါက်ပြီး ရှေးဟောင်းမြို့တော်မန္တလေး မြေဈေးပမာဏများသည် နောက်ဆုံးပိတ် ကျပ်သိန်းပေါင်း သောင်းဂဏန်း သိန်းဂဏန်းထိပေါက်ရောက်သွားမှုမှာ ဇာတိသားတို့အဖို့ လုပ်ငန်းချဲ့ထွင်မှု၊ လုပ်ငန်းတီထွင်မှုများထက် ရှိသည့်ပိုင်ဆိုင်မြေကိုထုခွဲမှုက တစ်သက်စာအကျိုးအမြတ်ထက် ဆပွားများပြားသည်မို့ ဘိုးဘွားပိုင်အမွေအနှစ် ထုခွဲဝေခြမ်းရေး နောက်ဆုံးပေါ် စီးပွားရေးပဲ အားကောင်းမောင်းသန် ဆောင်ရွက်နေကြတော့သည်။
- ကြေးမောင်း၊ ဗုံသံနှင့် နဂါးကသည့်ညများ
မန္တလေးမြို့၏လက်ရှိ ၆ မြို့နယ်တွင်း လူဦးရေ ၁ သန်းတွင် ၁၀ စုနှစ် နှစ်စုဝန်းကျင်၌ တိုးပွားလာသော အရှေ့မြောက်ဝင်ပေါက် နွယ်ဝင်များနှင့်ပတ်သက်သူတွေ၏ အတည်မပြုနိုင်သေးသော ခန့်မှန်းမှုများအရ လူဦးရေ သိန်းချီ၍ရှိလာနိုင်ပေပြီ။ သေချာတာတစ်ခုကတော့ ထိုဧည့်သည် လူဦးရေ၏ ပိုင်ဆိုင်မှုပမာဏနှင့် သြဇာက ကျန်ဇာတိသားပမာဏများ၏ ပိုင်ဆိုင်မှုနှင့် သြဇာထက် အဆများစွာပိုမိုနေသောအခါ စီးပွားရေး လက်ဝါးကြီးအုပ်မှုသာမက ကျန်သည့် သူတို့၏၀န်ဆောင်မှုဈေးကွက်နှင့် ဖျော်ဖြေရေးဈေးကွက်များသည် နှစ်ပေါင်းတာရှည်ခိုင်မာခဲ့သော မန္တလေးရိုးရာယဉ်ကျေးမှု (၀ါ) မြန်မာ့ရိုးရာယဉ်ကျေးမှု အခင်းအကျင်းများကို ရုတ်ချည်းဝါးမျိုသွားတော့သည်။ ဥပမာဆိုပါတော့ နာမည်ကျော် မန္တလေးကထိန်ရာသီ၌ အငြိမ့်ပွဲ၊ ဇာတ်ပွဲများထက် ဈေးရောင်းပွဲတော်များ၊ တန်ဆောင်တိုင်မော်ဒယ်ရှိုးများ၊ ဂိမ်းပွဲများက လွှမ်းမိုးနေရာယူ သွားသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု၏ ပြယုဂ်အဖြစ် ထင်ရှားခဲ့သော မန္တလေးသင်္ကြန်ပွဲတော်ဆိုသည်ကလည်း သူတို့အကြိုက် သူတို့စရိုက်များသာ လွှမ်းမိုးပျက်စီး ခဲ့သည်မဟုတ်လော။
ရတနာပုံမ်ခေတ်မှစ၍ မန္တလေးနှစ် ၁၀၀ ပြည့်ပွဲတိုင် ရေကြည်ရာမြက်နုရာသို့ ရောက်လာအခြေချကြသည့် ဆွေမျိုးပေါက်ဖော်တို့ကား မန်းမြေမန်းရေမန်းလေတွင် နေထိုင်သောက်ရှူကျင့်သားရသည်နှင့် ပီဘိမန္တလေးသားတွေဖြစ်ကြပြီး မန္တလေးရိုးရာယဉ်ကျေးမှုအောက် တစ်သားတည်း ရောက်ကြရသည်။ အခု မန္တလေးနှစ် ၁၃၀၊ နှစ် ၁၄၀ ၀န်းကျင်တွင်ရောက်ကြသော ဆွေမျိုးပေါက်ဖော်တို့ကား ကြောင်ဖြူဖြူ ကြောင်မည်းမည်း စီးပွားရေး၊ ကြီးပွားရေးအဓိကမို့ နံပါတ် ၁ စီးပွားရေး၊ နံပါတ် ၂ စီးပွားရေး၊ နံပါတ် ၃ စီးပွားရေးပဲဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းပေါက်ဖော်တို့လို အပျော်တမ်းတူရိယာအသင်း ဥက္ကဋ္ဌနေရာယူပြီး မဟာဂီတသီချင်းကြီးတီးမှုတ်နေသည်ကို အားပေပြီး ပီတိဖြစ်နေကြတော့မှာမဟုတ်။ စီးပွားရေးဆိုင်ရာ အသင်းအပင်းများနှင့် သြဇာကိတ္တိမများမှာတော့ နေ့မအားညမနား ဦးဆောင်ဦးရွက်ပြုလိုသူများချည်းဖြစ်သည်။ ထို့အတူ ယခင့် ယခင်အစဉ်အဆက် မြန်မာစကားအသံထွက်၌ သ နှင့် တ ကို ပိုမိုကွဲပြားအောင် ရွတ်ဆိုနိုင်ရန်ကြိုးစားကြပြီး ဒါ တို့ပြည်၊ ဒါ တို့မြေ၊ ဒါ ငါတို့ပြည် ဟူသော သီချင်းစာသားကို ယခင်မန္တလေးသားပေါက်ဖော်များထက် ပီသစွာအားတက်သရော သီဆိုနိုင်ကြလေသည် မဟုတ်ပါလော။
ဆူးငှက်
၁၄.၆.၂၀၁၁။
ဆရာဆူးဌက် ခင်ဗျား…ဒိစာစုကိုfacebook မှာေ ဖ်ာပြခွင့်ပါခင်ဗျာ…
လေးစားစွာဖြင့်
မောင်ထန်းကြိး…
မန္တလေးမှ အနုပညာ များကို များများဖော်ထုတ်ပေးပါ
ဒီလိုမှမဟုတ်ရင်မန္တလေးမြို့သည် Chinese Town ဖြစ်သွားလိမ့်မည်
အနုပညာ ရှိမှ ယဉ်ကျေးမှု့ရှိမည်။ ယဉ်ကျေးမှု့ရှိမှ လူမျိုးရှိပါမည်။