ကျွန်တော်တို့ ကိုကြီးကျော် (ကျော်ရင်မြင့်နှင့်…)
ကျွန်တော်ကသူ့ကို လူမသိခင်ကတည်းက ကလောင်နာမည်ကို ရင်းနှီးနေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကလောင်နာမည်တွင် စကားလုံးသုံးလုံးပါရှိရာ၌ ပထမစကာလုံးနှင့် တတိယစကားလုံးက အသံလေး၊ အသံမာ ဖြစ်သော်လည်း ၊ အလယ်ခေါင်ရှိ စကားလုံးက အသံပျော့၊ အသံနုဖြစ်ခဲ့ရာ ၊ ထိုအသံပျော့၊ အသံနုကပင် ကလောင်နာမည်တစ်ခုလုံးအပေါ် နုနွဲ့သွားစေသော အာနိသင်ကို ကြံကြံဖန်ဖန် တွေးမိနေသောကြောင့် ဖြစ်သည်။ ဤကဲ့သို့ စိတ်ဝင်စားမိသော ကလောင်နာမည်ကြောင့် မဂ္ဂဇင်းတွေထဲမှာ ထိုကလောင်နာမည် မြင်သည်နှင့် သံယောဇဉ်ဖြင့် ဖတ်မိနေတော့သည်။ ဖတ်မိတော့လည်း ခပ်ရှင်းရှင်း၊ ခပ်ရိုးရိုး စကားပြေမှာ တစ်ခါတစ်ရံ သရော်သံပါသလို၊ တစ်ခါတစ်ရံ လွမ်းဆွတ်လေသံပါနေတတ်သည်။ တစ်ခါတစ်ရံ ခံပြင်းနာကျည်းမှုကို ဟာသဖြင့် ဖုံးဖိလိုက်သည့် လေသံများကိုလည်း တွေ့ရတတ်သည်။
သူ့ကို လူကိုယ်တိုင် မြင်ဖူးသည်ကတော့ ၁၉၈၇၀န်းကျင်မှပဲ ဖြစ်မှာပေါ့။ ၁၉၈၄ခုနှစ် ဦးကျားကြီးဝင်း မီးဘေးကြီးနောက်၊ မီးသင့်ခံရသော ဂုန္တာန်ဝင်းထဲက လူထုကြီးပွားရေး ပုံနှိပ်တိုက် နှင့် စာအုပ်ဂိုဒေါင် မီးလောင်ပြင်ကို လူထုမောင်နှံမျိုးဆက် ကိုငြိမ်းချမ်း (ဆရာညီပုလေး)နှင့် ၀ါသနာတူ၊ ယုံကြည်ချက်တူ လူငယ်စာသမားတွေ ဆုံ၊ စု၊ ကူညီကြရင်း ဖြစ်ပေါ်လာသည့် စာပေအလုပ်စခန်းမှ မန္တလေး ၀တ္ထုတိုသမားများအဖြစ် မီးလောင်ပြင်မှ ပဒုမ္မာကြာဖူးကြာငုံတို့ ဖူးပွင့်ဝေဆာလာကြသည်။ ထိုအလုပ်စခန်းမှ ၀တ္ထုတိုများ..၊ ၀တ္ထုတိုများမှ စာမျက်နှာပေါ်..၊ စာမျက်နှာပေါ်မှ ၀တ္ထုတိုများကို ပရိသတ်၏ အားပေးတုံ့ပြန်သံများ..၊ အားပေးတုံ့ပြန်သံများကို စုစည်းပြန်လည်နာခံ..၊ ပြီးတော့ အချင်းချင်းသုံးသပ်..။ ထိုသုံးသပ်ချက်များဖြင့် ၀တ္ထုတိုအသစ်များ ပြန်လည်ဖန်တီး..။
ဤဖြစ်စဉ်တွင် ၀ါကြီးသူဆရာသိုက်ထွန်းသက်မှအစ … ညီပုလေး၊ ၀င်းစည်သူ၊ ရဲသျှမ်း၊ ကျော်ရင်မြင့်၊ ညိုထွန်းလူ၊ ကြည်ဇော်ဝင်း၊ ကျော်စွာထက်… စသည် ။ သူတို့အလုပ်စခန်းက နဂိုမူလ ဂုန္တာန်ဝင်းအတွင်း မီးလောင်ငုတ်တိုနှင့် ပုံနှိပ်တိုက် သမံတလင်းမှအစ … လက်ဆည်ကန် လူထုကြီးပွားရေးတိုက်ရှေ့ ဗာဒံပင်ရိပ်အလယ်၊ ၈၃လမ်း မြို့လယ် ဆူးခါးတိုက် အနောက်ပေါက်ရှိ ကျူရှင်စာသင်ခန်းမအထိ ဆက်စပ်နေတော့သည်။ ကျွန်တော်က ဆောင်းပါးလေး ၄ပုဒ် ၅ပုဒ် က စာမျက်နှာပေါ် ပါရှိနေပြီမို့ စာပေ သာမဏေဘ၀မှ၊ စာပေ ပÍ္စင်းတက်သိမ်ဝင်ရန် ဥပဇ္ဈာယ်ဆရာတွေ မျက်နှာငယ်နှင့် ရှာနေချိန်မို့၊ ကိုယ်နှင့် နီးစပ်သော စာပေအလုပ် စခန်းများဆီ ချဉ်းကပ်နည်းနာယူ လမ်းကြောင်းရှာနေချိန် ဖြစ်ပါသည်။
