တစ်နေ့နေ့…၊ တစ်ချိန်ချိန် …၊ တစ်နေရာရာ …၊
(ည. ထ. လ နှင့် အမှတ်တရ)
မန္တလေးက ကျွန်တော့မိတ်ဆွေ စာရေးဖော်ရေးဖက် များတွင် ကိုညို ဟု ကျွန်တော်ခေါ်သူနှစ်ယောက် ရှိသည်။ တစ်ယောက်က စာရေးဆရာ ညီပုလေး ဖြစ်၏။ အိမ်နာမည် ကိုဘိုညိုမို့ သူ့ဆွေမျိုး၊ သူအသိုင်းအ၀ိုင်း၊ သူ့လုပ်ဖော်ကိုင်ဖက်များက ဘိုညို၊ ကိုညိုဟု ခေါ်ကြသည်။ ကျွန်တော်ကလည်း သူ့ကို ကိုငြိမ်းချမ်း ဟု စတင်၍ တရင်းတနှီးသိထားသော်လည်း၊ နောက်ပိုင်း ရင်းနှီးမှုဖြင့် ကိုညို ဟုပဲ ခေါ်သည်။
နောက် ကိုညို တစ်ယောက်ကတော့ စာရေးဆရာ ညိုထွန်းလူဖြစ်ပါ၏။ သူက နာမည်ရင်း ကိုတင်မောင်ထွန်းဖြစ်ပြီး သူ့ပညာအရည်အချင်းအရ ဒေါက်တာတင်မောင်ထွန်းဟုလည်း ခေါ်ကြသည်။ ကျွန်တော်တို့ရေးဖော်ရေးဖက်များက ည.ထ.လ ဟု ခေါ်သူကခေါ်ကြပြီး လည်ပင်းဖက်ပေါင်းခဲ့ကြသည့် ဆရာနေ၀င်းမြင့်၊ ဆရာသိုက်ထွန်းသက်နှင့် ကျွန်တော်တို့ကတော့ တရင်းတနှီး ကိုညို ဟုခေါ်ကြသည်။ ကျွန်တော်ကတော့ ကွယ်ရာမှာသာ ကိုညို ဟုခေါ်သော် လည်း၊ သူ့ရှေ့ရောက်လျှင်ဖြင့် ငယ်ကြောက်မို့ မျက်လွှာလေးချ၊ ခေါင်းလေးငုံ့၊ ကျုံ့ကျုံ့လေးထိုင်ပြီး ဆရာညို ဟုသာ မရဲတရဲ ခေါ်ရပါလေ၏။ ရေးဖော်ရေးဖက် မိတ်ဆွေများက ကိုထွန်း ဟုခေါ်သူလည်း ရှိသည်။ ကျွန်တော်ကြားမိတာက ဆရာကြည်ဇော်ဝင်းက သူ့ကို ကိုထွန်း ဟုခေါ်သည်။ တချို့ကမူ ဆရာညိုထွန်းလူကို သူ့နာမည်ကျော် ကလောင်ခွဲတစ်ခုဖြစ်သော ဗေဒါညို ဟုလည်းခေါ်ကြသည်။ အဲ … စကားမစပ် … နောက်ထပ် သူ့နာမည်ကျော်ကလောင်ခွဲတစ်ခုကလည်း ကိုထွန်း(လမ်း ၈၀)တဲ့ … ။
သည်နေရာတွင် ကျွန်တော်က ဆရာ ည.ထ.လ (ခေါ်) ကိုညိုကို ကျွန်တော့ ငယ်ကြောက်မို့ ဟု ပြောခဲ့သည်။ ဒါကို ရှင်းရပေမည်။
ကျွန်တော်ကလည်းသူ့ကို လူမမြင်ဖူးခင်ကတည်းက ကလောင်နာမည်ကို ကြားဖူးနေခြင်းဖြစ်သည်။ ညိုထွန်းလူ ဟူသော ကလောင်နာမည်သည် တဖက်သူကို ချက်ချင်းမှတ်မိသွားစေသော အာနိသင် သာမက … သူ့ဝတ္ထုများ၏ ဖွယ်ဖွယ်ရာရာပီယ၀ါစာ စကားပြေများကြောင့်လည်း သူ့ကလောင်နာမည်က တဖက်သူကို ဖမ်းစားနိုင်ခဲ့ သည်။ ကျွန်တော်ကလည်း သူ့စာတွေစွဲလမ်းစဉ်က ဆရာငြိမ်းကျော်၏ စာအုပ်ထူထူကြီးတွေကို စွဲမက်စဉ်ကာလ (ယခုထိလည်း စွဲမက်နေပါသည်) မို့ ဆရာ ညိုထွန်းလူ၏ အဖွဲအနွဲ့နှင့် သိုင်းဝိုင်းမှုတွေကို နှစ်သက်နေမိသည်။ ထို့ကြောင့်လည်း လူချင်းမတွေ့ဖူးခင်ကတည်းက ညိုထွန်းလူကို သိရှိခံစားနေခြင်းဖြစ်သည်။
