မန္တလေးဖြောင့်ချက် (၈)
ဆူးငှက်လားဟေ့ ….! ၀င်ခဲ့လေကွယ်
ဆူးငှက်
ကျွန်တော်ပုံရိပ်ဖော်ဖြစ်နေသော မှုန်ဝါးဝါးအချို့ကို လေးလေးနက်နက်ဖတ်ဖြစ်သော မိတ်ဆွေစာကြည့်တိုက်မှူးကတော့ လူကြုံဖြင့် စာလေးတစ်စောင် လှမ်းပို့သည်။ ကဲ .. ကြည့် …၊ သူနှင့်ကျွန်တော်က မန္တလေးအခေါ်အလွန်ဆုံးဝေးလှ (၇)ပြ၊ (၈)ပြပေါ့၊ ဒါတောင် လူချင်း မဆုံနိုင်….။ စာတစ်တန်ပေတစ်တန်….။
မိတ်ဆွေက သူ့စာမှာ အခုလိုရေးထားသည်။
''…..ဖြောင့်ချက် ၁၊ ၂၊ ၃ အထိ ဖတ်ဖြစ်ပါသည်။
……နည်းနည်းပြောကြည့်ပါမည်။
ပြည်တွင်းစီးပွားဆိုသော ခေါင်းစီး/အခန်း – အမည်နှင့်ပတ်သက်ပြီး သိပ်အားမရ၊ ဆိုလိုတာက ဆောင်းပါးပါ အကြောင်းအရာနဲ့ သိပ်မဟပ်ဘူးလို့ထင်လို့ပါ။ '' စသည်ဖြင့် ဖြစ်သည်။ ထို့နောက် 'မန္တလေးအစွဲတိမ်းညွတ်လွန်းတယ်ဆိုတာကို ရေးစရာရှိရေးသူမရှိ၍
ရေးခြင်း ဖြစ်ကြောင်း အစွဲမရှိပါကြောင်း ဖြောင့်ချက်ပေးချင်တာလား' ဟုလည်း မေးမြန်းထား၏။ မှတ်ကရော … ဟုပဲ ရေရွတ်ရတော့မည်။
ကျွန်တော်က အမှတ်သည်းခြေမရှိ။ အဖြူပေါ်အမည်းတင်သည့် ကိစ္စတွေမှာ အလွန်ပေါ့လျော့လှသည်။ အထူးသဖြင့် ခေါင်းစီး၊ ခေါင်းစဉ်ကိစ္စ။ အခုလည်းကြည့် … ကျွန်တော်က မိတ်ဆွေများနှင့်စကားတွေများများပြောမိရာက ရင်ထဲခုန်ပေါက်နေသော အကြောင်းအရာ တွေကို ချရေးသည်။ ရေးပြီးတော့ … ဖောင်ပိတ်အမီရန်ကုန်မဂ္ဂဇင်းတိုက်သို့ပို့မည်။ နဂိုကတည်းက အလွန်ဝီရိယနည်း၊ အလွန်ဆင်ခြေများ၊ အလွန်ပျင်းရိလေသောကြောင့် ဖောင်ပိတ်ရက်နှင့်မှ ကပ်ပြီးရေးဖြစ်သည်ချည်းမို့ ဒီနေ့ ပို့နက်ဖြန်ရောက်ပါမှ စိတ်ချရမည်။ စောစောကတော့ စာတိုက်ကြီးက 'အမြန်ချောပို့' အားကိုးနှင့်ပေါ့….။ အဆင်ပြေသား
…။ မွန်းလွဲ ၂ နာရီမထိုးမီ စာအိတ်လေးပိတ်ပြီး စာတိုက်ကြီးသွားပို့ …။ ငွေကျပ် တစ်ရာ၏ထက်ဝက်ကျော်ကျော်မျှနှင့်ပင် နောက်ရက်မွန်းမတည့်မီ သက်ဆိုင်ရာ မဂ္ဂဇင်းတိုက်၏ အယ်ဒီတာ လက်ထဲရောက်သွားသည်။ အဆင်ပြေလှချည့် ….။
