မန္တလေးရင်ပြင် (၀ါ) မန်းရင်ပြင်

မန္တလေးရင်ပြင် (၀ါ) မန်းရင်ပြင်

နိုင်ငံအတော်များများ၏ မြို့ကြီးများတွင် နိုင်ငံနှင့်ပတ်သက်သော၊ လူမျိုးနှင့်ပတ်သက်သော၊ မြို့နှင့်ပတ်သက်သော လူထုဆိုင်ရာအခမ်းအနားကြီးများ ကျင်းပရန်အတွက် စကွဲယား (သို့မဟုတ်) လူထုရင်ပြင်ကြီးများ တည်ဆောက်ထားလေ့ ရှိသည်။ အထူးသဖြင့် တစ်ချိန်က လက်ဝဲနိုင်ငံကြီးများတွင် လူထုကိုယ်စားပြု အခမ်းအနားကြီးများအတွက် မြို့ကြီးတိုင်းလိုလိုတွင် စကွဲယား (သို့မဟုတ်) လူထုရင်ပြင်ကြီးများ ထားရှိသည်ကို ပိုမိုသတိပြုမိသည်။ တကယ်တော့ လက်ဝဲနိုင်ငံများ၌သာ မဟုတ်၊ ခေတ်မီမြို့ပြစီမံကိန်းကြီးများတွင် အဆိုပါရင်ပြင်ကြီးများ ထည့်သွင်းတည်ဆောက်မှုသည် နိုင်ငံတိုင်းလိုလိုတွင် ပါဝင်ကြမြဲ ဖြစ်ပါ၏။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် Time Square ရင်ပြင် ရှိသည်။ အင်္ဂလန်၊ လန်ဒန်မှာက Parliament Square တဲ့၊ Trafalgar Square တဲ့။ ရောမမှာတော့ St. Peter’s Square က သမိုင်းဝင်ဖြစ်သည်။ တရုတ်ပြည် ဘီဂျင်း မြို့တော်မှာ Tiananmen Square ရှိသည်။ ရှန်ဟိုင်းမှာက People’s Square တဲ့။ ရုရှားက မော်စကိုမှာ Red Square ကလည်း နာမည်ကျော်သည်။ ဟန်ဂေရီ ဘူတာပတ်(စ်)မြို့မှာ Roosevelt Square ရှိသည်။ နောက်ထပ် Heroes Square လည်း ဟန်ဂေရီမှာ ရှိသည်။ အီဂျစ်ပြည် ကိုင်ရိုမြို့က Tahrir Square ကတော့ လွန်ခဲ့သော လအနည်းငယ်မှသည် ယခုထက်တိုင် ကမ္ဘာ့သတင်း၊ စာမျက်နှာများ၌ ထင်ရှားနေရာယူဆဲ ဖြစ်ပါ၏။

ကျွန်တော် ငယ်ငယ်၊ ရန်ကုန်မြို့ကို စတင်ရောက်ဖူးသောအခါ ပြည်လမ်းမှတဆင့် အင်းစိန်ဘက်သို့ ဘတ်စ်ကား စီးသွားစဉ် တစ်နေရာအရောက် လမ်းဘေးရှိအဆောက်အအုံတစ်ခုကို အဖေကလက်ညှိုးထိုးပြပြီး အဲဒါ ဗိုလ်ရှုခံစင်မြင့် ပေါ့။ လွပ်လပ်ရေးနေ့ ဗိုလ်ရှုခံပွဲမှာ နိုင်ငံတော်သမ္မတကြီးကို စစ်တပ်တွေအပါအ၀င် လူထုကြီးက အလေးပြုကြတာပေါ့တဲ့။ ကþန်တော်ကတော့ အသေးစိပ် ရေရေရာရာမသိသော်လည်း အိမ်မှာ အဒေါ်တစ်ယောက် အမြဲသီဆိုလေ့ရှိသည့် သီချင်း တစ်ပုဒ်ကို သတိရမိသည်။

 

 ဗိုလ်ရှုသဘင်ပွဲ၊ ဆင်ယင်နွဲကာအတည်၊

ကြည်းရေလေ .. စစ်သမီးတွေနဲ့

ဗမာ့တပ်မတော် စုံစုံညီ

ဦးတက်ကာပဲ၊ အလေးပြုကြသည်

လာလာချေပြီ ..