ဆရာညိုထွန်းလူနှင့် ကျွန်တော် စတင်သိရှိခြင်း ဇာတ်ဝင်ခန်းများ ကလည်း ရှေ့ရှေ့က နောင်တော် ဆရာသမားတွေလိုပဲဖြစ်သည်။ သိုက်ထွန်းသက်၊ ညီပုလေး၊ ၀င်းစည်သူ၊ ကျော်ရင်မြင့်၊ ရဲသျှမ်း၊ ကြည်ဇော်ဝင်း၊ ညိုထွန်းလူဟူသည် ထိုစဉ်ကာလက ညီညွတ်သောတပ်ဦးများဖြစ်ခဲ့သည်မဟုတ်လော … ။ သူတို့ကို တစ်ဦးချင်းစီခွဲလို့မရ … ။ တစ်ဖွဲ့တစ်စည်းလုံးအနေနှင့် တွေ့ရှိရခြင်းဖြစ်သည်။ သစ်တစ်ပင်ချင်းစီမဟုတ်… ။ သစ်တောတစ်တောဖြစ်သည်။ ဆရာညိုထွန်းလူကိုလည်း ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လက်ဆည်ကန်ရပ်၊ လူထုကြီးပွားရေးစာအုပ်တိုက်ရှေ့ ဗာဒံပင်ရိပ်မှာပဲ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သည့်မတိုင်မီ ကျွန်တော်က… တစ်ကိုယ်တော် စာတိုပေစရေးချိန်၊ ကိုညို(ဆရာညီပုလေး)က သိရှိပြီး သူ့အိမ်သို့ဖိတ်ကာ… ၊ စာပေသမားမည်သူများနှင့် ရင်းနှီးပါသလဲ၊ ဘယ်သူတွေနှင့် စကားပြောဝိုင်းဖွဲ့ ဖြစ်ပါလဲ၊ ဒီမှာလည်း စာသမားတွေစုစည်းမိကြောင်း စိတ်ဝင်စားလျှင် လာရောက်နိုင်ပါကြောင်း ပြောကြားစဉ် … ဆရာညိုထွန်းလူကိုလည်း ဆရာညီပုလေးက တခုတ်တရ ကြိုတင်မိတ်ဆက်ပေးနေတာ မှတ်မိသည်။ ထား … ။
ကဲ … နောက်ကြောင်းပြန်ကြဦးစို့ … ။ ဗာဒံရိပ်မှာဆုံတော့ … ဒါ … ဆရာညိုထွန်းလူ … လေ ဟု မိတ်ဆက်ပေးစဉ် မျက်မှန်နှင့် ကျော့ကျော့မော့မော့ ကိုယ့်ဆရာကိုမြင်လိုက်တော့ အထင်နှင့်အမြင်ပါ စင်အောင်လွဲမှားသည်။ ကျွန်တော်ထင်တာက … ရုပ်ရှင်တွေထဲမှာတွေ့ဖူးသော ရန်ကုန်တက္ကသိုလ်က စာပေသမားများလို ဆံပင်ဘုတ်သိုက်၊ တိုက်ပုံလျော့ရဲ၊ ပုဆိုးတို၊ ဆေးပြင်းလိပ်၊ မျက်မှန်ထူကြီးနှင့်ဟု ထင်ထားသည်။ ယခု… မြင်ရတော့ မဟုတ် … ။ သပ်ရပ်၊ ခံ့ညား၊ စတိုင်ကျလှချည့် … ။ တွေ့တွေ့ချင်းပင် ကျွန်တော်က ဆရာညိုထွန်းလူ စာတွေဖတ်ဖူးကြောင်း ဆိုတော့ … ။ သူကလည်း ငမြောက်ငခြောက်ရေးသော ကျွန်တော့ စာတိုပေစတွေဖတ်ဖူးကြောင်းဆိုသည်။ ပိုမိုလေးနက်အောင် ကျွန်တော့ စာပါ အကြောင်းအရာတွေကိုပါ ဖွယ်ဖွယ်ရာရာပြောပြလိုက်သေး … ။ ရုတ်ချည်း၊ ကျွန်တော်ဝမ်းသာသွားသည်။ သူနှင့်ကျွန်တော်စကားတွေအများကြီးပြောနိုင်ဖို့ တူညီသော အခြေခံအချက်အလက်တွေကို တစ်ခဏချင်းတူးဆွမိသွားသည်။ ထို့နောက် သူက ကျွန်တော့အိမ်သို့ အေးအေးဆေးဆေး လာမယ်ဟု ချိန်းသည်။ ကျွန်တော်ဝမ်းသာသွားသည်။ အေးအေးဆေးဆေးတွေ့ ကြမည်။ ကျွန်တော့ ဟေမာဇလရပ်က နေအိမ်ကို ညွှန်းလိုက်သည်။
သို့သော်ထိုစဉ်ကသူ့မှာ မွေးမြူကုသရေးဆိုင်ရာတာဝန်များနှင့် ကိုယ်ပိုင်စီးပွားရေးများကြောင့် ဗာဒံရိပ်မှာ၊ မင်းမင်းကျော်မှာ၊ ညဈေးတန်း ရွှေအိနြေ္ဒစာပေနှင့် ရွှေပါတီ လက်ဖက်ရည် စားပွဲတွေမှာပဲ တွေ့ ဖြစ်သည်။ သည်နေရာတွေမှာ သူနှင့်ကျွန်တော်က စကားတွေ အများကြီးပြောဖြစ်သည်။ စောစောကတင်ပြခဲ့ သလို တူတာတွေတူးဆွကြတာတွေပေါ့ … ။ ထိုစဉ်က သူနှင့်ကျွန်တော် တူတာတွေမှာ … ဒဂုန်တာရာ၏ စာပေသဘောတရား၊ စာပေဝေဖန်ရေးနှင့် စာပေလှုပ်ရှားမှုများ၊ ရုပ်ပုံလွှာ … ၊ ဗညားသီဟ၏စာပေစစ်တမ်းများ၊ ၀င်းခက်၏ စာမော်ကွန်း၊ ပေါ်သစ်၏ အလှရှာတော်ပုံ၊ မြသန်းတင့်၏ ကျွန်တော်ဆက်၍ရေးချင်သော ၀တ္ထုများ၊ ဘ၀တက္ကသိုလ်၊ ပါရီကျဆုံးခန်း၊ မိုးဝေနှင့် ရှုမ၀မဂ္ဂဇင်းများ … ။
မထင်မှတ်ဘဲ နောက်ထပ် တူတာတစ်ခုကိုလည်း မတော်တဆတွေ့ရှိသွားပြန်သည်။ ကျွန်တော့အဖေက ဆိုင်းဝါသနာအိုး၊ ဇာတ်ဝါသနာအိုး၊ အငြိမ့်ဝါသနာအိုး ဖြစ်သည်။ ကိုယ်တိုင်ဝါသနာပါရုံမက… နယ်က ၀ါသနာရှင်များအတွက်လည်း အိမ်မှာထမင်းကျွေး၊ လက်ဆောင်ပေးပြီး အကျိုးဆောင်သည်။ တပေါင်း တန်ခူးကာလအလှူပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီးပျံ၊ ကျောင်းရေစက်ချများအတွက် နယ်က ပွဲငှားလာသူတိုင်း အဖေက ဖဲထီးကြီးပုခုံးချိတ်ပြီး တာရဲတန်းတစ်ခိုပွဲငှား အကျိုးဆောင်ပေးသည်။ သည်အခါ ကျွန်တော်က အဖေ့ပုဆိုးဆွဲပြီး ဒရွတ်တိုက်ပါသည်ချည်းပင် … ။ အထူးသဖြင့် သူ့ ကြိုက်နှစ်သက်သော ဆိုင်းတွေ၊ ဇာတ်တွေ၊ အငြိမ့်တွေကို အဖေက ညွှန်းဆိုကာ ]ပွဲရှင်လည်းစိတ်ချမ်းသာအောင်၊ ပွဲငှားလည်း မျက်နှာမပူရအောင်} တစ်ပြားတစ်ချပ်မှမရပါဘဲ အကျိုးဆောင်ပေးခြင်းဖြစ်ပါ၏။ ဆိုင်းဆိုလျှင် စိန်ဘညို၊ ရွှေဒေါင်းမြိုင်၊ ဇာတ်ဆိုလျှင် မွန်ကျော်အောင် (ရွှေမန်းကျော်အောင်)၊ မြို့တော်ဝင်းမြိုင်၊ အငြိမ့်ဆိုလျှင် ဦးသြဘာထောင်သော အငြိမ့်နှင့် မဗေဒါ၊ ပြုံးချို … စသည်။ ထို့ကြောင့် ပွဲရာသီစလျှင် ကျွန်တော်တို့အိမ်မှာ ဇာတ်ပိုစတာ၊ အငြိမ့်ပိုစတာ အသစ်တွေရောက်လာသည်။ အဖေကလည်း အိမ်ရှေ့နံရံမှာ သေချာကပ်သည်။ နှစ်တိုင်းမြင်နေရသည်က ပွဲငှားရန်ဌာန ဒို့ဘိတ်သိတ်ဆရာကြီး ဦးကျော်ဇော-ဒေါ်သိန်းရင်နှင့် သား လူရွှင်တော်ရွှေဖား လက်ချိတ်တန်းရပ် ဟူသော နာမည်များပဲဖြစ်ပါ၏။ အဖေကသူတို့နှင့် ရင်းချာသောမိတ်ဆွေများမို့ နှစ်စဉ် ပိုစတာတွေရသည်။
ထို အိမ်သို့လည်း အဖေနှင့်ဇာတ်ငှားရန်မကြာခဏရောက်ဖူးသည်။ ထို့နောက် ဘိသတ်ခရိုင် ဦးဘရင်ဟူသော ဆိုင်းဘုတ်ကိုလည်း မှတ်မိနေ၏။ ကိုကြည်ကိုကြူးတည်ထောင်သော ရွှေရတနာအငြိမ့်ဟူသော ဆိုင်းဘုတ်ကိုလည်း ရင်းနှီးနေသည်။ နောက်စကားစပ်လိုက်တော့ ဆိုင်းဘုတ်များက ဆရာညိုထွန်းလူနေထိုင်သော တာရဲတန်းအိမ်၏ အနီးတ၀ိုက် ဖြစ်နေသည်ဆို၏။ ထို့ပြင်… အဖေကြိုက်သော ရွာစားကျော်ရွှေဒေါင်းမြိုင်ကလည်း ဆရာညိုထွန်းလူ ဦးလေးအရင်းခေါက်ခေါက်ဖြစ်နေပြန်သည်။ ထို့ကြောင့် သူနှင့်ကျွန်တော်က
အတော်အသင့်ဆို (……………………..)ငှား …၊
အချောင်လိုရင် (……………………..)ငှား …၊
တစ်သောင်းကိုင်နိုင်မှ (ဒေါင်းမြိုင်) ငှား … ဟူသော စကားများကို အချင်းချင်းပြောနိုင်တော့၏။
ထို့နောက် သူနှင့်ကျွန်တော် တာရဲတန်းဗေဒများကို အပြန်ပြန်အလှန်လှန် ဖလှယ်နိုင်တော့သည်။ နောက်တော့ သူ့ ဦးလေး ရွှေဒေါင်းမြိုင်ထံမှ မဟာဂီတကို ကြိုး ၁၃ပုဒ် တက်ခဲ့သည့်အကြောင်း …၊ မြန်မာမင်းသားအက၏ အခြေခံစည်းဖနှောင့်ဗျောက်ဝါးနှင့် ခြေနှင့် ခါးနှင့် ခေါင်းနှင့် လက်ကယ်စုံမှသာ …၊ ခြေ… ၊ ခြေကစကာ … လက်ကိုပုံမှန်ထားလို့ … အစရှိသော အခြေခံများကိုလည်း သူက နှံ့စပ်သည်။ တစ်ခါကများဆိုလျှင် ထန်းရိပ်ညိုပန်းချီပြခန်းမှာ သုခုမပညာနှင့် ပတ်သက်၍ ငြင်းကြခုန်ကြတော့ သူက မင်းသားအကများကိုစံနစ်တကျသရုပ်ပြပြီး သူ့သဘောထားအမြင်တွေကို သက်သေပြသွားသည်။ သည်တော့ ကျွန်တော်နှင့်က ၀ါသနာတူ၊ ပိုးတူမို့ တွဲမိသွားတော့သည်။ နောက်ပိုင်း ၁၉၈၈ခု မုန်တိုင်းဒီရေကာလများတွင်လည်း ပိုမိုသွေးနီးခဲ့ကြရပြန်သည်။ သည်နောက် … ကျွန်တော့်အိမ်သို့ အရောက်အပေါက်များလာသလို သူ့အိမ်ကိုလည်း ရောက်ဖြစ်သည်။ သူ့ဖခင်ကြီးက အတွေ့အကြုံ ကြီးမားသော တော်လှန်သည့် နိုင်ငံရေးသမားကြီးမို့ မေးရ၊ မြန်းရ၊ နာခံရခြင်းဖြစ်သည်။