နောက်တော့ အဆင်မပြေချင်။ 'အမြန်ချော' ကဒီနေ့ပို့နက်ဖြန်ခါမရောက်တော့ …။ အားပေးသူတွေများလာလို့ မနိုင်မနင်းဖြစ်ပုံရ သည်။ တစ်ရက်ကျော်မှရောက်သည်။ ဒီနေ့ပို့ သန်ဘက်ခါရောက်…။ နောက် … ထပ်မံအားပေးကြပြန်လို့ထင်သည်။ ဒီနေ့ပို့ နောက် ၃ ရက်နေမှရောက်၊ ၄ ရက်နေမှရောက်၊ ၅ ရက်နေမှရောက်…။ ဒီတော့ 'စပယ်ရှယ်အထူးတကာ့အထူးအမြန်' ဆိုသှောနမလငခန မပေါ်သေးတော့ အရင်လိုဖောင်ပိတ်ခါနီးမှ ကပ်ပို့၍မရတော့…။ ကြိုတင်ချိန်ဆကာ ရက်ယူရသည်။ ဒါပေမယ့် ကတိုက်ကရိုက်ချည်း ဖြစ်၏။ ဒီကနေ့ညနေမပို့ မဖြစ်အချိန်မှ ဒရောသောပါးရေး၊ ဒရောသောပါးပို့ …၊ ရေးပြီးတော့လည်း ထုံးစံအတိုင်း ခေါင်းစီးက မတပ်ရသေး …။ စာအိတ်က ပိတ်ရတော့ မည်။ ဒီတော့ ဘာမှ မဆင်ခြင်မစဉ်းစားဘဲ စာရွက်ထိပ်မှာ ခေါင်းစီးကိုချရေးဖြစ်သည်ချည်းဖြစ်သည်။
ကြည့်ပါဦး၊ 'မန္တလေးဖြောင့်ချက်' တဲ့။ မိတ်ဆွေစာကြည့်တိုက်မှူးပြောလည်းပြောချင်စရာ…။ 'ဖြောင့်ချက်တွေပေးနေတာနဲ့ပတ်သက် ပြီး
စစ်ကြောရေးက ဘယ်သူကလုပ်လို့လဲ' ဟု ဆိုသည်။ ဟုတ်သည်။ မစဉ်းစားမဆင်ခြင်ဘဲ ပေးလိုက်မိသည့်နာမည်….။ ကဲ …ဘယ့်နှယ့် ရှိစ။
တကယ်တော့ ကျွန်တော်က ကာလံ၊ ဒေသံ၊ ပယောဂံအရ မပြောဖြစ်၊ မရေးဖြစ်ခဲ့သော ပြောသင့်ပြောဖွယ်၊ ရေးသင့်ရေးဖွယ်
ကြောင်းချင်းရာလေးတွေကို မိတ်ဆွေအချင်းချင်းလက်ဖက်ရည်ဝိုင်းမှာ ပေါ့ပေါ့ပါးပါးပြောသော ပုံစံမျိုးကိုဆိုလိုသည်။ ရင်ထဲမှာ ဘာအခံ၊ ဘာအတားအဆီးမှမရှိ…၊ ကြိုက်ရင်ကြိုက်၊ မကြိုက်ရင်မကြိုက်၊ ဒါကို ဆိုလိုသည်။ 'ဖြောင့်ချက်' ဆိုတော့ လမ်းလွဲသွားရော …..။
ဒါက ကျွန်တော့ကိစ္စဖြစ်သည်။
နောက်တစ်ခုက 'ပြည်တွင်းစီးပွား' ဆိုသော ကဏ္ဍကိစ္စ ….။ တကယ်တော့ ကျွန်တော်ရေးသားနေတာက 'မြန်မာ့ဓနစီးပွားရေး' မဂ္ဂဇင်းဖြစ်၏။ စီးပွားရေးရာ သတင်း၊ ကိန်းဂဏန်း၊ အယူအဆ၊ အတွေးအခေါ်ဆိုင်ရာ ထင်ဟပ်ဖော်ပြသောမဂ္ဂဇင်းဖြစ်သည်။ လွန်ခဲ့သော ၁၃ နှစ်ကျော်ကတည်းက မြန်မာ့ဓနမှာ ကျွန်တော်က 'အထက်အညာ' သတင်းတွေရေးသည်။ ဟုတ်သား ….။ မဂ္ဂဇင်းနှင့်လည်းအံဝင်သား…။ ပဲဈေး၊ နှမ်းဈေး၊ ဆီဈေး၊ ဆန်ဈေး၊ ရောင်းမှုဝယ်မှုလုပ်ခင်းကိုင်ခင်းအခြေအနေတွေ ….။