 

နောက်တော့ ဗိုလ်ရှုခံစင်မြင့်နေရာမှာ ပြည်သူ့လွှတ်တော် (ယခု-ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်)ကြီး ပေါ်ပေါက် လာပြီး၊ ပြည်သူ့ရင်ပြင်ကြီးလည်း ပေါ်ပေါက်လာ၏။

မြို့ပြကြီးများ၌ အများပြည်သူနှင့်သက်ဆိုင်သော လူထုရင်ပြင်၊ ပြည်သူ့ရင်ပြင်များ ရှိရန် လိုအပ်သကဲ့သို့၊ တိုင်းကျိုး ပြည်ကျိုးအတွက် ပြည်သူလူထု အမှန်တကယ် အသုံးပြုခွင့်ရရှိရန်လည်း လိုအပ်သည်။ အလားတူ အများပြည်သူနှင့် သက်ဆိုင်သော လူထုခန်းမကြီးများ၊ ကွန်ဗင်းရှင်းစင်တာကြီးများ၊ ဇာတ်ရုံကြီးများ ရှိရန် လိုအပ်သည်။ အဆိုပါ ခန်းမကြီးများ၊ စင်တာကြီးများ၊ ဇာတ်ရုံကြီးများသည်လည်း ရုပ်ပြဖြစ်ရုံသက်သက်ရှိကာ ၁၂ရာသီပတ်လုံးသော့ခတ်ထားသည့် ဟန်ပြများ မဖြစ်စေရဘဲ၊ အများပြည်သူအတွက်၊ အမျိုးသားရေးအတွက် အမြဲတမ်း အသက်ဝင်နေဖို့လည်း လိုအပ်သည်။