၁၉၉၀ကျော်ကာလများအတွင်း သူရယ်၊ ကျွန်တော်ရယ်၊ ကိုသိုက် (ဆရာသိုက်ထွန်းသက်)ရယ်က ပို၍ အတွဲများခဲ့ကြ၏။ ထိုစဉ်က သူ့မှာ သမီးတွေထံက ဖီးဆင့်စက်ဘီး အစိမ်းလေးဖြစ်စေ၊ အညိုလေးဖြစ်စေ စီးလာတတ်သည်။ ကိုသိုက်နှင့် ကျွန်တော်က မြင်းခြံဘောင်နှင့် ညွန့်ပေါင်း မိန်းမစီး စက်ဘီးကြီးတွေနှင့် ဖြစ်၏။ တစ်ယောက်ရေးဖြစ်တာ တစ်ယောက်ပြဖြစ်သည်။ ပြီးတော့ အပြန်အလှန်ဝေဖန်ကြပြီး ပြန်လည်ပြုပြင်ကာ အချောကိုပင် ပြန်၍ပြကြပြန်သေးသည်။ အချို့သော ကျွန်တော့ဝတ္ထုတွေ၊ သူ့ဝတ္ထုတွေမှာ သူနှင့်ကျွန်တော် နှစ်ယောက် တွေ့ ကြုံကြမှုအပေါ် ခွဲဝေရေးသားကြသည်များလည်း ရှိသည်။ တစ်ခါက မန္တလေးဘူတာကြီး ထဲတွင် မြောက်ပိုင်းရှမ်းပြည်နယ်သို့ အရေးပေါ်သွားရောက်မည့် စစ်တပ်တစ်တပ်မှ လက်နက်ကြီးများကို မြင်တွေ့ ကြပြီး … သူက ၀တ္ထုတိုတစ်ပုဒ်ကို စာမျက်နှာပေါ်ရောက်အောင် တင်နိုင်ခဲ့သည်။ မှတ်မှတ်ရရ ထိုစဉ်ကာလ သူက မြေအရောင်းအ၀ယ်လည်း လုပ်ကိုင်လိုက်သေး၏။ မနက်လင်းလျှင် ကဗျာဆရာချမ်းမင်းအိမ်နှင့် ကျွန်တော့်အိမ်မှာ ဆုံကြပြီး ပုဂံအလှ မြေပွဲစားတန်းသို့ ခြေဦးလှည့်ချင်လှည့်တတ်သည်။ ယခု ကံသာယာမြို့သစ် စတင်ဖော်တော့ မျှောတိုင်ငုတ်တွေနှင့် မြေကွက်လျာထားသော ထိုလယ်ကွင်းများဆီ ကျွန်တော်နှင့်သူ စက်ဘီးကိုယ်စီနှင့် သွားကြသည်။ သိပ္ပံလမ်းမှ တောင်ဘက် တမျှော်တခေါ်ဝေးသော ထိုနေရာများဆီသို့ အကြမ်းဖောက်ပြီးစ ယခု ၆၂လမ်းမှ မသွားကြဘဲ၊ ယခု သွားဘက်ဆိုင်ရာတက္ကသိုလ် ဖွင့်လှစ်ထားသည့် မြေကွက်ကြီးကို ဖြတ်သော စက်ဘီးလမ်းကလေးက သွားကြရတာလည်း မှတ်မိနေသည်။ ထိုသို့ နှစ်ယောက်သား စက်ဘီးကိုယ်စီနင်းရင်း သူပြောပြသည့် မြေကွက် ဇာတ်လမ်းလေးတွေ၊ ရွာခံတို့၏ ခံစားချက်တွေကို ကျွန်တော်လည်း ၀တ္ထုရေးဖြစ်သည်။ ယခုကျွန်တော့်အစ်မတွေနေကြသော ကံသာယာရပ်ကွက်က မြေကွက်လေးကိုလည်း ကျွန်တော် အဖတ်တင်အောင်သူက ဆောင်ရွက်ပေးခဲ့သည်။