နောက် ၂ နှစ်၊ ၃ နှစ်နေတော့ မြန်မာ့ဓနစီစဉ်သူများက မန္တလေးမြို့၏ လက်ရှိစီးပွားရေးအကွက်အကွင်းများကို ကဏ္ဍတစ်ခုချင်း အလိုက်ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဆောင်းပါးအသွင်လစဉ်ရေးဖို့ စီစဉ်ပေးသည်။ ရေးရမှာက စီးပွားရေး….၊ လိုချင်တာက စီးပွားရေး…။ ကျွန်တော်က အရိပ်သုံးပါးနားလည်လှသူမဟုတ်။ 'မန္တလေးမျဉ်းဖြောင့်များ' ဆိုပြီး ဒီလမ်း၊ ဒီပြ၊ ဒီအရပ်၊ ဒီဝင်းတွေဟာဖြင့် ရှေးကဘယ်လိုဘယ့်နှယ်၊ အခုတော့ဖြင့် ဘယ်လိုဘယ့်နှယ်ဆိုတာတွေ ရေးတော့သည်။ ခုတ်ရာတခြား၊ ရှရာတခြား…၊ အင်မတန်သဘောထား ကြီးပြည့်ဝသော မဂ္ဂဇင်းစီစဉ်သူများနှင့်အယ်ဒီတာ မို့သာ….။ ကျွန်တော့ဆောင်းပါးတွေက လုံးချေပြီး အမှိုက်ခြင်းထဲ ထည့်ပစ်ဖို့ကောင်းပေးတော့…။ နဂိုမူလအစီအစဉ်အရ ကျွန်တော်ရေးမည့် အပိုင်းကဏ္ဍက 'ပြည်တွင်းစီးပွား'။ ဟုတ်သည်။ ဒီကဏ္ဍအောက်မှာ မန္တလေးမြို့၏ စီးပွားရေးရာ ကိစ္စတွေရေးရမှာ…၊ ဘယ့်နှယ့်ဟိုဝင်း၊ ဒီဝင်း၊ ဟိုမင်းသားကြီး၊ ဟိုမှူးမတ်ကြီးတွေရော….၊ နေသူရိန်ရုံတွေရော၊ ဓားတန်းဦးသန့်တွေ၊ မြို့မငြိမ်းတွေ ရော….၊ ဓာတ်ရထားတွေရောဖြစ်ကုန်တာ၊ ဆယ်စုနှစ်တစ်စုမကတော့ပြီ။
မဂ္ဂဇင်းစီစဉ်သူများ၊ အယ်ဒီတာများနှင့်စာဖတ်ပရိသတ်က အောင့် အည်းသည်းခံထည့်သွင်းဖော်ပြဖတ်ရှုကြခြင်းဖြစ်သည်။
အခုလည်း ကန်းတက်ပြန်၏။ မျက်နှာသာပေးရွှေရေးပန်းကန်တက်ဟု ဆိုရမည်။ မဂ္ဂဇင်းစာမူ၊ မဂ္ဂဇင်းဟန်နှင့်ဘာမျှမဆိုင်သော
စာရေးဆရာအနုပညာရှင်ကြီးများ၏ ပုဂ္ဂိုလ်ရေးရာအမှတ်တရတွေကို မပီမပြင်ဟိုတို့ဒီစမ်းရေးသားသော ကျွန်တော့ဆောင်းပါးတွေက မူလ ပထမကဏ္ဍ ဖြစ်သာ 'ပြည်တွင်းစီးပွား' နှင့်ဝေးသထက်ဝေးသွားပြန်ပေါ့။ မတတ်နိုင်တော့….။ ကလောင်အရှိန်ကို မသတ်နိုင်သေးမီ သည်းခံ ခွင့်လွှတ်ဖတ်ရှုပါဟုသာ မိတ်ဆွေစာကြည့်တိုက်မှူးနှင့်တကွချစ်စွာသော စာဖတ်ပရိသတ်ကို တောင်းပန်ရတော့မည်။ ဖြစ်သမျှအကြောင်းမှာ ကျွန်တော့ပေါ့လျော့မှု၊ ကျွန်တော့ညံ့ဖျင်းမှုများချည်းကြောင့်သာ ဖြစ်ပါ၏။