ထို့ကြောင့်လည်း မိမိဝမ်းရေးအတွက် လုပ်ကိုင်သော ၀န်ထမ်းအလုပ်စားပွဲမှ လစ်၍ရသည်နှင့် အဆိုပါ အလုပ်စခန်းများဆီ စက်ဘီးလေးတစ်စီးဖြင့် လှစ်ခနဲ ခြေဦးလှည့်ဖြစ်သည်ချည်း ဖြစ်သည်။ စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်များဆိုလျှင် မြောက်ပြင် ၁၁လမ်း ကြံခင်းရပ်က ဆရာဦးမြသောင်း(မြသောင်း – မြောက်ပြင်)ထံ ရောက်ရှိသွားတတ်သည်။ မျက်နှာချင်းဆိုင် လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်တစ်ခွက်နှင့် နံပြားနှစ်ချပ်ဝယ်ပြီး၊ စားသောက်ကြရင်း၊ ဆရာဦးမြသောင်းနှင့် ကျွန်တော်က အနုသုခုမ(စာပေသဘင်ဂီတ) မှသည်၊ အကြမ်းသုခုမ(ရန် ။ငါးစည်းဖြတ်၍၊ အပြတ်သတ်ဝေဖန်ရေး) အထိ မထတမ်း ပြောဖြစ်သည်။ ကျွန်တော်နှင့် ဆရာဦးမြသောင်း မှာ ကြံခင်းရပ်က ဆရာ့အိမ်ဝရံတာလေးပေါ် ပက်လက်ကုလားထိုင်နှစ်လုံး၊ ရေနွေးတစ်အိုးဖြင့် ပြော၍ အားမရလေသာအခါ၊ ဆရာဦးမြသောင်း ရန်ကုန်သို့ စာပေအနုပညာ ကိစ္စများဖြင့် ရက်ရှည်သွားရောက် နေထိုင်စဉ်ကာလ၊ ရန်ကုန် သီအိုဆိုဖီအသင်းတိုက်၊ ညောင်ပင်ရိပ်က စားပွဲခုံ၊ ဆက်တီခုံများ အထိ ကျွန်တော်လိုက်သွားပြီး ၁ပတ် ၁၀ရက် သွားရောက် စကားပြောခဲ့ပါသေး၏။ ဆရာစိန်ခင်မောင်ရီ၊ မောင်ကျောက်တိုင်၊ ဆရာဦးမြသောင်း၊ ဂီတပဒေသာမဂ္ဂဇင်းတိုက်၊ သီအိုဆိုဖီအသင်းတိုက်၊ အနော်ရထာလမ်း ရွှေကြည်အေး ကဖေး … စသည် ။
၁၉၈၆၊ ၈၇ ၀န်းကျင်မှာတော့ အားလျှင်အားသလို မျက်ပါးရပ်နွေဒေသ စာအုပ်ဆိုင်နှင့် လူထုဗာဒံရိပ်စကားဝိုင်းများဆီ ရောက်သွားဖြစ်သည်။ နောက်တော့… လူထုဗာဒံရိပ်စကားဝိုင်းများသို့ပဲ အရောက်အပေါက် များသွားတော့၏။ စောစောက ပြောသလို ၈၃လမ်း မြို့လယ် ဆူးခါးတိုက် အနောက်ပေါက်က ကျူရှင်စာသင်ခန်းမ ထဲက စကားဝိုင်းမှာတော့ ပိုမိုပွင့်လင်းလွတ်လပ်လာသည်။ ရေးပြီးသားစာမူတွေ ယူလာပြီး အချင်းချင်းလဲလှယ်ဖတ်ကာ ကိုယ့်အမြင်၊ သူ့အမြင် ပြောဆိုကြသည်။ လစဉ်ခပ်စိပ်စိပ်ပါလာသော ၀တ္ထုတွေကို ပြန်လည်ဖတ်ကာ ခံစားရင်း ပရိသတ်အသံကို နားစွင့်ကြသည်။
