ဆရာဝင်းစည်သူနှင့်ဆက်စပ်တာတွေထဲက…
ကျွန်တော့်အစ်မတစ်ယောက်၏ခင်ပွန်းက မန္တလေးနုယဉ် အပျော်တမ်းတူရိယာအဖွဲ့မှာ ထရမ်းပက်မှုတ်သည်။ သင်္ကြန်နားနီး နေ့ခင်းပိုင်း အအေးဓာတ်လျော့ကာ တောင်လေလေးဖြူးလာပြီဆိုမှဖြင့် သားရေစတွေ ပွန်းနေသည့် ရှည်မျောမျောသေတ္တာကိုဖွင့်ကာ အတွင်း၌ ရဲအိနေသည့် ကတ္တီပါသားပုံခွက်အတွင်း သေချာထည့်ထားသော ငွေရောင်ဖိတ်ဖိတ်တောက် ထရမ်းပက်ကိုထုတ်ပြီး ဖြုတ်ထားသည့် ဖူးဖူးလုံးလုံး လျှာခင်လေးတပ်သည်။ ထို့နောက် သံဖြူဖြင့်ပြုလုပ်ကာ သင်္ဘောဆေးအပြာနုလေး သုတ်ထားသည့် မြုကို ထရမ်းပက်ကော်လံ၌ တပ်၏။ မျဉ်းငါးကြောင်းပါ ဂီတသင်္ကေတစာရွက် တစ်ရွက်ရှေ့ချကာ ထရမ်းပက်၏ ခလုတ်သုံးခုအား ဖိကာနှိပ်ကာဖွင့်ကာ သံစဉ်တစ်ခုကို တီးမှုတ်တော့သည်။
တစ်ပိုဒ်လောက်ဆုံးတော့ ထိုသံစဉ်ကား သင်္ကြန်တေးသွားတစ်ခုဖြစ်နေတာသိပြီ။ ဂီတသင်္ကေတမျဉ်းငါးကြောင်း အောက်မှာ သီချင်းစာသားလေးတွေလည်း ရေးထားတာပေါ့။
မောင်တော်လာမယ် ဆိုဆို
ပျိုစောင့်လို့ကြို
ကြိုကြိုသူ မပန်းရအောင် လာစမ်းပါအစ်ကို
အချိန်နာရီ ကြာညောင်းပြီဆို
ချိန်းလေတဲ့ ရက်ကို ရက်ကို
မေ့များနေပြီလား ကိုလူအကြွား ပို
စကားဆိုလှည့်စား ပြောကြားနဲ့အစ်ကို
စောင့်ရသူ ပျိုပျို လည်တိုင်ရှည်လှပြီအစ်ကို တဲ့။
ဤသို့ဖြင့် နောက်ရက်တွေမှာ သင်္ကြန်ရေပွဲခါဆီ ပျော်မည် ပျော်မည်၊ တေးသံစုံတွဲ နွှဲလို့ နုယဉ်လာပြီ ဟူသော သီချင်းများ ကိုလည်း ထရမ်းပက်ဖြင့် တီးမှုတ်နေတာကြားရတော့သည်။ တေးသွားအပြတ် ထရမ်းပက်ကြီးပါးစပ်မှချွတ်ပြီး ပေါင်ပေါ်တင်ကာ သင်္ကေတ စာရွက်တစ်ရွက် အသစ်အကူး၌ ကျွန်တော်က သင်္ကြန်သီချင်းတွေလား အစ်ကိုရ ဟု မေးတော့ ဟုတ်တယ်ကွ။ သည်နှစ်သင်္ကြန်သီချင်းတွေ ဟုဖြေသည်။ ကျွန်တော်က အားမရသေး၊ ထပ်သိချင်သေး၏။ ဘယ်သူတွေ ရေးတာလဲဗျ ကိုသန်းကြွယ်တို့၊ ကိုဒေ၀တို့၊ စန္ဒရား ကိုအောင်ခင်တို့၊ ကိုစိန်မောင်ဝင်းတို့ ပါကွာ တဲ့။