___ ___ ___
မြန်မာ့ဓနထဲက ကျွန်တော့ဆောင်းပါးတွေကို တခုတ်တရဖတ်ရှုပြီး နောက်လဘာအကြောင်းရေးမှာလဲဟု မမေ့မလျော့မေးတတ်သော ရေးဖော်ညီငယ်တစ်ဦးက သည်တစ်ခါ 'နောက်လ ဘာအကြောင်းရေးမှာလဲ' ဟု မေးနေကျမမေးဘဲ 'နောက်လမှာ ဆရာကြီးရွှေဥဒေါင်းအကြောင်း ရေးပါလား' ဟုဆိုသည်။ ဘုရား… ဘုရား ….။ ကျွန်တော်ခေါင်းနပန်းကြီးသွားသည်။ ဆရာကြီးရွှေဥဒေါင်းအကြောင်းကို ကျွန်တော်လို ငမျောက်၊ ငချောက်က ဘာသိမှာလဲ။ ဆရာကြီးရဲ့စာများဆိုတာလည်း ဘ၀တစ်သက်တာ မှတ်တမ်းလို၊ စုံထောက်မောင်စံရှားလိုနှင့်အခြား ဆရာကြီး မှီငြမ်း ဘာသာပြန်ရေးသားသော ၀တ္ထုတို/ရှည်လုံးချင်း အချို့လောက်သာ ဖတ်ဖူးသည်။ ''ဒိဋ္ဌေဒိဋ္ဌမတ္တံ 'ကိုယ်တွေ့ကျင့်စဉ်' '' ဆိုသော စာအုပ်ပင်မဖတ်ဖူး ….။ ဆရာသမားတစ်ဦး၏ လမ်းညွှန်ချက်ဖြင့် ယခုမှ ဖတ်ရှုဖို့ပြင်ဆင်နေသေးသည့်အဆင့်ပဲရှိသည်။ ဆရာကြီး ရွှေဥဒေါင်းနှင့် ပတ်သက်တာဆိုလို့ ……။
၁၉၈၉ ခု အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမရပူရတောင်သမန် တောင်လေးလုံးကျောင်းတိုက်၌ ဆရာကြီးရွှေဥဒေါင်း နှစ် (၁၀၀)
ပြည့် အခမ်းအနားကျင်းပတော့ ကျွန်တော်က ဆောင်းပါးအတိုအထွာလေးတွေ ငါးပုဒ်၊ ခြောက်ပုဒ်မျှသာ ပုံနှိပ်ဖော်ပြခံရဖူးသေး ….။ ဒီပွဲမှာ ဆရာကြီးနှင့်ပတ်သက်သော စာတမ်းတွေဖတ်ကြဖို့ပြင်ဆင်ကြတော့ ကျွန်တော်က ၀ါရင့်ဆရာကြီးတွေကြား ကန့်လန့်ဝင်ပြီး ကဗျာရှည် တစ်ပုဒ်ဖတ်ဖို့ပြင်ဆင်သည်။ အစ်ကိုလိုဖြစ်နေသော ဆရာညီပုလေး၊ ဆရာသိုက်ထွန်းသက်တို့က အားပေးသည်။ ကျွန်တော်မတတ်တတတ် ရေးလာသော ကဗျာရှည်ကြီးကို ဖတ်ပြီးအားပေးသည်။ ''ဒေါ်ဒေါ့် (အမေလူထုဒေါ်အမာ)ကိုတော့ ပြလိုက်ဦး၊ ဒေါ်ဒေါ်ဖတ်ကြည့်ပြီးရင် ပွဲမှာ ဖတ်ကြတာပေါ့'' ဟု အားပေးသည်။ ဒေါ်ဒေါ်က ယူဖတ်သည်။ နောက်ရက်အခမ်းအနားမှာ 'သစ္စာရှာဖို့ ငါမြင်းစီးမယ်' စသော ဧရာမ စာတမ်းကြီးတွေ၊ ကဗျာတွေ၊ ဟောပြောချက်တွေအပြီး ကျွန်တော့ကဗျာကို ကိုယ်တိုင်ဖတ်သည်။ ကဗျာဖတ်ဖို့ ဇရပ်ထိပ်ဖျားသွားတော့ ကိုသိုက်ထွန်းသက်က ကျွန်တော့လက်မောင်းကို ကိုင်ပြီးလိုက်ပို့သည်။ 