ကျွန်တော်က ရေးသားပြီးသော ၀တ္ထုစာမူတစ်ပုဒ် အပေါ်က သူ့အမြင်၊ ကိုယ့်အမြင် ပြောဆိုကြမှုကို ပိုပြီး စိတ်ဝင်စား သည်။ ကျွန်တော်ကလည်း ကျွန်တော့် အမြင် ပြောချင်သည်။ ကျွန်တော်ကတော့ ယုတ္တိဗေဒထက်၊ ထိုစဉ်က ခေတ်စားနေသော ဘက်လိုက်မှုနှင့် ထွက်ပေါက်ဟူသော ]စံ}ဖြင့်ပဲ ကိုယ့်အမြင်ကို ပြောကြည့်သည်။ မှတ်မှတ်ရရ … ထိုစဉ်က ရေးအားကောင်းလွန်း လှသော ဆရာဝင်းစည်သူ၏ ရေးပြီးစ ၀တ္ထုတိုစာမူကို တစ်လှည့်စီဖတ်ပြီး အမြင်ဖလှယ်ကြသည့်အချိန် ကျွန်တော် ရောက်သွားဖြစ်ခဲ့သည်။ ဆရာဝင်းစည်သူ၏၀တ္ထုတို လက်ရေးစာမူကို တစ်ဦးချင်းအမြင်တွေပြောကြချိန်၌ သူက ဆရာဝင်းစည်သူ၏ စကားလုံးဝေါဟာရ<ကယ်ဝမှု၊ သဒ္ဒါ အထားအသိုစံနစ်ကျမှု နှင့် သတ်ပုံသတ်òန်းမှန်ကန်မှု ကို စံနစ်တကျ ပြောဆို သွားသောအခါ၊ တော်တော်လေး စိတ်ဝင်စားမိသွားသည်။ ဟုတ်တာပေါ့။ ထိုစဉ်က ကျွန်တော်သည် ဝေါဟာရကိစ္စ၊ သဒ္ဒါကိစ္စ၊ သတ်ပုံ သတ်òန်းကိစ္စ စိတ်ဝင်စား အလေးအနက်ထားတာမှ မဟုတ်ဘဲ။ ကကြီး ရပင့်နဲ့ ကျောင်းကျောင်း၊ ရရစ်နဲ့ ကျောင်းကျောင်း အိမ် လို့ မဖတ်ရင် ပြီးတာပဲ။ အရေးကြီးတာ အဘိဓမ္မာမှန်ရင်ပြီးတာပဲဟု အရေးတကြီးခံယူထားလို့ ဖြစ်သည်။ ထို့ပြင် ထိုစဉ်က ကျွန်တော်သည် မည်မျှဝါကြီး၊ သက်ကြီး ဖြစ်စေကာမူ ဆီလိုအပေါက်ရှာ၍ အပြစ်ပြောရမှ ကျေနပ်သူ၊ (ဘာမှန်းညာမှန်း မသိဘဲ) အဘိဓမ္မာပေတံနှင့်ပင် ဇလုတ်တိုက်ကာ ချေချွတ်လိုသူ၊ (ဒီနေရာမှာ အဲဒီအဘိဓမ္မာဆိုသည်ကို တကယ်က ဘာမှခြေခြေမြစ်မြစ်လည်း မသိခဲ့)။ ဒါမှသာ ဝေဖန်ရေးအစစ်အမှန်ဟု လက်ခံထားသူကိုး။ ထို့ကြောင့် ဆရာဝင်းစည်သူ၏၀တ္ထုတိုကို စကားလုံးဝေါဟာရကြွယ်ဝမှု၊ သဒ္ဒါအထားအသို စံနစ်ကျမှု နှင့် သတ်ပုံသတ်ညွှန်းမှန်ကန်မှု ပေတံဖြင့် ဂုဏ်တင်သွားမှုအပေါ်ကိုတော့ အံ့အားသင့်မိတာ အမှန်ဖြစ်သည်။ သူက ထိုအချက်များကို အခြေခံ၍ ပြောဆိုသွားမှုများက ငြင်းဖွယ်မရှိ တိကျမှန်ကန်နေသည်၊ စံနစ်ကျနေပြန်သည်။ ကျွန်တော်တို့က စိတ်ထဲရှိသလို ကပေါက်တိကပေါက်ချာ ထင်ရာစိုင်း၍ ပြောဆိုသည့် အလေ့အကျင့်ရှိချိန် သူက ဤသို့ စံနစ်ကျသည့်အတွက်လည်း ထူးခြားနေပြန်၏။ အနားမှာရှိသော ဆရာရဲသျှမ်းကို မသိမသာလက်တို့၍ ဘယ်သူလဲဟူသောမေးခွန်းကို လေသံဖြင့် မေးမိသည်။ ဆရာကျော်ရင်မြင့်လေ… ဟူသော ဆရာရဲသျှမ်း၏အဖြေတွင် ကျွန်တော်ကျေနပ်ပီတိဖြစ်သွားတော့သည်။ အဘယ့်ကြောင့်ဟူမူ စာတွေထဲမှာ ဆရာကျော်ရင်မြင့်ကို သိကျွမ်းလေးစားပြီး ဖြစ်နေသောကြောင့် ဖြစ်သည်။ လူနှင့် မူနှင့် တစ်ထပ်တည်းကျတဲ့ ဆရာ ဟုလည်း ကောက်ချက်ချနေမိသည်။ ဖြူဖြူ၊ ထောင်ထောင်မောင်းမောင်း၊ ခံ့ညားသပ်ရပ်သော သွင်ပြင်နှင့်အတူ၊ တိကျ၊ သေချာ၊ စည်းစံနစ်ရှိသည့် စရိုက်ပုံစံကိုလည်း လှစ်ခနဲ မြင်လိုက်ရ၍ ဖြစ်သည်။