ကိုသန်းကြွယ်တို့၊ ကိုဒေ၀တို့၊ စန္ဒရား ကိုအောင်ခင်တို့၊ ကိုသန်းမောင်ကြီး၊ ကိုသန်းမောင်လေး၊ ကိုတင်လှ၊ ကိုထွန်းရွှေလေး တို့ကို သိသည်။ ကိုစိန်မောင်ဝင်းဆိုတာ မသိသေး။ ကိုစိန်မောင်ဝင်းဆိုတာက ယောက်ဖလုပ်သူသည် ထရမ်းပက်ကြီး ပါးစပ်နားတေ့ပြီးမှ စိတ်မရှည်သည့် အမူအရာဖြင့် ဟာကွာ… မြောက်ပြင်က ကျူရှင်ဆရာ၊ တောင်ပေါ်လမ်းမှာ တခြိမ့်ခြိမ့်…၊ မြူမှုန်လေးတွေ တလိမ့်လိမ့်…၊ ဟိုအပျိုက နိပ်နိပ်၊ သည်အပျိုက နိပ်နိပ်… ရယ်သလိုပြ… မျက်စိကိုမှိတ်.. ဆိုတဲ့ သီချင်းကိုစပ်တဲ့သူကွာ ဟု ပြောကာ သင်္ကေတစာရွက်ကြည့်ပြီး ဂေါ်ဂေါ်ဂွီဂွီဆက်လုပ်နေသည်။ ဟုတ်ပြီ။ ကိုစိန်မောင်ဝင်းတဲ့။ တောင်ပေါ်လမ်းမှာ တခြိမ့်ခြိမ့် ဟူသော သီချင်းကိုသိသည်။ ထိုစဉ်က မန္တလေးမှာ ရေပန်းစားသည့်သီချင်းဖြစ်သည်။ သုံးတင်းဝင်ဆန်အိတ်၊ ပုန်းရင်းပင် ခိုလို့အိပ် ဟူသော စာသားလည်းပါသည်။
အထူးသဖြင့် အနောက်ကျုံးလမ်းပေါ်မှာပေါ့။ နောက်တော့ နုယဉ်က ပါးလျားသွားသည်။ တချို့ဂီတလုလင်မှာ…၊ တချို့ ဗဟိုတီးဝိုင်း…၊ တချို့ အာရုဏ်တော်…၊ တချို့လည်း ဇာတ်အဖွဲ့တွေထဲမှာ၊ ထိုစဉ်က ပြန်လည်ဖူးပွင့်မွှေးပျံ့လာသော မောင်ယဉ်အောင်၏ မြို့တော်အင်အားသစ်၏ ခေတ်ဝိုင်းမှာ နုယဉ်ဝိုင်းတော်သားအများစုဖြင့် နုယဉ်ကိုပြန်လည် တွေ့ရပြန်သည်။ ပဏာမဧည့်ခံတေးများ၌ တောင်ပေါ်လမ်းမှာ တခြိမ့်ခြိမ့်… ကို ပြန်လည်ကြားရပြန်၏။
ထို့နောက် နာမည်ကျော်မြန်မာစာပြဆရာ ဦးစိန်မောင်ဝင်းကို ပြဇာတ်ဒါရိုက်တာ ၀င်းစည်သူ အဖြစ် (ထိုစဉ်က) မြို့တော်သိန်းဇော်၏ ပွဲချီစိပ်ဇာတ်ခုံပေါ်မှာ ဖျပ်ဖျပ်လက်တောက်ပသွားခဲ့သည်။ ပန်းသလားမေပျို…တဲ့။ နာမည်ကျော်နေသော စာရေးဆရာမ နုနုရည်(အင်းဝ)၏ ရိုးပြာမြေ၀ယ် မြည့်စေတော့ ၀တ္ထုကို အခြေခံဖွဲ့စည်းထားသော ပြဇာတ်ဖြစ်သည်။ သူ့ပြဇာတ်များက ပွဲကြိုက်ခင်ဈေးချိုသူများ ပါးစပ်ဖျား ရေပန်းစားနေတဲ့ ဦးစိန်မောင်ဝင်း(သို့မဟုတ်) ၀င်းစည်သူကို မိတ်ဆွေတစ်ဦးဖြင့် လက်တို့ပြ၍ငေးမောကြည့်ခဲ့ရဖူးသည်။