နောက် … ၁၉၉၄ – ၉၅ ၀န်းကျင်မှာတော့ ယခုပန်းချီဆရာ ဦးမျိုးခင်(ထန်းရိပ်ညို) အစီအစဉ်ဖြင့် သူရယ်၊ ကျွန်တော်ရယ်၊ ကိုသိုက်ရယ်က ကြော်ငြာမီဒီယာ တစ်ခုကို အောင်အောင်မြင်မြင် ဆောင်ရွက်လုပ်ကိုင်နိုင်ခဲ့ကြသေး၏။ ထိုစဉ်ကာလ ပုဂံသို့လည်း ခရီးအကြိမ်ကြိမ် ထွက်ဖြစ်ကြသည်။ ရန်ကုန်မှ မကြာမကြာရောက်လာတတ်သော ဆရာနေ၀င်းမြင့်လည်း ပါလာတတ်သည်။ ဤသို့ဖြင့် ကျွန်တော်တို့တစ်တွေ နေ့ရောညရော (သန်းခေါင်သန်းလွဲတိုင်) အမြဲတွဲဖြစ်နေတော့ တစ်ယောက်နှင့်တစ်ယောက် ကိုယ်ရေးကိုယ်တာ၊ မိသားစုအရေးတွေကအစ သိနေကြတော့၏။ ထိုစဉ်ကာလ … အိမ်ထောင်ရေးမုန်တိုင်း လှိုင်းကြီးနေသော ကိုသိုက်(ဆရာသိုက်ထွန်းသက်)ကို ၀န်းရံပြီး ပျော်ရွှင်ဖွယ်မိသားစုဘ၀တစ်ခု ပြန်လည်ရှင်သန်ထမြောက်ရေး ဗျူဟာပေါင်းစုံဖြင့် အားပေးနေချိန်လည်း ဖြစ်သည်။ စကားမစပ် ဤသို့သော ကိုသိုက်ကို အားပေးစကားများအား ကျွန်တော်တို့နှင့် အတူရှိနေသော ဆရာမ မ၀င့်(မြစ်ငယ်)က မကြားချင်အဆုံးဖြစ်နေပြီး သူ့မောင်လေးဇေရတုနှင့် ခိုးယူလိုက်ပါသွားသည့် အဖြစ်အပျက်ကလည်း မမေ့နိုင်စရာ ဖြစ်သည်။
ထိုစဉ် … ကျွန်တော်ကတော့ အပေါ်ယံမှာ တည်ငြိမ်သယောင်ရှိနေသော်လည်း မိသားစု နေရေး ထိုင်ရေး နှင့် ရှေ့ရေးကိစ္စတွေ အတွင်းလှိုက် ဘလောင်ဆူနေသည်။ ဒါကို ဆရာညိုထွန်းလူတို့၊ ဆရာသိုက်ထွန်းသက်တို့၊ ဦးမျိုးခင်(ထန်းရိပ်ညို)တို့က အတွင်းသိဖြစ်နေသည်။ ထို့ကြောင့် အတော်များများ မိသားစုကိစ္စတွေကို သူနှင့် (ဆရာညိုထွန်းလူ)နှင့် ကျွန်တော် အတွေ့များတော့ ပိုပြောဖြစ်၏။ စိတ်ညစ်ညူးဖွယ် ရင်ဖွင့်စကားတွေချည်း ပြောဖြစ်ပြန်တော့ ရသသဘောအရ ကြည်နူးပျော်ရွှင်ဖွယ် ဟိုဟိုသည်သည်ကိစ္စလေးတွေဖက် ဦးလှည့်ပြောဆိုကြတော့ … တစ်ခါတစ်ရံ ကျွန်တော့် ငယ်ကျိုးငယ်နာတွေ ပါကုန်လေသောအခါ …၊ ပြောပြီးမှတော့ ဖုံးဖိမရလေတော့။ ထို့ကြောင့် သူ့ကို ကျွန်တော်က အခုထိ ငယ်ကြောက် ဖြစ်ခဲ့ရတော့သည် ဟု ရှေ့ပိုင်းမှာ တခုတ်တရပြောခဲ့ခြင်းဖြစ်သည်။ ဒါဖြင့် … ကိုယ်ကချည်း ပြောသလော … သူကရော အားကျမခံ ပြန်မပြောလေဘူးလားဟု မေးစရာရှိပါ၏။ ဟုတ်ကဲ့ … ။ မပြောရိုးလား ခင်ဗျာ … ။ ပြောသမှ ကျွန်တော်တို့မှာ မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသား၊ သက်ပြင်းတချချဖြင့် နားထောင်ရလေသပေါ့။ ကျွန်တော်က ဘာရမလဲ။ ထိုအဖြစ်အပျက်တွေကို ကိုယ်ကြုံတွေ့ရသလိုလို ၀တ္ထုတွေရေးပစ်လိုက်တာပေါ့။ ထိုအခါ အကျိုးအမြတ်က စာဖတ်ပရိသတ်ထံမှ ဆူးငှက်က ရည်းစားများသလေးဘာလေး ဖြစ်ကုန်ရော … ။