'မကြောက်နဲ့ အသံကိုထိန်းပြီး ဖြည်းဖြည်းနဲ့မှန်မှန်ဖတ်' ဟု အားပေး သည်။ ပြီးတော့ ကျွန်တော့ဘေးမလှမ်းမကမ်းမှာ ၀င်ထိုင်ပေးသည်။ ကိုညီပုလေးကတော့ … ကျွန်တော့လက်ထဲက ကင်မရာကိုယူပြီး ကျွန်တော်ကဗျာဖတ်သည်ကို သေသေချာချာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပေးသည်။ (စကားမစပ်ပြောရလျှင် … ထိုကာလများက ကျွန်တော့ကို စာပေ၀ါသနာပါသူ၊ ဆောင်းပါးလေးတွေရေးနေသူအဖြစ်ထက်၊ ဓာတ်ပုံဆရာတစ်ယောက်အဖြစ်သာ စာပေအနုပညာအသိုင်းအ၀န်းက သိထား ကြသည်။ တောင်လေးလုံးအပါအ၀င်စာပေပွဲတိုင်းမှာလည်း ကျွန်တော်က နီကွန်အက်ဖ်အမ်ကင်မရာလေးနှင့်ဓာတ်ပုံဆရာအလုပ်ပဲလုပ်နေသော ကြောင့် ဖြစ်သည်။ ထားတော့ ….)။ ယခုပြန်လှန်စဉ်းစားလိုက်တော့ ရေးဖော်ညီငယ်တစ်ယောက်ကို ၀ိုင်းဝန်း အားပေး စောင့်ရှောက်ကြခြင်းမှာ မျက်ရည်လည်မတတ်လွမ်းဆွတ်စရာတွေဖြစ်သည်။
' …………………………….
ကမ္ဘာမှာလည်း
နှိုင်းယှဉ်ပြရရင် …
အင်ဂရီးမော်ရွိုင်းက 'ရှယ်လီ'
ဂေါ်ကီက တော်စတွိုင်းနဲ့ချက်ကော့
ဂျက်လန်ဒန်ကိုတော့ အိုင်ဗင်စတုန်းက ရေးခဲ့ဖူးပေမဲ့
ရူးဆိုးရဲ့ ဖြောင့်ချက်ကျမ်းထဲမှာ
'အတ္ထုပ္ပတ္တိစာပေဟာ အမှန်မဟုတ်ဘူး' ဆိုပဲ၊
ဒီတော့
ဦးဖေသိန်းရဲ့ ရွှေဥဒေါင်း
ရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်တာ
ဒီ (၂)အုပ်မှာ ကွဲလွဲတာတွေရှာကြည့်တော့
ကြက်သီးဖျန်းဖျန်းထမိသတဲ့။
…………………………………….
……………………………………
ကနဦးအစမှာတော့ ကျွန်တော့အသံတွေတုန်ရင်နေမှာသေချာသည်။ နောက်တော့အရှိန်ရသွားတော့ အသံတုန်ရီမှုကို ထိန်းနိုင်သည်။ အနိမ့်အမြင့်၊ အတက်အကျတွေကို ခပ်ပါးပါးဖော်နိုင်သည်။ သေချာတာတစ်ခုက ကျွန်တော့ ကဗျာကပရိသတ်အားလုံးကိုတော့ ဆွဲဆောင် သိမ်းသွင်းနိုင်မှု မရှိခြင်း ဖြစ်သည်။ နောက်နားက ပရိသတ်တွေက လှုပ်လှုပ်ရွရွ….၊ အချင်းချင်း ကိုယ့်ကိစ္စကိုယ် တီးတိုးပြောဆိုနေကြသည်။ ရှေ့နားက တချို့ကလည်း ခေါင်းငုံ့ငြိမ်သက်နေငြား စိတ်ပျက် နေကြသည့်အမူအရာ တစ်စွန်းတစ်စတွေ့နေရ၏။ မတတ်နိုင် …။ ဆက်ဖတ်ရုံပေါ့။
ဟော ….