တစ်နေ့မှာတော့ ၀င်းစည်သူနှင့် ရုတ်ခြည်းနီးကပ်သွားရ၏။ အဖြစ်ကသည်လို၊ ကျွန်တော်က စာလေးပေလေးဝါသနာပါသည်။ မဂ္ဂဇင်း အချို့မှာလည်း အနုပညာနှင့်ပတ်သက်သည့် ဆောင်းပါးလေး သုံးလေးပုဒ်ပါနေပြီ။ ဖတ်မိသူမိတ်ဆွေများက တာရဲတန်းမျိုးဆက် ဟု သတ်မှတ်ကာ အငြိမ့်၊ ဇာတ် လူအပြောင်းအလဲကိစ္စမျိုး အတွင်းသိ တစ်ဦးလောက် သတ်မှတ်သည်။ သို့သော် ကျွန်တော်စိတ်ဝင်စားတာက ၀တ္ထုတို၊ စာပေဝေဖန်ရေးနှင့် စာပေသမိုင်း…၊ ထားတော့။ ထို့ကြောင့် ကျွန်တော်စိတ်ဝင်စားသည့်အကြောင်းတွေကို မြောက်ပြင် ၁၁ လမ်း ကြံခင်းရပ်ကွက်အတွင်းရှိ ဆရာ(ဦး)မြသောင်းထံ တကူတကသွားပြီးပြောဖြစ်နေသည်။ ထိုအချိန်က….။ တစ်ပတ်လျှင် အနည်းဆုံး သုံးရက်လောက်ရောက် ဖြစ်နေ၏။
တစ်နေ့ ဆရာ(ဦး)မြသောင်းက အလွန်သပ်ရပ်နှစ်လိုဖွယ်ကောင်းလှသည့် လက်ရေးစာမူကိုပြ၏။ ၀တ္ထုတို ၂ပုဒ်။ ဖတ်ကြည့်စမ်းပါ။ သိပ်ကောင်းတယ် ဟု ပြောသည်။ ကျွန်တော်ဖတ်မိ၏။ လက်ရေးလက်သားသာမက အရေးအသားနှင့် အတတ်ပညာကပါ ဆွဲဆောင်သည်။ ဖတ်ပြီးစာမူအဆုံးက လက်မှတ်ကိုကြည့်မိသည်။ ဘုရား…ဘုရား… ၀င်းစည်သူတဲ့။ သည်အချိန်မှာ မဂ္ဂဇင်းစာမျက်နှာပေါ်၌ ၀င်းစည်သူဝတ္ထုကို နှစ်ခြိုက်သတိထားမိနေကြပြီ။ နောက်တော့ မကြာခင်လမှာပဲ ကျွန်တော်ဖတ်ဖူးသော ၀တ္ထုတိုက ရုပ်ရှင်အောင်လံမဂ္ဂဇင်းမှာ ပုံနှိပ်စာလုံး အဖြစ် ပြန်လည်ဖတ်ရှုရ၏။ အားကျစရာ ကောင်းလိုက်တာ။
နောက်တော့… နောက်တော့… ဆရာဝင်းစည်သူကို ထိတွေ့ခွင့်ရသည်။ ၃၂ လမ်းက ဆရာဦးစောအောင်၏ မုတ်ဆိတ် လက်ဖက်ရည်ဆိုင်မှာ…..၊ ကိုညိုရဲ့ လူထုစာအုပ်ဆိုင်အသစ်လေးရှေ့ ဗာဒံပင်ရိပ်မှာ….၊ ၃၃ လမ်း မန်းဧရာအရှေ့ဘက်က မင်္ဂလာကဖေးမှာ…..၊ ၈၃ လမ်း စာသင်ခန်းခုံတန်းတွေပေါ်မှာ…..။
ဆရာဝင်းစည်သူနှင့် ပတ်သက်၍ အရင်းနှီးဆုံးမိတ်ဆွေတွေက ကျွန်တော့်ထက်ပိုပြီး ဆရာ့အကြောင်းကို ပို၍ပြောပြနိုင်ကြမှာပေါ့။ ကျွန်တော်ပြောနိုင်တာက အခုလိုဓာတ်ပုံနဂ္ဂတစ်ဟောင်းတွေ ပြန်လှန်ကြည့်မိတိုင်း သတိထားမိတာက ဆရာဝင်းစည်သူကို ကျွန်တော် ဓာတ်ပုံအများဆုံးရိုက်ပေးခဲ့ဖူးခဲ့တာကိုး။ ကိုညို (ဆရာညီပုလေး)စာအုပ်ဆိုင်ထဲမှာ ဆရာတစ်ယောက်တည်းပုံ တွေအတော်များများ။ ပြီးတော့ ကိုညိုသမီးငယ် ရွှေပြည်စိုးလေးနှင့် သုံး၊လေးပုံ။ လူထုဧည့်ခန်းထဲက လောကနတ်ရုပ်တုနှင့်ပုံကတော့ တကူးတကကို သေချာရိုက်ခိုင်းသည့်ပုံ။ ဆရာက လောကနတ်ကို သုခုမအနုပညာအမှတ်အသားအဖြစ် တန်ဖိုးထား အလေးအမြတ်ပြုသည့်သဘော…။ ငြိမ်းချမ်းရေးသင်္ကေတ အဖြစ် မြတ်နိုးသည့်သဘော…။ ဒါကဓာတ်ပုံနှင့် ပတ်သက်ပြီး ကျွန်တော်နှင့် ဆရာတိုက်ရိုက်ပတ်သက်မှု။
နောက် တိုက်ရိုက်ပတ်သက်မှုတစ်ခုက မန္တလေးထုတ် ရွှေဝတ်ရည်မဂ္ဂဇင်းမှာ ရှားပန်း ကလောင်အမည်ဖြင့် စာပေဝေဖန်ရေးကဏ္ဍတစ်ခု လစဉ်ပင်တိုင်ရေးခွင့်ရခြင်းကိစ္စ။ ဒါကလည်း ကျွန်တော်ခဏခဏရေးဖြစ်ခဲ့ပြီးဖြစ်သည်။ ထားခဲ့ပါဦးစို့။ ထိုထားခဲ့ပါဦးစို့ဟု ပြောသည့်အကြား စကားမစပ်ပြောရဦးမှာက လစဉ် ရှားပန်းစာမူကို ပထမသုံးလလောက်က ဆရာဝင်းစည်သူကိုယ်တိုင် ကျွန်တော့်အိမ်သို့ လာယူသည်။ ဟေမာဇလအိမ်မှာ။ ထိုစဉ်က ကျွန်တော်စာအုပ်အငှားဆိုင် ဖွင့်သည်။ ဆိုင်မှာ ညတိုင်လျှင်လူစုံသည်။ ကိုကျော်စိုးဝင်း(ကြည်လင်အေး)၊ ကိုနေ၀င်း(ချမ်းမင်းအိမ်)၊ ကိုပိုင်စိုးဝေ၊ ကိုရိုးကွန့်၊ ကိုကြည်ဇော်ဝင်း၊ ကိုညိုထွန်းလူ၊ ကိုအော်ပီကျယ်၊ ကိုစိုးဝင်းငြိမ်း စသည်…။
ရှားပန်း စာမူလာယူချိန်ဆိုလျှင် ဆရာဝင်းစည်သူက သူ့ဆလွန်းကားဖြူလေးဖြင့် ဆိုင်ပိတ်ခါနီး၊ ညဥ့်နက်မှာရောက်လာသည်။ ကျွန်တော် က လက်ရေးစာမူလေးပေးတော့ ဆရာကစာအုပ်ဆိုင်အငှားစားပွဲမှာ ချက်ချင်းထိုင်ဖတ်သည်။ အနားမှာ စာရေးဆရာ အပေါင်းအသင်းတွေရှိငြား စကားမပြောအား။ ဖတ်ရင်းဖြင့် အိတ်ထဲမှာပါသော မင်နီတံဖြင့် သတ်ပုံတွေကို ပြင်၏။ ကျောင်းသားတစ်ယောက်၏ စာစီစာကုံး အဖြေလွှာကို စစ်ပုံမျိုး။ ကျွန်တော်ကလည်း သည်ကတည်းက အကျင့်မကောင်း။ အခုထိပဲဆိုပါတော့။ တွေ့သည့်စာရွက်မှာ ဖြစ်သလို ရေးသည့်စာမူ။ လက်ရေး လက်သားကမကောင်း၊ သတ်ပုံကလည်းမမှန်၊ အရေးအသားက မသပ်မရပ်၊ သည်လို ဖြစ်ကတတ်ဆန်းစာမူကို ဆရာကစိတ်ရှည်လက်ရှည်ဖတ်သည်။ သတ်ပုံ သတ်ညွှန်းပြင်သည်။ ဒါပါပဲ။ ကျွန်တော့်အရေးအသားမပြင်။ ပြောကြစို့ဆိုလျှင် အလွန်ဝသော