ကဲ … ထားပါတော့ … ။ မည်သို့ဆိုစေ သူ့အတွေ့အကြုံများထဲမှ ကျွန်တော်တို့ ပြန်လည်ရေးသားနိုင်စွမ်းမရှိသည့် အဖြစ်အပျက်တွေရှိသည်။ သူ့လက်နှင့် သူကိုယ်တိုင်ရေးမှ ဖြစ်မည်။ ရေးဖို့လည်း သူ့ကို အကြိမ်ကြိမ်တိုက်တွန်းသော်လည်း အခုထိ သူ မရေးဖြစ် … ။ ထိုအကြောင်းအရာများအနက် အချို့မှာ သူကိုယ်တိုင် စက်ဘီးတစ်စီးဖြင့် မွေးမြူရေးခြံကြီးများသို့ အပတ်စဉ် ကုသရေးဆင်းစဉ်က မန္တလေးတောင်ခြေမှ ဇာတ်လမ်းများနှင့် သူ့အိမ်မှာ ကြက်ဥဖောက်စက်အတွက် ၀ယ်ယူထားသော မီးစက်ကြီးကို ကြက်ဥဖောက်စက်လုပ်ငန်း မလုပ်တော့ချိန် ဇာတ်များ၊ အငြိမ့်များသို့ အငှားလိုက်သည့် ဇာတ်လမ်းများ … ။ ထို့ဖြင့် ကားတစ်စီးဖြင့် မြန်မာပြည်အနှံ့ သွားရောက်သည့် ဇာတ်လမ်းများပဲဖြစ်သည်။
သူ့မှာထူးခြားသောဂုဏ်ပုဒ်တစ်ခုလည်းရှိသေး၏။ သူနှင့်ခရီးအတူထွက်ရလျှင်အလွန်ပျော်ရွှင်ရသည်။ မန္တလေးမှထွက်သတည်းက သီချင်းတအေးအေးဖြစ်နေ၏။ တစ်လမ်းလုံးလည်း ရယ်စရာတွေပြောလာသည်။ ကိုယ့်အချင်းချင်းဆိုလျှင် သီချင်းတကြော်ကြော်ဖြစ်လာသည်။ ကျွန်တော်တို့အတူခရီးအများဆုံးထွက်ဖြစ်တာက ကိုနေ(ဆရာနေ၀င်းမြင့်)၊ ကိုသိုက်(ဆရာသိုက်ထွန်းသက်)၊ သူနှင့် ကျွန်တော်တို့ဖြစ်၏။ နောက်ပိုင်း ကိုစိုးဘားဒိုင်လည်း ပါတတ်သည်။ အင်းတော်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ ကောလင်း ခရီး။ ပုဂံ ညောင်ဦး ပုပ္ပား ခရီး။ ချောက်၊ ကန်ပက်လက်၊ နတ်မတောင်၊ မင်းတပ်၊ ကျောက်ထု၊ ပေါက်၊ ပခုက္ကူ ခရီးများအပါအ၀င် အနီးအနားခရီးတွေလည်း အများအပြား သွားကြသည်။ အနီးဆုံး သခင်မတောင်တော် အိမ်ရှေ့မင်း ထန်းတောပေါ့ … ။ မှတ်မှတ်ရရအရှိဆုံးက လက်ဖက်ရည်ဆိုင်မှာ အတူတူထိုင်နေရာမှပင် ရုတ်ခြည်းစီစဉ်ပြီး ချက်ချင်းထသွားဖြစ်သော မုံရွာဖိုဝင်းတောင်ခရီးဖြစ်သည်။ ဖိုးဝင်းတောင်၊ ရွှေဘတောင်၊ ဖန်ခါးတောင်တကြော … သူ၏ မြိုင်ထ စခန်းချအသံက အနားမပေးတော့ … ။ ကျွန်တော်နှင့်တွဲစဉ် သူစိတ်ညစ်ရသည့်အချိန်ကတော့ ၁၉၉၈ခုနှစ် ကျွန်တော်အိမ်ပြောင်းရစဉ်ကဖြစ်မည်။ မနက် ၇နာရီဝန်းကျင် သူ့ထံဖုန်းဆက်အကြောင်းကြားပြီး နေ့ချင်းပြီး အိမ်ငှားရှာရခြင်းဖြစ်၏။ သူ့မှာ ကျွန်တော့မိတ်ဆွေ ကိုသန်းဦးနှင့် တွဲပြီး အဆင်ပြေမည့် အိမ်ခန်းတစ်ခန်းချက်ချင်းရှာရခြင်းဖြစ်သည်။ ဤသို့ အဆင်မပြေမှုနှင့်တွေ့လေတိုင်း သူငြီးတွားလေ့ရှိသည့် စကားတစ်ခွန်းရှိသည်။ ငါ့ကျ ဒါမျိုးချည်းပဲ … ဟူလို … ။ သည်စကားက အခုထိကျွန်တော်တို့ အချင်းချင်းသိသော အဆင်မပြေမှုပြယုဂ်စကားအဖြစ် တွင်ရစ်ခဲ့လေပြီ … ။
ကျွန်တော်တို့ထဲမှာ မိသားစုနှင့် သားသမီးကံကောင်းသူများထဲတွင် သူကလည်း နံပါတ်ဝမ်း တစ်ဂဏန်းတစ်ပဲ ဖြစ်သည်။ အလွန်တော်သော ဇနီးမယား အိမ်ထောင်ဖက်များအပြင် လိမ္မာရေးခြား သွက်လက်ထက်မြတ်သော သမီးနှစ်ယောက်ကိုလည်း ရရှိထားသည်။ သမီးအကြီးက ခပ်အေးအေးနှင့် ထူးချွန်သည်၊ သမီးအငယ်ကတော့ ခပ်သွက်သွက်နှင့် ထက်မြတ်၏။ သူ့ခြေရာနင်းမှာက သမီးငယ်ဖြစ်သည်။ ငယ်စဉ်ကတည်းက ၀တ္ထုတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ သာမက ပြဇာတ်များပင်ရေးလိုက်သေးတော့ … ။ သမီးအငယ်က သရုပ်ဆောင်လည်းထူးချွန်တာ ကျွန်တော်သိသည်။ နောက် … လုပ်ငန်းခွင်ရောက်ပြန်တော့လည်း ထူးချွန်သည့် ဂျာနယ်လစ် တစ်ယောက် ဖြစ်နေပြန်သည်။ မိဘကို ချစ်လိုက်သည်ကလည်း ဂုဏ်ယူစရာ။ တကယ်တော့ သမီးငယ်က ဆောင်းပါးတွေ၊ ၀တ္ထုတွေကို ပုံနှိပ်မီဒီယာတွေပေါ်မှာ စဉ်ဆက်မပြတ် ရေးဖို့ကောင်းလည်း ယခု သူက အွန်လိုင်းမှာပဲလက်စွမ်းပြနေ၏။
ကိုင်း … လွန်ခဲ့သည့် နှစ်(၂၀)၀န်းကျင်က နေ့ရောညရော အိပ်မှခွဲကြသည့် ကျွန်တော်တို့တစ်တွေ အခုတော့လည်း သုံး၊ လေးလ နေလို့ တစ်ခါမတွေ့တော့…၊ တွေ့တော့လည်း ဖျိုးဖျိုးဖျပ်ဖျပ် … ။ တာဝန်ကိုယ်စီ ရှိကြလေပြီ။ သူက အောင်မြင်သော ကိုယ်ပိုင်ဂျာနယ်နှင့် ရန်ကုန်-မန္တလေး ကူးချည်သန်းချည် အလုပ်ရှုပ်နေလည်း တယ်လီဖုန်းနှင့်ပင် ဟိုဟိုသည်သည် ရယ်ရွှမ်းပတ်ရွှမ်း မပြောနိုင်ကြလေတော့ … ။ သူ(ဆရာညိုထွန်းလူ)ရယ်၊ ကိုသိုက်(ဆရာသိုက်ထွန်းသက်)ရယ်၊ ကိုနေ(ဆရာနေ၀င်းမြင့်) ရယ်၊ ကျွန်တော်(ဆူးငှက်)ရယ် … အရင်ကလို ပြန်ဆုံပြီး အိမ်ရှေ့မင်းထန်းတော တစ်နေ့လယ်လောက် သွားကြရအောင်ဟု ချိန်းခဲ့ကြတာ သုံးနှစ်ပြည့်လုပြီ။ အကောင်အထည် မဖော်နိုင်သေး … ။
တစ်နေ့နေ့ … ၊ တစ်ချိန်ချိန် … ၊ တစ်နေရာရာ … ဆုံကြသေးတာပေါ့ ဆရာညိုရယ် … ဟုပဲ ကျေနပ်နေကြရတော့သည်လေ … ။