အခု၊
(၂၄.၁၀.၈၉) မှာ
ဆရာကြီး ရွှေဥဒေါင်း …၊ အနှစ် ၁၀၀ ပြည့်ပြီတဲ့။
၁၈၈၉ မှာမွေး
မောင်ဖေသိန်းကလေး၊ အနှစ် ၁၀၀ ပြည့်ပြီတဲ့၊
ကဲဗျာ ….
မယုံနိုင်စရာ၊
စုံထောက်မောင်စံရှားကို
မနေ့ကပဲ၊ လမ်း ၄၀ က သူ့တိုက်ခန်းမှာ
တွေ့ခဲ့သေးတာပဲ။
ဟုတ်တယ်လေ ….၊
အိပ်ရာဘေးက စာအုပ်သေတ္တာလေးဖွင့်သံကြားတော့
'ဆူးငှက်လားဟေ့၊ ၀င်ခဲ့လေကွယ်' တဲ့။
စောစောကပဲ
ကိုသိန်းမောင်နဲ့ နှစ်ယောက် ဒေါက်ကပ်ကြီးနဲ့
ဘရုတ်ကင်းလမ်းမှာ မြင်လိုက်ရသေးတာပဲ။
ဘုရားလမ်းဘူတာက၊ အင်းစိန်လော်ကယ်ပေါ်မှာ
ဆေးတံကြီးတဖွာဖွာနဲ့ လိုက်ပါသွားသေးတာပဲ။
ဦးပြားတောရအနီး၊ ဘောင်ဒရီလမ်းက 'ကိုဇီးဗီလာ' မှာ
မြင်းလှည်းဘီးရာတွေကို မှန်ဘီလူးတစ်လက်နဲ့
စူးစမ်းတွက်ချက်နေတာ၊ တွေ့ခဲ့သေးတာပဲ ….'
ဘာပဲပြောပြော ….၊ ကဗျာကို ဆုံးအောင်အတိမ်းအစောင်းမရှိဖတ်နိုင်ခဲ့သည်။ ဒါက ကျွန်တော်အနေနှင့် ပရိသတ်များရှေ့မှာ ပထမဦးဆုံး ပွဲထွက်ခဲ့ဖူးခြင်းဖြစ်သည်။ ဆရာကြီးရွှေဥဒေါင်းက 'ဦးစံရှားနှင့်ကိုဇော်ဟိတ်သာ အဖော်လုပ်သွားရရင် ကျွန်တော်တို့လည်း ကမ္ဘာကြီး အစွန်အဖျားသို့ သွားရစေကာမူ ကြောက်ရွံ့ခြင်းမရှိ' ဟု ဆိုခဲ့သလို ….ကျွန်တော်ကလည်း ဆရာကြီးရွှေဥဒေါင်းနှင့်ပတ်သက်သည့် ကဗျာမို့ သတ္တိတွေဝင်ကာ ရှောရှောရှူရှူဖြစ်သွားပုံရသည်။
ဆရာကြီးရွှေဥဒေါင်းရာပြည့်အကြောင်းရေးရင်းသားရင်းအမှတ်မထင်အဖြစ်အပျက်တစ်ခုကိုလည်း သတိရလိုက်မိသည်။ ဆရာကြီး
ရာပြည့်အခမ်းအနားမှာ ဆရာကြီးပုံအမှတ်တရ ပို့စကတ်လေးထုတ်ကြမည်။ ဆေးတံကြီးကိုက်ထားသော ဆရာကြီးပုံကို ဆရာပေါ်ဦးသက်ထံ စကက်(ခ်ျ)အပ်မည်။ ထိုပုံကို အဖြူအမည်း ၂ ရောင်ရိုက်မည့် ပို့စကတ်လေးထုတ်ဝေကြဖို့ဖြစ်သည်။ ထို့ကြောင့် ဒေါ်ဒေါ်က ဆရာကြီး၏ အဖြူအမည်းမူရင်းဓာတ်ပုံတစ်ပုံကို ကျွန်တော့်အား ပေးသည်။ ဓာတ်ပုံက ရှားရှားပါးပါးမူရင်းလေးမို့ ထိုဓာတ်ပုံကို ကော်ပီတစ်ပုံပွားပြီး ဆရာပေါ်ဦးသက်ထံ ပေးထားဖို့ဖြစ်သည်။