နောက်တော့ ထိုသွင်ပြင်မူရာ၊ထိုစရိုက်လက္ခဏာများကြောင့် ကျွန်တော်အပါအ၀င် နီးစပ်သူအများစုက သူ့ကို ကိုကြီးကျော် ဟူ၍ ရင်းရင်းနှီးနှီး လေးလေးစားစား ခေါ်သညာပြုကြတော့၏။ ကိုကြီးကျော် ဟူသော အမည်နာမက လေးစားရသော အစ်ကိုကြီး ဟူသည့်အပြင် မြန်မာအများစုနှုတ်ဖျားမှာ ရင်းနှီး ကျွမ်းဝင် စွဲမြဲနေသော အမည်ကြောင့်လည်း ဆရာကျော်ရင်မြင့်ကို ကိုကြီးကျော် ဟု ရင်းနှီးမှု အမှတ်လက္ခဏာအဖြစ် ခေါ်ဆိုကြခြင်းလည်း ဖြစ်သည်။
ကိုကြီးကျော်က ၀န်ထမ်းကာလကတည်းက စည်းစံနစ်ရှိ၊ သိက္ခာရှိသော ၀န်ထမ်းကောင်းတစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့တစ်တွေ ၁၉၈၈ကာလ အစုအစည်းတွင်လည်း လုပ်ငန်းပိုင်း နည်းဗျူဟာဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ စီမံခန့်ခွဲရေးဆိုင်ရာ များတွင် ဦးဆောင်ကြီးကြပ်ခဲ့ရသည်။ အထူးသဖြင့် လူမှုရေးပိုင်းဆိုင်ရာ တတ်သိနားလည်မှုတွင် လေးစားဖွယ်ဖြစ်၏။ ကျွန်တော်တို့၏ စာပေမိခင်ကြီးဖြစ်ခဲ့သော ဒေါ်ဒေါ်(လူထုဒေါ်အမာ)၏ အနီးကပ်ဆုံးရင်းချာတစ်ဦး အဖြစ် ဒေါ်ဒေါ်လိုအပ်သမျှ သိတတ်စွာ စောင့်ရှောက် တာဝန်ယူခဲ့သည်။ ၁၉၈၉၊ ၉၀ ၀န်းကျင်ကာလ ဒေါ်ဒေါ့်ဝန်းကျင် ရိုက်ခတ်ခဲ့သော လှိုင်းတံပိုးများတွင် ကိုကြီးကျော်က ထဲထဲဝင်ဝင် စောင့်ရှောက် အကူအညီပေးခဲ့သည်။ ဒေါ်ဒေါ့် စာမူကိစ္စ၊ ဦးလေးလှ (လူထုဦးလှ) စာမူကိစ္စ၊ လူထုကြီးပွားရေးတိုက် စာမူကိစ္စ မှအစ၊ မိသားစုကိုယ်စား အဝေးရောက် ဆရာညီပုလေး ထံ သွားရောက်ရေးကိစ္စများလည်း မငြီးမငြူ ဆောင်ရွက်ပေးခဲ့သည်။ အထူးသဖြင့် နှစ်စဉ် နိုဝင်ဘာလ(၂၉)ရက်နေ့တိုင်း အမရပူရ တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပသော ဒေါ်ဒေါ် လူထုဒေါ်အမာ၏ မွေးနေ့ အခမ်းအနားများတွင်လည်း ဆရာကျော်ရင်မြင့်က ဦးစီးကျင်းပသည်။ အခမ်းအနားမှူး အဖြစ်လည်း နှစ်စဉ် မပျက်မကွက် တာဝန်ယူသည်။
ကျွန်တော်သည် ၁၉၉၃ခုနှစ် သြဂုတ်လမှစ၍ လူထုကြီးပွားရေးစာအုပ်တိုက်၏ အယ်ဒီတာစားပွဲသို့ရောက်ရှိခဲ့၏။ ထိုအချိန်တွင် လူထုကြီးပွားရေး စာအုပ်တိုက်၏ အယ်ဒီတာစားပွဲတွင် ဆရာကျော်ရင်မြင့် ရောက်ရှိနေပါပြီ။ လူထုဦးလှ၏စာမူများကို ရှာဖွေစုဆောင်း၍ စာအုပ်များအဖြစ် စီစဉ်ထုတ်ဝေနိုင်ရေးကို ဆရာကျော်ရင်မြင့်က ထဲထဲဝင်ဝင် ဆောင်ရွက်နေပါပြီ။ အလုပ်သဘောအရ ပြောရလျှင် ဆရာကျော်ရင်မြင့်က စံနစ်ကျသည်။ မှတ်တမ်းမှတ်ရာ ရှိသည်။ ကျွန်တော် ကတော့ အဲဒီလိုမဟုတ်။ အနုပညာတွေ၊ ခံစားချက်တွေ ဦးစားပေးလွန်းသည်၊ ဘာမှတ်တမ်းမှတ်ရာမှ မရှိ။ ထို့ကြောင့် အလုပ်နှင့်ပတ်သက်၍ စံနစ်ကျသော မှတ်တမ်းမှတ်ရာ ရှိရေးအတွက် ကြိုးစားဆောင်ရွက် ကြည့်သည်။ စာအုပ်တစ်အုပ် ထုတ်ဝေဖို့အတွက် ဒေါ်ဒေါ်၏ သမီး၊ စာအုပ်တိုက်နှင့် ပုံနှိပ်တိုက်ကို ကြီးကြပ်ဦးဆောင် နေသူ အစ်မကြီး ဒေါ်တင်ဝင်း၊ ဆရာကျော်ရင်မြင့် နှင့် ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်မှုကို နေ့စွဲနှင့် အချိန်နှင့် ဆွေးနွေးချက်နှင့် ဆုံးဖြတ်ချက်နှင့် စံနစ်တကျ မှတ်တမ်းတင်သည်။ ဒါက ကနဦးအစပါပဲ။ နောက် ဆရာကျော်ရင်မြင့် အလုပ်များလာ၍ တိုက်သို့ ပုံမှန်မလာနိုင်သောအခါ ကျွန်တော်က မူလအကျင့်အတိုင်း ဒုံရင်းဒုံရင်း ပြန်ရောက်သွား၏။ နောင်ခါလာ နောင်ခါဈေး..၊ အဆင်ပြေသလိုပေါ့လေ ဟူလို …။
မည်သို့ဆိုစေ…၊ ဆရာကျော်ရင်မြင့်မှာ လူထုတိုက် အယ်ဒီတာစားပွဲနှင့် မကင်းကွာခဲ့ပါ။ အထူးသဖြင့် ဒေါ်ဒေါ့်အတွက် အနီးကပ် စောင့်ရှောက်၍ လိုအပ်သမျှ ကူညီသည်။ သည်တော့ လူထုတိုက်အောက်ထပ်ရှိ ကျွန်တော့စားပွဲဆီသို့ သူရောက်လာတိုင်း ထိတွေ့နေသည်။ တိုက်က ညနေ ၅နာရီထိုးလျှင် နှစ်ယောက်သား စက်ဘီးကိုယ်စီနှင့် စကားတပြောပြော အိမ်ပြန် ကြသည်။
ကိုင်း … ပြဇာတ်စကြစို့ …။
လက်ဆည်ကန်၊ ဗိုလ်ချုပ်လမ်းမတစ်လျှောက်၊ ၃၁ ဦးစန္ဒိမာလမ်းတစ်လျှောက်၊ ၂၆ဘီ အာဇာနည်လမ်းတစ်လျှောက်၊ လွယ်အိတ်ကိုယ်စီနှင့် စက်ဘီးကိုယ်စီ စီးနင်းရင်း မစိုးရိမ်မီးပွိုင့်ရောက်ပါမှ တစ်ယောက်က ဘီလမ်းအတိုင်း အရှေ့တက်၊ တစ်ယောက် က လမ်း၈၀အတိုင်း မြောက်သို့ လမ်းခွဲသွားကြသူ နှစ်ဦးသည် .. နောင် … ၃နှစ်၊ ၄နှစ် မျှသော ကာလတိုအတွင်း၌မူ …
ဆရာကျော်ရင်မြင့် ခေါ် ကိုကြီးကျော် ဟု ကျွန်တော်တို့က ချစ်စနိုးခေါ်သူသည် အင်္ဂလန်နိုင်ငံမှ သတင်းစာပညာ ဒီပလိုမာဘွဲ့ ရခဲ့သူ။ မန္တလေးမြို့၏ထိပ်တန်း အလွတ်ပညာသင်ကျောင်းတစ်ကျောင်း၏ အကြံပေးပညာရှင် ဖြစ်နေသူ၊ အရိုးစွဲနေသော အတွေးအခေါ်မှားများကို ဆန့်ကျင်တော်လှန်၍ အများပြည်သူအကျိုးကို လက်တွေ့ကျကျဆောင်ရွက်သော မြန်မာပြည်၏ပထမဦးဆုံး လူမှုကူညီရေးအသင်းကြီးဖြစ်သည့် ဗြဟ္မစိုရ်အသင်းကြီးတွင် ထိရောက်သောနေရာမှပါဝင် ဆောင်ရွက်နေသူ၊ ထိုစဉ်က ထိပ်ဆုံးရောက်နေသော ဓနစီးပွားရေးမဂ္ဂဇင်းကြီး၏ ပင်တိုင်ကလောင်ရှင်နှင့် မဂ္ဂဇင်းဝါဒရေးရာပိုင်းထိ ကြီးကြပ် ဆောင်ရွက်နေသူ၊ မန္တလေးမှ လုပ်ငန်းရှင် အများစုနှင့် ရန်ကုန်အပါအ၀င် မြို့ကြီးများစွာမှ လုပ်ငန်းရှင်ကြီးများကို တွေ့ဆုံမေးမြန်း၍ စာဖတ်ပရိသတ်သို့ လစဉ်ရေးသားတင်ပြကာ စာပေသြဇာရှိနေသူ အဖြစ် လင်းလက်ဝင်းပနေချေပြီ။