မန္တလေးမြို့မှ လူတစ်ယောက်သည်… ဟူသော သဒ္ဒါအမှားအယွင်းမျိုးကိုပင် မပြင်။ အဘယ့်ကြောင့်ဆိုသော် ဆရာကသည် စာမူနှင့် ပတ်သက်၍ မဂ္ဂဇင်းနှင့် ဘာတာဝန်မှမရှိပါဘဲ စေတနာ့ဝန်ထမ်း အကျိုးဆောင်ပေးသူ ဖြစ်သောကြောင့်ဖြစ်၏။ စာမူ တည်းဖြတ်ခွင့်ရှိသူကား မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ ဆရာမောင်သစ်လွင်(လူထု)ပဲမို့ ဆရာဝင်းစည်သူက စည်းစောင့်သည်။ ကုန်ကုန်ပြောကြစို့ဆိုလျှင် စာမူပါ ကျွန်တော့်အယူအဆ၊ ကျွန်တော့သဘောထားကိုပင် ညှိနှိုင်းပြောဆိုခြင်းမပြု။ ကောင်းတယ်ဗျာ ဟုပဲပြောကာ စာမူလေးခေါက်ပြီး တိုက်ပုံ အင်္ကျီအိတ် ထဲထည့်သည်။ ပြီးတော့မှ သူဖတ်ခဲ့ရသော ၀တ္ထုတို၊ ၀တ္ထုရှည်တွေအကြောင်း ပြောချင်ပြောမည်။
မှတ်မှတ်ရရ၊ တစ်ခါတော့ ကျွန်တော့်ဆီကဆရာ ဗန်းမော်တင်အောင် စာအုပ်တွေချည်းတစ်အုပ်ပြီးတစ်အုပ် ပြန်ဖတ်၏။ အတော်များများ ပြန်ဖတ်ပြီးမှ စကားတစ်ခုဆိုသည်။ ဘယ့်နှယ့်ဗျာ… ဆရာဗန်းမော်တင်အောင်မှာ အနုပညာအား မရှိဘူးလို့ပြောပါလိမ့်၊ အခုပြန်ဖတ်ကြည့်တော့ ကောင်းလိုက်တဲ့ အနုပညာဗျာ၊ မြိုင် မှာဆိုရင်ဗျာ… ဟုဆိုကာ တစ်နံတစ်လျား ရှင်းပြနေ၏။ တစ်ယောက်ယောက်က ဆရာဗန်းမော်တင်အောင် ၀တ္ထုတွေမှာ အနုပညာအားမရှိဘူးလို့ ပြောဆိုမှုအပေါ် ဘ၀င်မကျ၍ ဖြစ်မည်။ နောက်တော့ ဗန်းမော် တင်အောင်၏ မြိုင် ကို ကျွန်တော့်ဆီက ခဏခဏငှားကာ တစွတ်စွတ်ဖတ်၏။
နောက် မှတ်မှတ်ရရတစ်ခုက မင်္ဂလာကဖေး၏ ဧပြီနှောင်းပိုင်းနေ့လယ်လက်ဖက်ရည်ဝိုင်းတစ်ဝိုင်းမှာဖြစ်သည်။ စာရေးဆရာတွေက မန္တလေးသင်္ကြန်ကို နှမြောလွမ်းဆွတ်တသပြီး သင်္ကြန်မိုးကို စားမြုံ့ပြန်ဂုဏ်ယူနေကြ၏။ ဆရာဝင်းစည်သူက သင်္ကြန်မိုးကို အားမရသေးပုံပြောတော့ အံ့အားသင့်ကြသည်။ နောက်မှ ဆရာကသင်္ကြန်မိုးမှာ ဖြည့်ချင်၊ စွက်ချင်တာတွေ တစ်ကွက်ချင်း၊ တစ်ကတ်ချင်းပြောပြတော့မှ ဘ၀င်ကျကာ ဟုတ်တယ်ဆရာ။ အဲဒါတွေများ ရိုက်လိုက်ရရင် ဟု တညီတညာတည်းအသံထွက်ကြ၏။ သြော်… နာမည်ကျော်ပြဇာတ် ဒါရိုက်တာ ၀င်းစည်သူပဲကိုး။