မူရင်းဓာတ်ပုံလေးကလည်း ကောင်းလှချည့်၊ ရှေးက အဖြူအမည်းပုံမွှို့သညန တွေက အသေးစိတ်သည်။ ပြေသည်၊ ညက်သည်။ ဆရာကြီးမျက်နှာပေါ်ရှိ အရေးအကြောင်းတွေက ဇရာနှင့်တည်ကြည်ရင့်ကျက်ခြင်းကို အပီအပြင်ဖော်ပြနေ၏။ ဆေးတံကို အံကြိတ်ကာ ကိုက်ထား၍ မေးရိုးများ၏ တင်းမာမှုအရေးအကြောင်းတွေ အထင်းသားပေါ်နေသည်။ ကြည့်စမ်း … စာရေးဆရာများအပလီအပလာတွေနှင့် တတ်နိုင်လိုက်တာ …၊ အခုကျွန်တော်ရေးသမျှ ဆရာကြီးဓာတ်ပုံနှင့်ပတ်သက်သည့် စာကြောင်းတိုင်းမှာ အခုမှသာသိရှိ၍ ရေးသားခြင်းဖြစ်၏။ အချိန်ကာလတွေလွဲချော်နေသည်။
အခုရေးပုံက ထိုစဉ်ကပဲ နားလည်တတ်ကျွမ်းသိရှိနေဟန်ညာဖြီးပုံက …..။
တကယ်တော့ ဒေါ်ဒေါ်ပေးလိုက်သော မူရင်းအဖြူအမည်းဓာတ်ပုံလေးကို ကော်ပီပွားရန် ကျွန်တော်ကိုယ်တိုင်(ထိုစဉ်က) ၀တ်ရုံနက်
ကြီးခြုံကာ ရိုက်ရသည့်ဓာတ်ပုံဆိုင်တစ်ဆိုင်သွားပြီး '၁၂၀ မမ' ဂဲဘတ်ဖလင်နှင့်အကျအနကော်ပီကူးစေသည်။ ထို့နောက် ဖလင်ကို ချက်ချင်း ဆေးခိုင်းပြီး ပိုမိုကောင်းမွန်ရန် ခဲထိုးဆရာနှင့်အကျအနခဲထိုးခိုင်းလိုက်လေတော့၏။ (ထိုစဉ်က ဓာတ်ပုံများမှာ အဖြူအမည်းဖလင်ချည်းမို့ မျက်နှာသား ချောမွေ့နုညက်သောပုံရရန် နဂ္ဂတစ်ဖလင်များကို ခဲထိုးကြရလေ့ရှိသည်။) ခဲထိုးပြီးနောက် ဆရာကြီးပုံကို ချက်ချင်းကူးခိုင်း လိုက်ရသည်။ ပိုမိုပီပြင်နက်မှောင်ရန် ပုံကို ညက်စေသောဒီပလိုပါ(ီ-၇၆)ဆေးပျော့ကို မသုံးစေဘဲ ဆေးပြင်း(ီ-၁၆၀)များကို သုံးကာကူးစေသည်။ ပုံထွက်လာတော့ အလင်းအမှောင် အပီအပြင်ပြတ်သားချောမောလှပနေ၏။ ရှားတောင့်ရှားပါး တစ်သက်တစ်ခါသာကြုံရသည့် ဆရာကြီး ရွှေဥဒေါင်း နှစ် ၁၀၀ ပြည့်ပွဲမှာ တစ်ထောင့်တစ်နေရာက စွမ်းဆောင်လိုက်ရခြင်းမို့ ဂုဏ်ယူဝံကြွားစွာ ကော်ပီဓာတ်ပုံသွားယူပြီး ဟိုး …. နန်းရှေ့ ဓမ္မစကြာရိပ်သာ အရှေ့ဘက်ရှိ ဆရာ
ပေါ်ဦးသက်နေအိမ်သို့ သွားရောက်ပေးပို့လိုက်လေသတည်း။ အိမ်မှာ ဆရာပေါ်ဦးသက်မရှိ။ လမ်းလျှောက်သွားနေသတဲ့..။ ထို့ကြောင့် အိမ်ရှိ အိမ်သား အဖော်မိန်းကလေးတစ်ဦးထံပေးခဲ့ပြီး တာဝန်ကြီးတစ်ရပ်ကျေပွန်စွာ ထမ်းဆောင်ခဲ့သလို ရင်ကော့ပြန်ခဲ့လေသည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက် ….
