တစ်ဖွဲ့၊ တစ်စု၊ တစ်သင်းမှသည် … ကြီးစွာသော ညီညွတ်ငြိမ်းချမ်းမျှတရေးဆီသို့

 တစ်ဖွဲ့၊ တစ်စု၊ တစ်သင်းမှသည် … ကြီးစွာသော ညီညွတ်ငြိမ်းချမ်းမျှတရေးဆီသို့

ရုက္ခဿ-သစ်ပင်၏၊ ဆာယာ-အရိပ်သည်၊ သုခံ-ချမ်းသာ၏။

တတော-ထိုသစ်ပင်အရိပ်ချမ်းသာသည်ထက်၊ ညာတိမာတိပိတု-မိဘဆွေမျိုး၏အရိပ်သည်၊ သုက္ခံ-ချမ်းသာ၏။

တတော-ထိုမိဘဆွေမျိုးတို့ အရိပ်ချမ်းသာသည်ထက်၊ အာစရိယော-ဆရာ၏အရိပ်သည်၊ သုခံ-ချမ်းသာ၏။

တတော-ထိုဆရာ၏ အရိပ်ချမ်းသာသည်ထက်၊ ရညော-မင်း အရိပ်သည်၊ သုခံ-ချမ်းသာ၏။

တတာ-ထိုအရိပ်သုံးခုထက်၊ ဗုဒ္ဓဿ-မြတ်စွာဘုရားသခင်၏ သာသနာဆုံးမတော်တည်းဟူသော အရိပ်သည်၊ အတိသုခံ- အလွန်ချမ်းသာ လှပေ၏။ … တဲ့။

ဒီနေရာမှာ သစ်ပင်ရဲ့အရိပ်က ချမ်းသာတယ်။ မိဘဆွေမျိုးရဲ့ အရိပ်က ချမ်းသာတယ်။ ဆရာရဲ့အရိပ်က ချမ်းသာတယ် ဆိုတာကို လွယ်လင့်တကူ လက်ခံကြတယ်။ ကျေနပ်ကြတယ်။ ဒါထက်မက မြတ်စွာဘုရားသခင်၏ သာသနာ အဆုံးမတော်တည်းဟူသော အရိပ်ကပိုပြီးတာ့ ချမ်းသာတယ်ဆိုတာလည်း ခြွင်းချက်မရှိ လက်ခံကြမှာပေါ့။ ‘မင်းရဲ့အရိပ်’ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမဆို မျက်မှောင်လေးကြုတ်ပြီး စဉ်းစားကြမှာကတော့ ဧကန်ပါပဲ။ ဘာလို့လဲဆိုတော့ ‘ရန်သူမျိုး(၅)ပါး’မှာ .. ‘ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ် မနှစ်သက်သောသူ’လို့ ဆိုထားတာကိုး။ သစ်ပင်အရိပ်၊ မိဘဆွေမျိုးအရိပ်၊ ဆရာ့အရိပ် ဆိုတာတွေကို ကြုံဖူးကြသူတွေတိုင်း အေးမြချမ်းသာတယ်ဆိုတာ ငြင်းမယ့်သူမရှိဘူး။ သာသနာရဲ့ အဆုံးအမက ပိုပြီး အေးမြချမ်းသာတယ် ဆိုတာကလည်း မြေကြီးလက်ခတ်မလွဲကိုး…။ ‘မင်း ရဲ့ အရိပ်’ဆိုတာကတော့ ကြုံကြဖူးသူတိုင်း ‘သုမနကျောမှာ ဒဏ်ရာတွေနဲ့’ ချည်း ဆိုတော့ ရုတ်ခြည်း လက်မခံနိုင်ကြတာကတော့ အပြစ်မဆိုသာဘူးပေါ့။

ကောင်းပါပြီ။ ‘မင်း’ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ‘မင်း’နေရာ ရောက်ရတဲ့သူ၊ ရောက်သင့်ရောက်ထိုက်တဲ့သူကိုမှ ‘မင်း’လို့ တစ်ညီတစ်ညွတ်တည်း သတ်မှတ်ရတာပါ။ သစ်ပင်အရိပ်၊ မိဘဆွေမျိုးအရိပ်၊ ဆရာ့အရိပ်ထက် အေးမြတယ်ဆိုတာ တကယ့်ဖြစ်သင့်ဖြစ်ထိုက်၊ ရောက်သင့်ရောက်ထိုက်၊ ယူသင့်ယူထိုက်တဲ့ ဂုဏ်ပုဒ်ရှိတဲ့ ‘မင်း’ကို ဆိုလိုတာပါ။ ဇာတ်ထဲကလို ကိုယ့်အခန်းရောက်မှ အိပ်ရာထဲက လူးလဲထပြီး ခေါင်းပေါင်း ပေါင်း၊ တောင်ရှည် ၀တ်၊ ပလ္လင်ပေါ် ထိုင်၊ သံလျက် ကိုင်ပြီး မင်းကြီးများ… လို့ အာလုတ်သံပြုရတဲ့ မင်းမျိုးကို ဆိုလိုတာမှ မဟုတ်တာ။ ‘မင်း’လို့၊ ‘ရာဇာ’လို့ ခေါ်သင့်ခေါ်ထိုက်တဲ့၊ ခေါ်ထိုက်ကြောင်း ပြဋ္ဌာန်းဖွင့်ဆိုတဲ့ အချက်တွေညီသူကိုပဲ ဆိုလိုတာကိုး…။