ကျွန်တော်မူကား … ထုံးစံအတိုင်း အနုပညာလိုလို၊ ဂီတလိုလို၊ သုခုမလိုလို၊ မီဒီယာသမားအဖြစ် ကြားနေသူလိုလို…။ သတင်းလိုလို၊ ရသလိုလို၊ ပြတ်သားသလိုလို၊ မပြတ်သားသလိုလို…။ စာပေနှင့်လူမှုရေး ခွဲသလိုလို၊ တွဲသလိုလို…။ ညီညွတ်ရေးလိုလို၊ ခွဲခြားရေးလိုလို…။ နိုင်ငံခြားသားနှင့် နိုင်ငံခြားကို အထင်မကြီး သလိုလို၊ မပက်သက်ချင်သလိုလို…။ အရေးမကြီးသလိုလို၊ အရေးကြီးသလိုလို…။ အရာရောက် သလိုလို၊ မရောက်သလိုလို…။ အသုံးချသလိုလို၊ အသုံးမကျသလိုလို…။ ဒေသစွဲလိုလို…၊ ၀ါဒစွဲလိုလို…၊ ပုဂ္ဂိုလ်စွဲလိုလို…။ ကန့်လန့်ကာ ရှေ့လိုလို၊ နောက်ကွယ်ကလိုလို…။ ကြိုးဆွဲသူလိုလို၊ ကြိုးဆွဲခံရသူလိုလို…။ ပြတ်သားသလိုလို၊ ပေါင်းစားသလိုလို…၊ လိုလို များစွာဖြင့် ဟိုလိုလို သည်လိုလိုနှင့် … ထုံးစံအတိုင်း မပြောင်းမလဲ လွယ်အိတ်ကလေးလွယ်၊ စက်ဘီးကလေး ဂျောက်ဂျက် နင်းရင်း ထီးထမ်းလမ်းလျှောက်နေဆဲပင်။
ကိုကြီးကျော်နှင့် ပတ်သက်၍ ကျွန်တော့မှာ ပြောစရာတစ်ခု ရှိသည်။ ယခု ကိုယ့်ကိုကိုယ် သက်ကြီးဝါကြီးလိုလို၊ ၀ါရင့်လိုလို၊ နတ်နေကိုင်းလိုလို (အသက်အရ) အထင်ရောက်နေချိန်၌ ကံကြမ္မာကြောင့် တစ်ခါတစ်ရံကိုယ့်ရှေ့မှောက်တွင် ပညာသင်တပည့်လိုလို၊ အလုပ်သင်လိုလို … မျက်စိသူငယ်နားသူငယ်နှင့် (ဘာမှန်းမသိသေး၍ အထင်တကြီး) ရောက်လာသူလေးများကို သြ၀ါဒေ>ခရလေတိုင်း ကိုကြီးကျော်ကိုခုတုံးလုပ်အသုံးချမိ နေတာ အခုတော့ ဖွင့်ချဝန်ခံရပါပြီ။ အဖြစ်ကဒီလို…။ ဤသို့ အစမ်းခန့်လိုလို…၊ ပညာသင်လိုလို…၊ သုံးလမပြည့်တပြည့် အနုအနယ်လေးများအား… အိပ်မက်၊ ရည်ရွယ်ချက်၊ ပန်းတိုင်၊ ဇွဲလုံ့လ၊ ဆုံးဖြတ်ချက်စသော မှိုတက်စကားလုံးများဖြင့် ဤသို့ဤနှယ် သြ၀ါဒခြွေမိ၊ ခြွေဆဲ ဖြစ်ပါ၏။
အဟမ်း…၊ အဟမ်း…
မောင်တို့မယ်တို့၊ ဒီလောကကိုကိုယ်ဝါသနာပါလွန်းလို့ရောက်လာကြတဲ့နေရာမှာ ရည်ရွယ်ချက်အရေးကြီးတယ်။ အဟမ်း၊ အဟမ်း…။ ကိုယ်က ဘာလုပ်မှာလဲ။ ရည်ရွယ်ချက်အတိအကျရှိရမယ်။ မင်းတို့အရွယ်မှာ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်ခေါင်းဆောင်ဖြစ်နေပြီ။ ဘာလို့လဲ…။ တိုင်းပြည်လွတ်လပ်ရေးဆိုတဲ့ တစ်ချောင်းတည်းစိတ်၊ တစ်ချောင်းတည်းရည်ရွယ်ချက်နဲ့ မဆုတ်မနစ် မမှိတ်မသုန်လုပ်ကိုင်ဖြတ်သန်းလို့ပဲ။ အဟမ်း၊ အဟမ်း… ဆရာဆိုရင် ငယ်ငယ်ကတည်းက စာရေးဆရာဖြစ်ချင်တာ၊ ဒီရည်ရွယ်ချက်တစ်ခုတည်းနဲ့ ကွေ့ပေါင်းများစွာကို ဆုံးဖြတ်ချက်ရဲရဲနဲ့ကျော်ဖြတ်ခဲ့တာပဲ။ ၁၀တန်း အောင်ချိန်၊ တက္ကသိုလ်တက်ချိန်တွေမှာ ဒီရည်ရွယ်ချက်ပဲထားခဲ့ပြီး စာအုပ်တွေပဲ တစွက်စွက်ဖတ်ခဲ့တာပဲ။ ၁၀တန်းမှာ ဂုဏ်ထူးအများကြီးမလိုချင်ဘူး၊ တက္ကသိုလ်မှာ ဂရိတ်ဖိုက်တွေမလိုချင်ဘူး။ ဒီလိုပဲ ကျောင်းပြီးတော့ အရာရှိ၊ အရာခံမဖြစ်ချင်ဘူး။ ကုန်သည်ပွဲစားမလုပ်ချင်ဘူး။ စာရေးဆရာပဲဖြစ်ချင်တာ။ အဲဒီတစ်ချောင်းတည်းစိတ်နဲ့ပဲ ဘ၀ကိုဖြတ်သန်းခဲ့တာ။ ဒီတော့ ချုပ်ကြစို့…။
စာပေလောကကို ၁၉၈၃ခုနှစ်ကစပြီးဝင်ချိန် ဆရာ့မှာကင်မရာလေးတွေရှိတယ်။ ၀ါသနာအရ မှတ်တမ်းမှတ်ရာ လိုအပ်တာ တွေရိုက်တယ်၊ မှတ်တမ်းတင် တယ်။ ၀မ်းရေးအတွက် အောက်ဒိုးဓာတ်ပုံရိုက်စားဖူးတယ်။ နောက်တော့ ကင်မရာကို စာပေအတွက်ပဲ သုံးမယ်ဆိုပြီး ဆုံးဖြတ်တယ်။ ဒီလိုနဲ့ ၁၉၉၀ကျော် သုံးလေးနှစ်စွန်း ချိန်… အခု ဆရာကျော်ရင်မြင့်က ဓနမဂ္ဂဇင်းမှာ ပင်တိုင်ဆောင်းပါးရှင်အဖြစ်ထင်ရှားနေပါပြီ။ တစ်နေ့မှာ ဆရာကျော်ရင်မြင့်က ဓနမဂ္ဂဇင်းအတွက် လားရှိုး၊ မူဆယ်၊ ရွှေလီခရီးစဉ်သွားမယ်။ အဲဒီအချိန် မူဆယ်၊ ရွှေလီ သွားဖို့က ဆရာတို့အတွက်ခက်ခဲတယ်။ ဒီတော့ ဆရာကျော်ရင်မြင့်က ဒီခရီးစဉ်အတွက် ဆရာ့ကို ဓာတ်ပုံမှတ်တမ်းတင် ပေးဖို့ခေါ်တယ်။ လမ်းစရိတ်ခံမယ်၊ စားစရိတ်ခံမယ်၊ ဓာတ်ပုံဖိုးတွေ ထိုက်ထိုက်တန်တန်ပေးမယ်။ ကဲ… ဘယ်လောက်အဆင်ပြေလဲ။ ဆရာလည်း လိုက်မယ်လို့ ခေါင်းညိတ် လိုက်လို့ ဆရာကျော်ရင်မြင့်က ကားလက်မှတ်တွေစီစဉ်ပြီးပြီ။
ဒီတင် ဆရာကစဉ်းစားတယ်။ ဒါဟာ အလုပ်တစ်ခုအတွက် လမ်းစပွင့်တာပဲ။ နောက်ဆိုရင် စာမူခ၊ ဓာတ်ပုံဖိုးတွေ ထိုက်ထိုက်တန်တန် ပေးတဲ့ ဓနမဂ္ဂဇင်းမှာ ဆရာလည်းလမ်းပွင့်သွားမယ်။ ဒါပေမယ့် ဓနမဂ္ဂဇင်းပင်တိုင်ဓာတ်ပုံဆရာပေါ့…။ ဒီတင် ဆရာက စဉ်းစားတယ်။ တစ်လျှောက်လုံး စာရေးဆရာဖြစ်ဖို့ ကွေ့ပေါင်းများစွာ ကျော်ဖြတ်ခဲ့သူက… အခုဒီကွေ့မှာ ငွေကြေးနဲ့နေရာအဆင်ပြေမှုအတွက် ရည်ရွယ်ချက်အပျက်ခံမလား ဆိုပြီးပေါ့…။ ဟုတ်ပြီ။ ရဲရဲဆုံးဖြတ်လိုက်ပြီ။