မန္တလေးမြို့သည် အထက်မြန်မာပြည်အတွက် အကြီးဆုံးမြို့ပြဖြစ်ခဲ့ကာ ဘာသာ၊သာသနာနှင့် အမျိုးသား ယဉ်ကျေးမှု အတွက်လည်း အချက်အချာနေရာ ဖြစ်ခဲ့သည်။ အမျိုးသားလွတ်လပ်ရေး၊ အမျိုးသားလွတ်မြောက်ရေး သမိုင်းစဉ်များ၌လည်း မှတ်တိုင်အသီးသီး စိုက်ထူခဲ့သောမြို့ကြီး ဖြစ်သည်။ ရှေးက မန္တလေး၏ လူထုသဘောဆောင်သော အခမ်းအနားကြီးများ အတွက် မန္တလေးအနောက်ပြင် သီရိဟေမာအရှေ့ရပ်ကွက်ရှိ မဟာလောကရံသီ အိမ်တော်ရာစေတီဝင်းကြီး အတွင်းရှိ ၁၄ခန်း ဇရပ်ကြီး နှင့် အိမ်တော်ရာဘုရားရင်ပြင်က အရေးပါခဲ့သည်။ လွတ်လပ်ရေး၊ အမျိုးသားရေး လှုပ်ရှားမှုများအတွက် “ အောင်မြေ”  ဟုပင် သတ်မှတ်ခဲ့ကြသည့် နေရာလည်းဖြစ်၏။ ၁၄ခန်း ဇရပ်ကြီးက အိမ်တော်ရာဘုရား ပရိဝုဏ်အတွင်း ရာဟု ထောင့် (အနောက်မြောက်)၌ ရှိသည်။ မူလဇရပ်ကြီးက ၁၃၀၉ခုနှစ် ကိုးတာမီးဘေးတွင် မီးသင့်ပျက်စီးယိုယွင်းသွားသောအခါ ၁၃၁၀ပြည့်နှစ် ၀ါဆိုလပြည့်နေ့၌ ရွှေကုန်သည် ကျောင်းအမကြီး ဒေါ်စိုး၊ သမီး ကြည်ကြည်၊ မြေး တင်တင်ဦး တို့က ပြန်လည် ဆောက်လုပ်လှူဒါန်းခဲ့ကြသည်ဟု ဇရပ်ကြီး ကမ္ပည်းစာအရ သိရှိရသည်။ ယခု မြေး တင်တင်ဦးကပင်လျှင် အသက်၇၀ကျော် ဇရပ်အမကြီး၊ ကျောင်းအမကြီး ဒေါ်တင်တင်ဦး အရွယ်ရောက်နေပါပြီ။ ၁၉၉၅ခုနှစ်ကပင် ဇရပ်အမကြီး ဒေါ်တင်တင်ဦး နှင့် ခင်ပွန်း ဦးခင်မောင်မြင့် တို့ကပင် အဆိုပါ မူလ သစ်သားဇရပ်ကြီးကို ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပါ၏။ အိမ်တော်ရာ ၁၄ခန်း ဇရပ်ကြီးတွင် အထင်ရှားဆုံး လူထုစည်းဝေးပွဲကြီးကို ၁၃၀၀ပြည့်နှစ် တပို့တွဲလပြည့်ကျော် (၆)ရက် (၉-၂-၃၉) နှင့် (၇)ရက် (၁၀-၂-၃၉)နေ့ တို့က ကျင်းပခဲ့သည်။ လူထုပရိသတ် နှစ်သောင်းကျော် တက်ရောက်ခဲ့သည့် စည်းဝေးပွဲကြီး ဖြစ်သည်။ တပို့တွဲလပြည့်ကျော် (၇)ရက် (၁၀-၂-၃၉)နေ့ မှာက အိမ်တော်ရာ ၁၄ခန်းဇရပ်တွင် လူထုစုဝေးပြီး နယ်ချဲ့အစိုးရ၏ မတရားသည့် အမိန့်အာဏာ ဥပဒေများကို ငြိမ်းချမ်းစွာ စီတန်းလမ်းလေûာက် ဆန္ဒပြခဲ့ကြသဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် ရဟန်းသံဃာ၊ ကျောင်းသားပြည်သူ ၁၇ဦး ကျဆုံးခဲ့ရသည်။ ကျဆုံးသူများကိုလည်း အိမ်တော်ရာ ၁၄ခန်းဇရပ်၌ပင် ဈာပန အခမ်းအနား ပြင်ဆင်၍ နိုင်ငံတ၀ှမ်းမှ အသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ မန္တလေးမြို့လူထုများက သိန်းချီ၍ ဂါဝရပြုကြပြီး ၁၃၀၀ပြည့် တပို့တွဲလကွယ်နေ့ (၁၇-၂-၃၉)နေ့တွင် တောင်ပြင် တမ္ပ၀တီ သူကြွယ်ကုန်းရပ် အာဇာနည်ဗိမာန်၌ တင့်တယ် ခမ်းနားစွာ သဂြုင်္ိဟ်ခဲ့ကြ၏။ အိမ်တော်ရာ ၁၄ခန်းဇရပ်တွင် ဘာသာရေးဆိုင်ရာ စည်းဝေးပွဲကြီးများ ကျင်းပခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ လူထုစည်းဝေးပွဲကြီးများ ကျင်းပခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကြီးများ ကျင်းပခဲ့သည်။ ဇူလိုင် ၁၉ရက် အာဇာနည်နေ့အခမ်းအနားကြီးများကိုလည်း လူထုပရိသတ် သိန်းချီတက်ရောက်ကာ နှစ်စဉ်မပျက် (၁၉၈၀ ၀န်းကျင်အထိ) ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ လူထုတရားပွဲများ ကျင်းပခဲ့သည်။ တရုတ်ဖြူဆန့်ကျင်ရေး နယ်ချဲ့ ဆန့်ကျင်ရေး လူထုအစည်းအဝေးပွဲကြီးများ ကျင်းပခဲ့သည်။ အိမ်တော်ရာ ၁၄ခန်းဇရပ်နှင့် အိမ်တော်ရာဘုရား ရင်ပြင်ကြီးသည် လူထုခန်းမ (၀ါ) လူထုရင်ပြင်ကြီး ဖြစ်ခဲ့သည်။