‘မင်း’၊ ‘ရာဇာ’၊ ‘ရှင်ဘုရင်’တို့ လိုက်နာအပ်တဲ့ ကျင့်ဝတ်တရားတွေနဲ့ ညီမှသာ ‘မင်း’၊ ‘ရာဇာ’၊ ‘ရှင်ဘုရင်’လို့ ဆိုလိုပြီး တိုင်းသူပြည်သားတွေအပေါ် အေးမြချမ်းသာခြင်းအရိပ်ကို ပေးစေတာပါ…။ ‘မင်းကျင့်တရား(၁၀)ပါး’ တဲ့။ ‘သင်္ဂဟတရား(၄)ပါး’ တဲ့။ ‘အပရိဟာနိယတရား(၇)ပါး’ တဲ့။ ရှေးရှေး .. မင်းကောင်းမင်းမြတ်တွေမှန်သမျှ ဒီတရားတွေနဲ့အညီ၊ ကျင့်ကြံအားထုတ်ကြတယ်။ ဒီ အကျင့်အကြံတရားတွေဟာ ရာဇပလ္လင်ထက်မှာ ခတ္တိယဘိသိတ်၊ ရာဇဘိသိတ်၊ မုဒ္ဓါဘိသိတ်ခံပြီး ရှင်ဘုရင် (၀ါ) မင်းဖြစ်သူမှသာ ကျင့်ကြံလိုက်နာရမှာလား။ အခုခေတ်က ပဒေသရာဇ်ခေတ်မှ မဟုတ်တော့တာ။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ ‘ပြည်သူ့အစိုးရ’ မဟုတ်လား။ လိုအပ်သလားလို့ မေးစရာရှိပါသေးတယ်။ တကယ်တော့ ‘သင်္ဂဟတရား(၄)ပါး’ ဆိုတာ သိင်္ဂါလောဝါဒ ခေါ်တဲ့ လူ့ကျင့်ဝတ်ထဲမှာ အတိအလင်းပါတာပဲ။ လူမှန်ရင် ကျင့်ကြံရမယ့် တရားပါပဲ။

ချစ်ဖွယ်စကား၊ ပြောကြားလေလင့်၊ ချီးမြှင့်ပေးဝေ၊

          ဆောင်လေကျိုးကို၊ ကိုယ်တူပြုငြား၊ ဤလေးပါး၊

          မှတ်သား ဓမ္မ သင်္ဂဟာ … လို့ ဖွင့်ဆိုခဲ့တဲ့ တရားပါ။

တိုင်းပြည်ခေါင်းဆောင် (၀ါ) လူထုကိုယ်စားလှယ်ခေါင်းဆောင် (၀ါ) တိုင်းပြည်တာဝန်ကို ရယူထားသူတစ်ဦးက ဓားဓားချင်း၊ လှံလှံချင်း၊ တုတ်တုတ်ချင်း၊ တွေ့ရာသင်္ချိုင်းဓားမဆိုင်း ဆိုပြီး စိမ်ခေါ်လို့မရဘူးလေ။ စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင်မဖောက်ဘူး၊ ပစ်ရင် တည့်တည့် ပစ်တာ လို့လည်း မခြိမ်းခြောက်၊ မပေါက်ကွဲရဘူးလေ။ ဘယ်သူတွေ ဘာပြောပြော၊ ကျွန်တော်တို့က နောက်မဆုတ်ဘူး၊ မဖြစ်ဖြစ်အောင် လုပ်မှာ လို့လည်း အများဆန္ဒကို ဥပက္ခာပြုပြီး တာဝန်မဲ့ မပြောရဘူးလေ။ ဒီ ‘သင်္ဂဟတရား(၄)ပါး’က အုပ်ချုပ်သူ (၀ါ) မင်း မှ မဟုတ်ဘူး၊ ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခုမှသာ မဟုတ်ဘူး၊ အကြီးအကဲနေရာ ရောက်သင့်ရောက်ထိုက်သူတိုင်း ကျင့်ကြံရမယ့် တရားပါပဲ။