နောက်ရက် လူထုတိုက်မှာ ဆရာကျော်ရင်မြင့်နဲ့တွေ့တော့ ကိုကြီးကျော်ရေ… ကျွန်တော်တော့ မူဆယ်၊ ရွှေလီခရီးစဉ်မလိုက်နိုင် တော့ပါဘူး လို့ ရဲရဲ ငြင်းလိုက်တာပါပဲ။ ဆရာကျော်ရင်မြင့်ကဆို အံ့အားသင့်လို့…။ အဟမ်း၊ အဟမ်း… ဒါကြောင့်မို့လိုလည်း အခု မင်းတို့ဆရာဟာ ဓာတ်ပုံဆရာမဖြစ်တော့ဘဲ စာရေးဆရာအဖြစ် အခုမင်းတို့ရှေ့မှာ မားမားမတ်မတ်ရှိနေတာပေါ့။ အဟမ်း၊ အဟမ်း… ။ ပိုပြီးဆုံးဖြတ်ချက်မှန်ကန်အောင် ကင်မရာတွေကို အကုန်ရောင်းပစ်လိုက် တော့တာပဲ…။ ဒါကြောင့်… ဆုံးဖြတ်ချက်ဆိုတာ…
… အစရှိသလိုပေါ့ ကိုကြီးကျော်ရာ…။ အဲလိုပြောတိုင်း… ကံကြမ္မာကြောင့် မယောင်မလည်နဲ့ ကိုယ့်ရှေ့မှာ တပည့်လိုလို၊ ပညာသင်လိုလို ရောက်လာသူလေး တွေတိုင်း… တို့ဆရာရဲ့ ရဲရဲတောက်ဆုံးဖြတ်ချက်နဲ့ဖြတ်သန်းမှုတွေကို အများပြည်သူနမူနာယူနိုင်စရာ ဆရာကျော်ရင်မြင့်အနေနဲ့ နာမည်ကျော် ဘ၀ဇာတ်ခုံအဖုံဖုံ ပင်တိုင်ကဏ္ဍမှာရေးဖို့ကောင်းလေခြင်းလို့ အထင်တကြီးနှင့် တွေးမိကြမှာပဲပေါ့ဗျား…။
ဘာပဲပြောပြော…။ ကိုကြီးကျော်အနေနှင့် ညီတော်မောင်ဆိုးကို ဆက်လက်ခွင့်လွှတ်၊ ခွင့်ပြုစေချင်သေးသည်။
ကိုကြီးကျော်က အခု… မြန်မာစာနယ်ဇင်းလောက၏ ဦးဆောင်နေရာမျက်နှာစာမှာ အထင်အရှားရှိနေတာသေချာသည်။ ထို့အတူ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်မှာလည်း အပေါင်းအသင်းဆံ့၊ လူချစ်လူခင်ပေါတာလည်းသေချာသည်။ ဒီနောက် သမီးလိမ္မာလေးများနှင့် ပျော်ရွှင်ချမ်းမြေ့ဖွယ် သီရိဂေဟာ မိသားစုပိုင်ရှင်ဖြစ်နေတာလည်း သေချာသည်။ နိုင်ငံရပ်ခြားများစွာကလည်း ကိုကြီးကျော်ကို မြန်မာပြည်၏သတင်းစာဆရာကောင်းပြယုဂ်အဖြစ် လက်ခံချီးမြှင့် နေကြတာလည်းသေချာသည်။ ထိုထို… ပုံရိပ်ကောင်းများနှင့် ယခုလက်ရှိကျွန်တော်၏ မတည်မငြိမ်ရှိနေသော…။ လူကြီးမှန်းမသိ၊ မြို့မိမြို့ဖမှန်း မသိ၊ ပညာရှင် ပညာတတ်မှန်းမသိ၊ မလေးမစားရိုင်းပျလျက်ရှိသော လူမှုရေးမရှိ၊ ပရဟိတမရှိ၊ ယခုထိ အလှူခံပုဂ္ဂိုလ်ဖြစ်နေဆဲဖြစ်သော…၊ အိုစာမင်းစာမရှိ အနာဂါတ်မရှိ၊ နေဖို့ညစာ မရှိနှင့်အပျင်းထူနေသော၊ ထီးထမ်းလမ်းလျှောက်ပုံရိပ်များကိုနှိုင်းယှဉ်၍ မထင်မှတ်ဘဲ ကိုယ့်ရှေ့ရောက်ရှိလာသည့် တပည့်လိုလို၊ ပညာသင်လိုလို၊ ပုဂ္ဂိုလ်ငယ် ကျားကျား မမလေးများအား အခုတော့ အရင်ကလိုကျွန်တော်၏ တစ်ချောင်းတည်းစိတ် ဘုံမြှောက်ခန်းဖြင့် သြ၀ါဒမခြွေတော့ဘဲ ဆိုခဲ့ပြီးလေသည့်အတိုင်း လွန်ခဲ့သော အနှစ်(၂၀)၀န်းကျင်က လွယ်အိတ်ကိုယ်စီ၊ စက်ဘီးကိုယ်စီဖြင့် မစိုးရိမ်မီးပွိုင့်မှ လမ်းခွဲခဲ့ကြသည့် ဇာတ်ဝင်ခန်းက အစပြု၍ ပကတိအရှိ ကျွန်တော့ဘ၀နှင့် လက်ရှိ ကိုကြီးကျော်ဘ၀ကို နှိုင်းယှဉ်ကာ ပြောပြဆုံးမသြ၀ါဒပေးခွင့်ပြုရန်ကိုတော့ အနူးအညွတ် တောင်းပန်ရပါမည်။