ဆရာပေါ်ဦးသက်က ဘယ်ဘက်လက်မှာ တိုက်ပုံကလေးခေါက်တင်ကာ ဦးထုပ်ပျော့လေးတစ်လုံးဆောင်းပြီး စက်ဘီးတစ်စီးဖြင့် ဗဟိုမီးသတ်ကြီးအနားက ဓာတ်ပုံဆိုင်ကြီးသို့ ကိုယ်တိုင်ရောက်လာသတဲ့ …။ မူရင်းပုံကိုလည်း ဒေါ်ဒေါ့်ဆီက တကူးတကန့်ပြန်တောင်းခဲ့ရ သတဲ့…။ ကျွန်တော်ကူးပေးလိုက်သော ဓာတ်ပုံမှာ စေတနာတွေပိုကာ ခဲတွေထိုး၊ ဆေးပြင်းတွေနှင့်ကူးထားတော့ မူရင်းဓာတ်ပုံကအရေးအကြောင်း တွေ ပျောက်ကုန်ကာ ဆရာကြီးရွှေဥဒေါင်းမှာ မင်းသားမောင်ဘတင့်လိုလို၊ မောင်တင်မောင်လိုလို၊ ဇေယျကြီးလိုလိုဖြစ်ကာ ဆရာပေါ်ဦးသက်မှာ စကက်ခ်ျတွေကောက်မရဘဲ ဒုက္ခရောက်သွား၍ ဆရာကိုယ်တိုင် ဒေါ်ဒေါ့်ဆီမူရင်းပုံပြန်တောင်းကာ ဆရာကိုယ်တိုင်စက်ဘီးလေးတစ်စီးဖြင့် ဓာတ်ပုံဆိုင်မှာ ကော်ပီပြန်ကူးရခြင်းဖြစ်ပါသတဲ့။
ဩော် … အတွေ့အကြုံ၊ အတွေ့အကြုံ ….။
ပညာတွေ၊ ပါရမီတွေနှင့်ပင် မယှဉ်နိုင်ဘဲ အသက်ချင်းပင်လျှင် အသက်တစ်ရက်ကြီးသူက အတွေ့အကြုံတစ်ရက်ပိုကြီးမည်၊ ပိုများမည်၊
အသက်တစ်လကြီးသူက အတွေ့အကြုံတစ်လစာပိုကြီး၊ ပိုများမည်။ တစ်နှစ် ….၊ ဆယ်နှစ်၊ နှစ် ၃၀၊ နှစ် ၅၀ ….။ ကိုင်း … ကျွန်တော်တို့ သည်အတွေ့အကြုံတွေကို မလေးစားသင့်ပေဘူးလား၊ စံနမူနာမယူသင့်ပေဘူးလား၊ မသင်ကြားမလေ့လာ သင့်ပေဘူးလား….။
ကိုင်း … ရေးဖော်ညီငယ်က ဆရာကြီးရွှေဥဒေါင်းအကြောင်းရေးပါဦးဆိုလာတော့ … ဘယ့်နှယ့်ရေးဝံ့မှာလဲ၊ ရေးနိုင်မှာလဲ၊ စိတ်တောင်မကူးဝံ့သောကိစ္စဖြစ်သည်။ ပါရမီရှင် တကယ့်အဟုတ်ကောင်းလှ၊ တော်လှသော စာရေးဆရာကြီး ရွှေဥဒေါင်းအကြောင်းကို အနုပညာနှင့်မပြောပါနှင့်၊ အသက်၊ ၀ါ၊ အတွေ့အကြုံနှင့်ပင် တို့ထိကြည့်နိုင်ရန်မ၀ံ့ရဲလှပါ။ ဆရာကြီး နှစ် (၁၀၀) ပြည့်ချိန်မှာပဲ ကိုယ်ပါ ၀င်ဆင်နွှဲခွင့်ရသော သဲတစ်ပွင့်မျှအစိတ်အပိုင်းကပင်လျှင် အလွဲလွဲအချော်ချော် ….။