အလားတူ ‘အပရိဟာနိယတရား(၇)ပါး’ဆိုတာကလည်း မင်းဧကရာဇ်တို့မှ လိုက်နာရမယ့်တရား မဟုတ်ပါဘူး။ ၀ိဇ္ဇီဓမ္မအပရိဟာနိယတရား မင်းဧကရာဇ်မှ တစ်ပါးသော ပုဂ္ဂိုလ်များလည်းပဲ လိုက်နာကြရမယ့်၊ လိုက်နာအပ်တဲ့ တရားတွေပါပဲ။ ဒီနေရာမှာ ‘အပရိဟာနိယတရား(၇)ပါး’ရဲ့ တစ်ပါးချင်းအလိုက် ယာဝကိဝဉ္စ လိစ္ဆ၀ီ အဘိဏှံ သန္နိပါတာ ဘ၀ိဿန္တသန္တိပါတ ဗဟုလာ၊ ၀ုဒ္ဓိယေ၀ လိစ္ဆ၀ီ ၀ဇ္ဇိနံ ပါဋိကင်္ခါ နောပရိယာနိ အစရှိတဲ့ ပါဠိနဲ့ မဖွင့်ဆိုတော့ပါဘူး။ အများနားလည်လွယ်တဲ့ စကားနဲ့ပဲ ခပ်လွယ်လွယ်ပြောပါရစေတော့။ ဒီ ‘အပရိဟာနိယတရား(၇)ပါး’ကို ညောင်တုန်းမြို့ ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ကြီးက ‘လူ့ကျင့်ဝတ် ဂိဟိဝိနယ စာတမ်း’ထဲမှာ ‘ကြီးပွားကြောင်းတရား(၇)ပါး’လို့ ပြန်လည်ရေးသားဖော်ပြထားပါတယ်။ ဆရာတော်ကြီးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းရေးသားချက်မှာ (၁) မပြတ်မပြတ်၊ ထပ်ကာထပ်ကာ စည်းဝေးရာ၏ တဲ့။ ဟုတ်ပါတယ်။ အပရိဟာနိယတရားကို ဂေါတမမြတ်စွာဘုရားက ဝေသာလီပြည်ကို အုပ်စိုးကြကုန်သော ၀ဇ္ဇီလူမျိုးများ ဖြစ်ကြတဲ့ လိစ္ဆ၀ီမင်းသား(၇၀၀)ကျော် တို့ကို ဟောကြားတဲ့တရားတော်ပါ။ မင်းတို့ တိုင်းပြည်ကောင်းစားချင်တယ်ဆိုရင် ဒီလိုဒီလို လုပ်ဆောင်ကြဆိုတဲ့ ဟောကြားညွှန်ပြတဲ့ တရားတော်ပါ။ ဒါကြောင့် ပထမအချက်အနေနဲ့ အကြင်မျှလောက်သော ကာလပတ်လုံး စည်းဝေးတိုင်ပင်ကြကုန်သည် ဖြစ်ကုန်အံ့ လို့ ဟောကြားလေတော့ ညောင်တုန်း ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ကြီးက မပြတ်မပြတ်၊ ထပ်ကာထပ်ကာ စည်းဝေးရာ၏ လို့ လိုရင်းတိုရှင်း ဖွင့်ဆိုထားပါတယ်။

မှန်ပါတယ်။ မင်းတုန်းမင်း အမရပူရနန်းကို သိမ်းပိုက်စံပြီး မန္တလေးရတနာပုံနေပြည်တော် အသစ်တည်ဖို့အတွက် တံဆိပ်တော်ရ၊ မရ  ရဟန်းပညာရှိတွေ၊ လူပညာရှိတွေ အရပ်ရပ် အကြိမ်ကြိမ် ညှိနှိုင်း၊ ငြင်းခုန်၊ စည်းဝေး စေပါတယ်။ ဒီလိုစည်းဝေးငြင်းခုန်ပြီးမှသာ မြို့သစ်တည်ရေး၊ မတည်ရေးကို ဆုံးဖြတ်စေခဲ့တာပါ။ အလားတူပါပဲ ရှေးရှေးကမြန်မာရှင်ဘုရင်များဟာ အနည်းဆုံး တစ်နေ့မှာ အစည်းအဝေး သုံးကြိမ် ပြုလုပ်ကြသတဲ့။ တစ်နေ့သုံးယံ၊ ညီလာခံမြဲ လို့ စာများမှာလည်း ပါရှိပါတယ်။

ကောင်းပြီ…။ ဘယ်လို စည်းဝေးကြမှာလဲ။ (၂) တစ်ဖြာထို့နည်း၊ စည်းဝေးညီညာ၊ ညီညာထခြင်း၊ လုပ်ခြင်းညီညာ၊ ဖြစ်တို့ရာ၏ တဲ့။ အကြင်မျှလောက်သော ကာလပတ်လုံး၊ အညီအညွတ် စည်းဝေးကြကုန်လော့၊ အညီအညွတ် စည်းဝေးရာမှ ထ၍သွားကြကုန်အံ့၊ အညီအညွတ် ပြုခင်းပြုဖွယ်မှန်သမျှကို ပြုကြကုန်အံ့၊ ထိုညီညွတ်သမျှ ကာလပတ်လုံး၊ လူမျိုးတို့၏ စီးပွားခြင်း တိုးတက်ခြင်းကိုသာလျှင် အလိုရှိကြကုန်၊ မဆုတ်ယုတ်နိုင်ကုန် ဆိုတဲ့ ဘုရားဟောရဲ့ အနှစ်ချုပ်ပါပဲ။  ညီညီညွတ်ညွတ် စည်းဝေးကြရမယ်။ ညီညီညွတ်ညွတ် ဆောင်ရွက်ကြရမယ်။ တစ်ကြောင်းတည်းသော ဦးတည်ချက်အတွက်၊ ရည်ရွယ်ချက်အတွက် ညီညွတ်စွာ စည်းဝေးကြရမယ်တဲ့။ ဘယ်လောက်ထိ ညီညွတ်ကြရမလဲဆိုရင် ဦးတည်ချက်၊ ရည်ရွယ်ချက်တစ်ခုတည်းအတွက် စည်းဝေးကြပြီး အစည်းအဝေးပြီးစီးရင်မှပဲ စည်းဝေးသူအားလုံး တစ်ညီတစ်ညွတ်တည်း ထသွားကြရမယ်။ အစည်းအဝေးခန်းက ထွက်သွားကြရမယ်တဲ့။ အစည်းအဝေးပြီးတာတောင် လူအချို့က ထွက်ခွာသွားပြီး၊ လူအချို့ကခန်းမတွင်း ကျန်ရစ်ဦးမယ်ဆိုရင် ထသွားသူတွေက ကျန်ရစ်သူတွေကို နောက်ဆံတတင်းတင်းနဲ့ သံသယ၀င်နိုင်ပါသတဲ့။