ထို့ပြင် မန္တလေး၌ မန္တလေးတောင်ခြေတွင် (၅၅)ဧက ကျယ်ဝန်းသော ကွင်းကြီးတစ်ကွင်းလည်း ရှိပါ၏။ တစ်ဖက်တွင် ကျုံးမြို့ရိုး ပြာသာဒ်များကို မျက်နှာပြုပြီး၊ တစ်ဖက်တွင် သာသနိက အဆောက်အအုံများ စောင်းတန်းအသွယ်သွယ်နှင့် မန္တလေးတောင်တော် တို့ကို နောက်ခံပြုထားသဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၏ ခံ့ထည်မှုကို ပြညွှန်းသည့် အကွက်အကွင်း ကောင်းသော နေရာကြီးဖြစ်သည်။ ကောဇာသက္ကရာဇ် ၁၃၂၁ခုနှစ်တွင် ပြည့်မြောက်ခဲ့သော မန္တလေးအနှစ် ၁၀၀ပြည့် ပွဲတော်ကြီးကို အဆိုပါကွင်းကြီး၌ ၀ှဲချီးကျင်းပခဲ့သဖြင့် “မန်းရာပြည့်ကွင်း” ဟု အမည်တွင်ခဲ့သည်။ နောက်ပိုင်း၌ ပြည်ထောင်စုနေ့ကဲ့သို့သော လူထုစည်းဝေးပွဲကြီးများနှင့် ပွဲတော်များ၊ မန္တလေး၏ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ အန္တိမဈာပနပွဲများ၊ နောက်ပိုင်း လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများ၊ ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေး လူထုစည်းဝေးပွဲကြီး များ ကျင်းပခဲ့သည့် နေရာကြီးလည်း ဖြစ်သည်။ မန္တလေး၏ သင့်တင့်လျောက်ပတ်သော လူထုရင်ပြင်ကြီးလည်း ဖြစ်ခဲ့သည်။ အဆိုပါ မန်းရာပြည့်ကွင်းကြီးမှာ ၁၉၉၀ ၀န်းကျင်တွင် ရတနာပုံ တိရစ္ဆာန်ဥယျာဉ် အဖြစ် အသွင်ပြောင်းသွားခဲ့ပါ၏။ ၁၉၉၀ နောက်ပိုင်း မန္တလေးတောင်ပြင်ရှိ ဆင်ဖြူကန်ကွင်း (ယခင်က သုဿန်) တွင်လည်း မြို့ပြဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပခဲ့ကြပါသေးသည်။ ယခုလည်း ဆင်ဖြူကန်ကွင်းကလည်း အသွင်ပြောင်းသွားပြန်ပါ၏။

တကယ်တော့ မန္တလေးကဲ့သို့ မြန်မာပြည်၊ မြန်မာအမျိုးသားတို့အတွက် အရေးပါသော မြို့ကြီးတစ်မြို့တွင် အများပြည်သူလူထုအတွက် အမျိုးသားရင်ပြင် (၀ါ) လူထုရင်ပြင် တစ်ခု လိုအပ်ပါသည်။ အလားတူ အမျိုးသားဆိုင်ရာ ပွဲလမ်းများအတွက် လူထုခမ်းမကြီးတစ်ခုလည်း လိုအပ်နေပါ၏။ ဒီမိုကရေစီနိုင်ငံတော်သည် ပြည်သူလူထုကို ကိုယ်စားပြု ရမည်။ ပြည်သူလူထု စုစည်းမှု အသံနှင့် ပြယုဂ်ပုံရိပ်များကို အကဲဖြတ်ဆောင်ရွက်ပေးရမည် မဟုတ်ပါလော။

This entry was posted in Uncategorized. Bookmark the permalink.

Comments are closed.