ဆရာ၏ ဆယ့်နှစ်ပွဲဈေးသည်ဝတ္ထုတိုများ လှုပ်ခတ်ပြီးနောက် ၉၀ ၀န်းကျင်ဝတ္ထုတိုများမှာ ကျွန်တော်က ကိုကျော်စိုးဝင်း၏ အစီအစဉ်ဖြင့် ဆရာ့စာအုပ်ကို မတတ်တတတ်နှင့် စာဖောင်ဖွဲ့ပြင်ဆင်ပေးရသည်။ အဲဒီတုန်းက ကွန်ပျူတာဖြင့်တိုက်ရိုက်စာဖောင်ဖွဲ့သည့် PageMaker ကို မသုံးကြသေး စီပြီးကွန်ပျူတာစာမျက်နှာများအား ကပ်ကြေးနှင့်ကိုက်၊ စာအုပ်အရွယ်ဖြတ်ထားသော တစ်ဖက်ချောဂျပ်တွေ ပေါ်ဆင်ပေး၊ ကော်နှင့်ကပ်။ တစ်အုပ်လုံးပြီးတော့ တချို့အပိုဒ်တွေကို ဆရာကိုယ်တိုင်ပြန်ဖြုတ်ပြီး စာမျက်နှာအသစ်တွေထပ်ထိုးခဲ့ရတာ မှတ်မိနေသည်။အချို့ဝတ္ထုတိုများကား ဆရာ့ဝတ္ထုတိုလုံးချင်းတွေမှာမပါခဲ့တာ သေချာနေပြီ။ ပြီးတော့ဖလင်ကို ဖလက်တွဲပေးရ၏။ ဆရာနှင့် တိုက်ရိုက်ပတ်သက်ခဲ့တာ တစ်ခုပေါ့။
ထိုအချိန်မှာ ရန်ကုန်တွင် ၀ဇီရာပြဇာတ် ခေတ်စားလာ၏။ ပြဇာတ်… ပြဇာတ်ဆိုသောအသံတွေက စာမျက်နှာများ အပေါ်ထိ အုံကြွလာ၏။ တန်ဆောင်တိုင် အရပ်ပြဇာတ်လောက် ကဖူးသူတွေကလည်း ပြဇာတ်ပညာဆိုတာ ဟူသော အသံတွေ မိုးမွှန်လာသည်။ ထိုအသံဗလံများ အကြား မန္တလေးကဇာတ်မင်းသားပညာရှင်တချို့က တိမ်းမူးသွားတော့ ဆရာဝင်းစည်သူက တဗျစ်တောက်တောက်ခံပြင်းနေ၏။ မန္တလေး အရှေ့ဘက်အစွန်၊ ယဉ်ပျံထန်းတောအစပ် ခြံဝင်းလေးထဲအေးအေးဆေးဆေး ဈေးရောင်းကာ နေ့လယ်နေ့ခင်းအိပ်နေတတ်သော သူ့သူငယ်ချင်း ဆရာမောင်ယဉ်အောင်ကို ဆရာဝင်းစည်သူက ဇွတ်သွားနှိုးသည်။ သောင်းသောင်း၊ နင်သည်လိုအိပ်မနေနဲ့ ဟု အတင်းခေါ် လာပုံရသည်။
မန္တလေးက ဆရာ(ဦး)မြသောင်းကလည်း စက်ဘီးပြာလေးတစ်စီးဖြင့် တာရဲတန်းတစ်ခိုသွားကာ မန္တလေးအော်ပရာ၊ မန္တလေးပြဇာတ် ရွှေရောင်ကို ပြန်ဖွင့်ဖို့ကြိုးစားနေ၏။
တစ်နေ့ မှတ်မှတ်ရရ…
ဆရာ(ဦး)မြသောင်း အပြေးအလွှားလာခေါ်၍ ကျွန်တော့်ကင်မရာလေးလွယ်ပြီး ဗောဓိကုန်းရပ်ထဲက ဆရာဝင်းစည်သူ အိမ်လိုက်သွားရ၏။ ဟိုမှာ ဆရာမောင်ယဉ်အောင်ရောက်နေပြီ။ ဆရာဝင်းစည်သူနှင့် ပတ်သက်၍လည်း ကျွန်တော်လေးစားသော ဆရာမောင်ယဉ်အောင်ကို ခပ်စောစောအချိန်ကာလကတည်းက ဆက်စပ်မိနေသည်။ ဆရာမောင်ယဉ်အောင်က သူ့ပြဇာတ်တွင် လိုအပ်သော ရှေးဟောင်း အင်းဝခေတ် ကဗျာတစ်ပုဒ်ကို ကျွန်တော်က ရှာဖွေပေးရခြင်းဖြစ်သည်။ ဆရာဝင်းစည်သူက ကျွန်တော့်ကို ကနဦးရေးခဲ့သော ကလောင်နာမည်ဖြင့်ပဲ ခေါ်လေ့ရှိသည်။ ထို့ကြောင့် ကိုဆန်းကျော်မောင်… မောင်ယဉ်အောင်လာတယ်လေ…. ဟု အစချီကာ ကျွန်တော့်ကို ဆရာမောင်ယဉ်အောင်နှင့် မိတ်ဆက်ပေးသည်။ အခုထိ ထိုစာတိုလေးကို ကျွန်တော်မှတ်မှတ်ရရသိမ်းဆည်းထားပါ၏။ ဟော… ဗောဓိကုန်းက ဆရာဝင်းစည်သူအိမ်မှာပဲ ဆရာမောင်ယဉ်အောင်ကို ထပ်မံတွေ့ဆုံရပြန်သည်။ ဆရာမောင်ယဉ်အောင်နှင့် ဆရာဝင်းစည်သူ နှစ်ယောက်တွဲပြီး ပြဇာတ်ဇာတ်ညွှန်းဖိုင်ကြီးတွေဖွင့်ကာ ခေါင်းချင်းဆိုင်နေကြသည်။ ဆရာဝင်းစည်သူ၏ သပ်ရပ်လှပသော လက်ရေးဖြင့်ဖိုင် အသစ်အဖုံးတွေပေါ် ပြဇာတ်နာမည်တွေရေးသည်။ ဆရာ(ဦး)မြသောင်းကလည်း ပန်းသလား မေပျို ပြဇာတ်မှ ရုပ်သေးဇာတ်ဝင်ခန်း တချို့ကို ပြန်ပြော ပြန်ညှိနှိုင်းနေသည်။ ဆရာ(ဦး)မြသောင်း ဖခင်ကားဆရာစိန်ဗေဒါကြီးသားတပည့် နာမည်ကျော် ရုပ်သေးဇာတ်ပို့ ဆိုင်းဆရာကြီး ဦးအုန်းရွှေကိုး။
ကျွန်တော်က သူတို့သုံးဦးလုံးဖလှယ်စကားတွေ တအံ့တသြနားထောင်၊ ကင်မရာမီးခလုတ်ဖွင့်၊ တဖျပ်ဖျပ်ရိုက်။ သူတို့အစီအစဉ်တွေ တအံ့တသြကြား။ မြင်ရကြားရသမျှ ၀မ်းသာစရာကောင်းလိုက်တာ။ မန္တလေးတရုတ်တန်းက မစိုရိမ်ရုပ်ရှင်ရုံကြီး နှစ်ပြတ်ငှားရမ်းပြီး ဆရာ မောင်ယဉ်အောင်၊ ဆရာ ၀င်းစည်သူတို့ရဲ့ ပြဇာတ်ကြီးတွေကို မန္တလေးအနုပညာရှင်များနှင့် ပြန်လည်ကပြကြမလို့တဲ့။
မန္တလေး မစိုးရိမ်ပြဇာတ်ခေတ် ဖွင့်လှစ်ကြတော့မတဲ့။ ဤသို့ဖြင့်… သို့သော်…. သည်နှစ်မှာ ဆရာဝင်းစည်သူဆုံးပါးသွားခဲ့တာ (၁၇)နှစ်ပြည့်ပါပြီ။ အကယ်၍ ဆရာသာ အသက်ထင်ရှားရှိနေပါသေးလျှင်….။
လောကနတ်ရုပ်တုလေးနှင့် ရိုက်ထားသော ဆရာဝင်းစည်သူ၏ ဓာတ်ပုံနဂ္ဂတစ်လေးအား အလင်းရောင်မှာ ထောင်ကြည့်ရင်း အတန်ကြာ ငေးရီမျောပါသွားခဲ့၏။ အတိတ်ဆီကို….။
သတိရမှ နဂ္ဂတစ်လေးအား ပလတ်စတစ်ဖိုင်လေးထဲ အသာအယာထိုးသွင်းပြီး သက်ပြင်းတစ်ခု ခိုးချမိသည်။ ။