နောက် …  တတိယအနေနဲ့ အကြင်မျှလောက်သော ကာလပတ်လုံး၊ ညီညွတ်၍ ဥပဒေပညတ်မထားသေးသည်ကို ပညတ်လုပ်၍ မစီရင်ကုန်အံ့၊ လူတို့၏ ဥပဒေလုပ်ပြီးသည်ကိုလည်း မဖျောက်မဖျက်ကုန်ကြအံ့၊ မှုခင်းမရှိသည် ရှေးအဖို့၌ ညီညွတ်၍ ပညတ်၊ ဥပဒေခန့်အပ်ကုန်သော တရားတို့ကို ကောင်းစွာယူ၍ ကျင့်ကြကုန်တော့အံ့ ဆိုတဲ့အချက်ကို ညောင်တုန်း ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ကြီးက (၃) မြန်မာတို့နည်း၊ ပညတ်ပြီးကို၊ အပိုထည့်ခြင်း၊ နုတ်ပယ်ခြင်းမှ၊ ကင်းဝေးပ၍၊ ရှေးကတိုင်းသာ၊ ကျင့်ကြရာ၏ လို့ အနှစ်ထုတ်ပေးပါတယ်။ အများက စည်းဝေးဆုံးဖြတ်ပြီးတဲ့အတိုင်း မပြုမပြင် မပြောင်းမလဲ ဆောင်ရွက်ပါ၊ ကျင့်ကြံပါ၊ အကောင်အထည်ဖော်ပါ လို့ ဆိုလိုရင်းပါ။ တရားဝင်ပြောရေးဆိုခွင့်ရှိသူက အဖွဲ့ကိုယ်စား စည်းဝေးဆုံးဖြတ်ထားတဲ့အတိုင်း ထုတ်ပြန်ကြေညာပြီးကာမှ အဖွဲ့ဝင်တစ်ယောက်က သူ့သဘောဆန္ဒတစ်ခုတည်းကို လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်ကြေညာ တာမျိုး၊ ဆောင်ရွက်ပြုမူတာမျိုး မဖြစ်စေသင့်ဘူးလို့ ဆိုလိုတာပါ။ မူရှိပါလျက် လူပြောင်းတိုင်း မူကလိုက်ပြောင်းနေလို့ အလုပ်မဖြစ်ခဲ့တာလည်း ကြုံကြရပြီးသားပါ။ ဒါကြောင့် ရာဇာမင်းနဲ့ ပြည်သူကြား အယုံအကြည်မရှိနိုင်ဘဲ ‘မင်းမှာသစ္စာ၊ လူမှာကတိ’ဆိုတဲ့ ဆိုရိုးစကားပင်လျှင် ပျောက်ကွယ်မတတ်ဖြစ်ခဲ့ကြပြီး ဆုတ်ယုတ်ပျက်စီးနစ်နာမှုတွေရှိကြရခြင်းဟာ အပရိဟာနိယတရားအတိုင်း ကျင့်ကြံမှု ပျက်ပြားခဲ့ကြလို့ ဖြစ်ပါတယ်။

နံပါတ်(၄)အချက်ကိုတော့ ညောင်ကုန်းရွှေဟင်္သာဆရာတော်ကြီးက (၄) မြန်မာတို့တွင်၊ အကြင်သသူ၊ ကြီးပါမူကား၊ ထိုသူအားကို၊ ပြုငြားရိုသေ၊ ပြုလေလေးမြတ်၊ ပူဇော်အပ်လျက်၊ နှုတ်ထွက်စကား၊ မှတ်သားထိုက်စွာ၊ ထင်ကုန်ရာ၏ လို့ ဖွင့်ဆိုပါတယ်။ လူအိုဖြစ်ကုန်သော လူမျိုးတို့သည် အကြင်မျှလောက်သော ကာလပတ်လုံး အရိုအသေပြုကုန်အံ့။ အလေးအမြတ်ပြုကုန်အံ့။ မြတ်နိုးစုံမက်ကုန်အံ့။ ပူဇော်ချီးမြှောက်ကုန်အံ့။ ထိုလူအိုတို့၏စကားကိုလည်း နားထောင်ထိုက်သည် ဟူ၍ အောက်မေ့ကုန်ငြားအံ့။ ထိုမျှလောက်သော ကာလပတ်လုံး ကြီးပွားခြင်းကိုသာလျှင် အလိုရှိကြကုန်၊ မဆုတ်ယုတ်နိုင်ကုန် ဆိုတဲ့ အနက်ရဲ့ အနှစ်ချုပ်ပါ။ အသက်အရွယ်ကြီးရင့်လို့ မသုံးတော့ဘူး။ အသက်အရွယ်လည်း ကြီးရင့်၊ ကိုယ်နဲ့ သဘောထားချင်းလည်း မတူလို့ ဖယ်ရှားလိုက်တယ်၊ ချောင်ထိုးလိုက်တယ်၊ ဥပက္ခာပြုလိုက်တယ် ဆိုတာမျိုး မပြုမူ မဆောင်ရွက်ကြပါနဲ့တဲ့။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတဲ့ ဘက်ပေါင်းစုံမှာ သက်ကြီးဝါကြီးပုဂ္ဂိုလ်ကြီးများထံမှ အကြံဉာဏ်တွေ ရယူကောင်းပါတယ်။ သူတို့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေ ရှိကြတယ် မဟုတ်ပါလား။ ဒီနေရာမှာ ကြုံလို့ ပြောပါရစေ။ ယဉ်ကျေးမှုအနုပညာအစဉ်အလာ ကြီးမားခဲ့တဲ့ မန္တလေးက အသက် ၆၀၊ ၇၀၊ ၈၀ကျော် ပညာရှင်ကြီးတွေက သူတို့ပညာရပ်တွေရဲ့ အနှစ်တွေကို စုစည်းပြီး အနုပညာမှတ်တမ်း  ဗီစီဒီတစ်ချပ်ကို ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ပါတယ်။ ထုံးစံအတိုင်း စိစစ်ရေး ဆင်ဆာထံ တင်တော့  အသက် ၃၀ နဲ့ ၄၀ ၀န်းကျင် ပညာရှင်ဆိုသူ တာဝန်ရှိသူများက သူတို့ မသိဖူး၊ မကြားဖူး၊ မမြင်ဖူးတာတွေမို့ ခွင့်မပြုနိုင်ပါဘူး ဆိုတာမျိုး တစ်နေ့မနေ့ကပဲ ကြုံလိုက်ရပါသေးတယ်။ ဒီလို အဖြစ်အပျက်မျိုးက အသေးအဖွဲပါ။ အမျိုးသားရေးဆိုင်ရာ ပြဿနာကြီးတွေမှာအထိ သက်ကြီးဝါကြီးဝါရင့်တွေကို ပယ်ရှားခဲ့လို့ ခွက်ခွက်လန်ခဲ့တာတွေလည်း လူတိုင်းအသိပဲ မဟုတ်ပါလား။ နောက်နောင် ဒါမျိုးတွေ မဖြစ်ကြဖို့ ရှောင်ရှားကြရပါမယ်။

မြန်မာရှင်ဘုရင်တွေမှာ မှူးတော် မတ်တော် ၆၀ကျော်၊ ၇၀လောက်မှာ သက်ကြီးဝါကြီး၊ မှူးကြီး၊ မတ်ကြီးတွေက အများစုပါတဲ့။ သက်တော်ရှည် ဆိုပြီး မင်းတိုင်ပင်တွေအဖြစ်လည်း ခန့်ထားခဲ့ကြပါသတဲ့။ ဒါဟာ အပရိဟာနိယတရားနဲ့အညီ ကျင့်ကြံတာပါ။

အပရိဟာနိယတရား ပဉ္စမမှာ အကြင်မိန်းမတို့သည်လည်းကောင်း၊ အကြင်အမျိုးသမီးပျို တို့သည်လည်းကောင်း ရှိကုန်၏။ ထိုမိန်းမတို့ ကို ဆွဲငှင်၍၊ နှိပ်စက်၍၊ အကြင်မျှလောက်သော ကာလပတ်လုံး အစိုးရတို့အိမ်၌ မနေစေကုန်အံ့။ အကြင်မျှလောက်သော ကာလပတ်လုံး ကြီးပွားခြင်းကိုသာလျှင် အလိုရှိရကုန်၏။ မဆုတ်ယုတ်နိုင် လို့ ပါရှိပါတယ်။ ‘ကြီးပွားကြောင်းတရား(၇)ပါး’မှာ ဆရာတော်ကြီးက (၅)များစွာပေထ၊ မိန်းမကြီးငယ်၊ ရွယ်လတ်တို့ကို၊ အလိုမတူ၊ ရှိမူပယ်ခွာ၊ ရှောင်ကြဉ်ရာ၏ လို့ အနှစ်ချုပ်ထားပါတယ်။  ခေါင်းဆောင်ဆိုတာ၊ အကြီးအကဲဆိုတာ၊ အားကြီးတဲ့ယောက်ျားသားဆိုတာ အမျိုးသမီးများကို အနိုင်အထက်ယူခြင်း၊ သိမ်းပိုက်ခြင်းမပြုရဘူး။ ရှင်ဘုရင်မှအစ နောက်လိုက်ငယ်သား တပ်မှူးတပ်သားအထိ တစ်ညီတစ်ညွတ်တည်း လိုက်နာကြရမယ်။ သဘောမတူဘဲ အဓမ္မနည်းနဲ့  ပျိုပျိုအိုအို မည်သူ့ကိုမှ မသိမ်းပိုက်ရဘူး။ အခါမလတ် ‘မ’ဖက်ကိစ္စကိုချည်း မဖြစ်မနေ၊ မရမနေ ကြံဆောင်ခြင်း မပြုရဘူးလို့ ဆိုလိုတာပါ။

ဒီခေတ်မှာတော့ မိန်းမပျိုလေးတွေကို လက်နက်အားကိုးနဲ့ အဓမ္မဖျက်ဆီးတာ၊ သိမ်းပိုက်တာမျိုးဟာ ဒီတရားကို ဖောက်ဖျက်တာပါပဲ။ ဈေးကွက်စီးပွားရေးစံနစ် စတင်ကျင့်သုံးတဲ့ လွန်ခဲ့တဲ့ နှစ်၂၀ကျော် ၀န်းကျင်ကပဲ ကုမ္ပဏီပိုင်ရှင်၊ စတိုးဆိုင်ပိုင်ရှင်၊ မန်နေဂျာ စတဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက လက်အောက်ငယ်သား လခစား မိန်းမပျိုလေးတွေအပေါ် နိုင်ထက်စီးနင်း ပြုမူတာမျိုးတွေ ဖန်တရာတေ ကြားဖူးရတယ်။ အခုနောက်ပိုင်း နားမဆန့်အောင်ကြားရတာမျိုးက အလုံးအရင်းနဲ့ ၀င်ရောက်ကာ ဓနအား၊ လူအားနဲ့ လုပ်ဆောင်လာတဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေက မိန်းမပျိုလေးတွေအပေါ် အဖျော်ဖြေခံအဖြစ် သိမ်းသွင်းစော်ကားလာကြပြီး အမျိုးဖျက်လာတာမျိုးတွေပါ။ ဖက်ဆစ်ခေတ်က ဆောင်ကြာမြိုင်ခန်း၊ ဆောင်ကြာမြိုင်မယ်တွေ တစ်ကြော့ပြန်မလာနိုင်အောင် အမျိုး၊ဘာသာ၊သာသနာ ကို ထိပါးလာတဲ့ ကိစ္စတစ်ခုအသွင် တားဆီးကြရပါမယ်။ ဧရာဝတီမြစ်ညာပိုင်းဒေသတစ်ခုမှာ အလုံးအရင်းနဲ့ ၀င်ရောက် နေရာယူ လုပ်ကိုင်လာတဲ့  နိုင်ငံခြားကုမ္ပဏီတစ်ခုက ပညာရှင်မှသည် အလုပ်ကြမ်းဝန်ထမ်း နိုင်ငံခြားသား ထောင်ချီဦးရေတွေကြောင့် မြန်မာကျေးလက်မိန်းမပျိုလေးတွေ တိမ်းပါးရိမ်းပါး ဖြစ်ကုန်ကြတာ နားနဲ့ဆတ်ဆတ် ကြားခဲ့ရပါတယ်။

လူမျိုးတို့၏ မြို့တွင်း၌မူလည်း ဖြစ်ကုန်သော မြို့ပြင်၌လည်းဖြစ်ကုန်သော အကြင်မြို့တော် ရွာစောင့်နတ်တို့သည် ရှိကုန်၏။ အကြင်မြို့စောင့်၊ ရွာစောင့်နတ်တို့ကို အကြင်မျှလောက်သော ကာလပတ်လုံး အရိုအသေပြုကြအံ့၊ အမြတ်တနိုးပြုကြအံ့ လို့ အပရိဟာနိယတရားမှာ ဆဋ္ဌမအချက်အနေနဲ့ အနက်ပေးထားပါတယ်။ ညောင်တုန်း ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ကြီးက (၆) မြန်မာရှေးက၊ ပူဇော်ကြအပ်၊ အရပ်တွင်းပ၊ ထိုဌာနကို၊ ပြုကြရိုသေ၊ ပြူလေစမြဲ၊ ရှေးနည်းတိုင်းလား၊ တရားနှင့်သာ၊ လျော်စွာပသ၊ ပူဇော်ကြ၏ လို့ ဖွင့်ဆိုထားပါတယ်။ ဒီအလွယ်ဆုံး အရှင်းဆုံးအနေနဲ့ မြို့ရွာတိုင်းပြည်မှာရှိတဲ့ မိရိုးဖလာနတ်တွေ၊ နတ်ကွန်းတွေကို ပူဇော်ပသရမယ် ဆိုတာမျိုးပါ။ မင်းတုန်းမင်းကြီးဆိုရင် ရတနာပုံ မန္တလေးရွှေမြို့တော် တည်စဉ်ကပဲ မန္တလေးတောင် ဘိုးဘိုးကြီးနတ်ကအစ ရွှေဖျဉ်းညီနောင်နတ်အလယ်၊ မြို့စောင့်ရွာစောင့် သက်ဆိုင်ရာ နတ်တွေကို ပူဇော်ပသတယ်။ ဒါမျှမက နန်းတော်ထဲမှာလည်း လွန်လေပြီးတဲ့ ဘေးလောင်းတော်၊ ဘိုးလောင်းတော်တွေရဲ့ ရွှေသားရုပ်ထုတွေကို ပူဇော်ပသတယ်တဲ့။

ဒီနေရာမှာ မြန်မာပညာရှိကြီး ရွှေပြည်ဦးဘတင်က ထပ်မံဖွင့်ဆိုရာမှာ အပရိဟာနိယာတရား ဆဋ္ဌမအချက်မှာပါတဲ့ ‘စေတိယာနိ’ကို ဖွင့်ဆိုရာမှာ စေတီထိုက်တယ်ဆိုတဲ့ အထွဋ်အမြတ်တွေမှာ နိုင်ငံနဲ့လူမျိုးနဲ့ ချီပြီး သက်ဆိုင်တဲ့ လွတ်လပ်ရေးကျောက်တိုင်သည်ပင်လျှင် စေတီထိုက်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကနေ ဆင့်ပွား စဉ်းစားလိုက်တဲ့အခါ နိုင်ငံနဲ့လူမျိုးနဲ့ သက်ဆိုင်တဲ့ ဗိမာန်တွေ၊ အထိမ်းအမှတ်အဆောက်အအုံတွေ ကလည်း စေတီထိုက်နိုင်တာပါပဲ။ ဒါကြောင့်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာ မထင်မှတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ ကျဆုံးတော့ ၀မ်းနည်းပက်လက် မချိတင်ကဲနဲ့ သြော်… အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က၊ အောင်စာတမ်းချို့စေဖို့၊ အောင်ပန်းညှို့ရရှာတဲ့၊ တောင်တမန်းတို့ဗမာမှာ၊ အဟောင်းသံသရာအငုတ်တွေနှင့်၊ အောင်ဆန်းတို့ မသာမယာဟာ၊ ၄င်းကံကြမ္မာအလုပ်ပေထင့် … လို့အစချီတဲ့ ‘အာဇာနည်ဗိမာန်’လေးချိုးကြီးမှာ …

သြော် … အမှောင်စရိုက်ကယ်နှင့်

    ပြောင်ပြောင်ပဲ မိုက်မပေါ့လို့

    ဗြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့

    ဇာတာမှိန်လို့မို့ …

    ဂဏာမငြိမ် တာဝတိံယွန်းကြပေါ့၊

    ဖြေမကြည် နေရီတော့ လွမ်းစေဖို့

    မြန်မာပြည်ပေါ်ကို ဓမ္မစည်တော် ရွမ်းချိန်မို့

    အစွမ်းကုန်သည် တစ်ခါဖြင့်

    ပြည်ရွာညီညာဖို့ အလုပ်ပေပေါ့

    သုဿန်တံခွန် စောင်းရရှာတဲ့

    ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်

    အလွန်ကောင်းစွာ ကမ္ဘာတည်မည့်

    အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်

    ပါရမီအဓိဋ္ဌာန်တစ်မျိုးရယ်နှင့်

    ရှိခိုးကာဆရာကန်တော့ချင်ရဲ့… လို့ ရေးစပ်ခဲ့ပါတယ်။

ဒါကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကလည်း နိုင်ငံလုံးဆိုင်ရာ၊ အမျိုးသားလုံးဆိုင်ရာ အထွဋ်အမြတ်ထားရမယ့် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများရဲ့ အာဇာနည်ဗိမာန်ကိုလည်း စေတီထိုက်ပြီး တော်လွန်းတဲ့တပည့်အတွက် ဆရာကိုယ်နှိုက်က ရှိခိုးကန်တော့ လိုက်ချင်ပါတယ် လို့မှပင် ဂုဏ်ပြုစပ်ဆိုထားတာဟာ ဆရာကြီးရဲ့ စိတ်ဓာတ်မြင့်မားမှုပြယုဂ်ပါပဲ။

ဒါကြောင့် ကျွန်တော်တို့ မန္တလေးမြို့ တမ္ပ၀တီသူကြွယ်ကုန်းမှာရှိတဲ့ ‘အာဇာနည် ၁၇ဦး ဗိမာန်’ ဆိုတာကိုလည်း ပစ်ပယ် မထားသင့်ပေဘူးပေါ့။ လွတ်လပ်ရေးတိုက်ပွဲကာလအတွင်း ၁၉၃၉ခု ဖေဖော်ဝါရီ ၁၀ရက်နေ့က မန္တလေးမြို့မှာ ရဟန်းရှင်လူ ကျောင်းသားတွေဟာ အသက်ကိုဗဓာနမထားဘဲ စွန့်လွှတ်တိုက်ပွဲဝင် ကျဆုံးခဲ့ကြရာမှာက အာဇာနည်အဖြစ် အသိအမှတ်ရပြုပြီး ဗိမာန်တည်ထား ဂုဏ်ပြုခဲ့တာပါ။ အခုတော့ မန္တလေး ‘အာဇာနည် ၁၇ဦး ဗိမာန်’ဟာ သော့အထပ်ထပ်ခတ်၊ ခြုံနွယ်ပိတ်ပေါင်း ဖုံးလွှမ်းပိတ်ဆို့ပြီး တိမ်မြုပ်ပျောက်ကွယ်မတတ် ဖြစ်နေခြင်းကလည်း အပရိဟာနိယတရားနဲ့ မညီညွတ်ဘူးပေါ့။ အလားတူ သခင်ဗဟိန်းဆိုတဲ့ ပုဂ္ဂိုလ်ကလည်း လွတ်လပ်ရေးတိုက်ပွဲ ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ လက်တွဲပြီး ကျန်းမာရေးကိုပင် ဂရုမပြုနိုင်ဘဲ အရိုးကျေကျေ အရေခန်းခန်း စိတ်ဓာတ်နဲ့ နိုင်ငံအကျိုးဆောင်ရွက်ခဲ့တာပါပဲ။ လွတ်လပ်ရေးမရမီ ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် အသည်းအသန် အလုပ်ရှုပ် အလုပ်များနေကြတဲ့ကာလ ၁၉၄၆ခု နိုဝင်ဘာ ၂၀ရက်နေ့မှာ ငှက်ဖျားရောဂါနှင့် မန္တလေး စိန်ပီတာဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ရှာတာပါ။ သခင်ဗဟိန်းရဲ့ ဂူဟာ ရွာဟိုင်းသုဿန်မှာ ရှိပါတယ်။ ယခုထိတော့ ရွာဟိုင်းသုဿန်တစ်ဖြစ်လဲ မဟာအောင်မြေ ကျောက်မျက်ဈေးရှေ့ ဆိုင်ခန်းတွေကြား လူမသိမထင်ရှားအရာမျှလောက်သာ ရှိပါတော့တယ်။ သခင်ဗဟိန်းဂူဟာလည်း ‘ဗိမာန်’အသွင် အလေးအမြတ်ပြုရမယ့် နေရာတစ်ခုပါပဲ။

အပရိဟာနိယတရားရဲ့ နောက်ဆုံး သတ္တမအချက်မှာ (၇) ကိုးကွယ်သောရဟန္တာတို့သည်လည်း အဘယ်အခါ လာပါကုန်အံ့နည်း၊ လာရောက်ကုန်ပြီးသော ရဟန္တာတို့သည်လည်း နိုင်ငံတော်၌ ချမ်းသာစွာ သီတင်းသုံးကုန်ကြပါအံ့နည်း လို့ အနက်ပေးပါတယ်။ ညောင်တုန်း ရွှေဟင်္သာ တောရစံကျောင်း ဆရာတော်ကြီးကတော့ ထိုမှတဖန်၊ နိုင်ငံမြို့ရွာ၊ ဤဌာနသို့၊ မလာသေးငြား၊ ရဟန်းများတို့၊ လားငြားဖို့ရန်၊ တဖန်လာပြီး၊ ဘုန်းကြီးသံဃာ၊ ချမ်းသာနေရန်၊ ကြံဖန်၍သာ၊ သံဃာတို့အား၊ ဘေးရန်များမှ၊ တားဆီးသမှု၊ ပြုလုပ်ကြရာ လို့ အနှစ်ချုပ်ပါတယ်။ ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်နိုင်ငံမှာ သူတော်ကောင်းတွေ လာအောင် ကြိုးစားကြပါ။ ဒီမှာ ရှိပြီးသား သူတော်ကောင်းတွေလည်းပဲ ဒီမှာပျော်အောင်၊ မနေသာလို့ အဝေးကိုထွက်ခွာမသွားအောင်၊ စိတ်မပျက်အောင် ပြုစုစောင့်ရှောက်ကြရမယ်။ သူတော်ကောင်းကို မင်းအစိုးရတို့က မွေးထားရမယ်။ တိုင်းခြားအဝေးမှာရှိရင်မှပင် ကိုယ့်ဆီပင့်ခေါ်ရမယ်၊ ပြုစုစောင့်ရှောက်ရမယ်လို့ဆိုလိုတာပါ။

ပုဂံခေတ်က နရသူဘုရင်ဟာ အလွန်ဆိုးသွမ်း ကောက်ကျစ်တဲ့ ဘုရင်ပါ။ သူ အာဏာရရေးအတွက် ပံ့သကူမထေရ်ကိုပင် လိမ်ညာချဉ်းကပ် ခုတုံးလုပ်ပြီး အသုံးချရဲခဲ့တဲ့၊ အသုံးချရက်ခဲ့တဲ့ အတွက် ဆရာတော်က ဒီအကြောင်းကို သိသည်နှင့် တစ်ပြိုင်နက် ခပ်မဆိပ်မနေ၊ ချက်ချင်းပင် နရသူထံ ကြွသွားပြီး ဟယ် … မင်းဆိုးမင်းညစ်၊ နင်ကား သံသရာဝယ်ခံရအံ့သော မကောင်းမှုကို မကြောက်၊ ဤစည်းစိမ်ကိုရလျှင် နင်၏ကိုယ်ခန္ဓာလည်း မအိုမသေပြီဟူ၍ မှတ်သလော။ လောကတွင် နင့်ထက်ပျက်သော မင်းသည်ကား မရှိ။ လူ့ပြည်တွင် နင့်ထက်ဆိုးရွားညစ်ညမ်းသူ မရှိ။ လို့ နှုတ်ရေးနဲ့ တော်လှန်ခဲ့သတဲ့။ ပံ့သကူမထေရ်ဟာ ဒါမျှမက မင်းဆိုးမင်းညစ် အုပ်စိုးရာ ပုဂံပြည်မှာ မနေ၊  သီဟိုဠ်ကျွန်းကို ကြွသွားပါတော့တယ်။ အပရိဟာနိယတရားနဲ့ မညီညွတ်တဲ့ မင်းရဲ့ အုပ်စိုးမှုအောက်မှာ ဘယ် သူတော်ကောင်းပညာရှိမှ နေထိုင်လို့ မရတဲ့ သာဓကပါပဲ။

‘အပရိဟာနိယတရား(၇)ပါး’ဟာ တကယ်တော့ အုပ်စိုးတဲ့ ဘုရင်၊ ရာဇာ၊ ဧကရာဇ်၊ မင်း တို့ ကျင့်ကြံအပ်သည့်တရားမျှသာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့တစ်ဖွဲ့ ကျင့်ကြံရမယ့်တရား၊ ပါတီအဖွဲ့အစည်းတစ်ခု ကျင့်ကြံရမယ့်တရား၊ လုပ်ငန်းအဖွဲ့အစည်းတစ်ခု ကျင့်ကြံရမယ့်တရား၊ အစုအစည်းသမဂ္ဂတစ်ခု ကျင့်ကြံရမယ့်တရား ဖြစ်ပါတယ်။

ညောင်တုန်း ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ကြီး အဓိပ္ပာယ်ဖွင့်သလို တိုင်းပြည်၊ နိုင်ငံ၊ လူမျိုး၊ အဖွဲ့အစည်း၊ သမဂ္ဂ တစ်ခုရဲ့ ကြီးပွားကြောင်းတရားဆိုတာ အမှန်တရားပါပဲ…။ ညီညွတ်ရင် ငြိမ်းချမ်းမယ်။ ငြိမ်းချမ်းမှ မျှတမယ်။ ညီညွတ်ငြိမ်းချမ်းမျှတမှ နိုင်ငံနှင့်လူမျိုးကြီးပွားမှ ပေါ့။

ဒါကြောင့် ဒီတရားဟာ အခုထိ ခေတ်မီ နေဆဲပါ။

This entry was posted in Uncategorized. Bookmark the permalink.

2 Responses to တစ်ဖွဲ့၊ တစ်စု၊ တစ်သင်းမှသည် … ကြီးစွာသော ညီညွတ်ငြိမ်းချမ်းမျှတရေးဆီသို့

  1. ko naing says:

    pls let me share in facebook. thanks!

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>