ထို့ကြောင့် ထိုအရာသည်… TTT (ဆရာ သိုက်ထွန်းသက်နှင့်)

ထို့ကြောင့် ထိုအရာသည်… TTT (ဆရာ သိုက်ထွန်းသက်နှင့်)

ကျွန်တော်တို့တတွေ အချင်းချင်းမတွေ့ဆုံဖြစ်တာ အတော်ကြာပြီ။ လွန်ခဲ့တဲ့ ၁၅နှစ်ကျော် အနှစ်၂၀ ၀န်းကျင်ကဆိုရင် မနက်မိုးလင်းတာနှင့် စက်ဘီးကိုယ်စီစီးပြီး ဆုံနေကျ လက်ဖက်ရည်ဆိုင်ကို အပြေးအလွှားရောက်လာကြသည်။ ထို့နောက် ပါလာသော မဂ္ဂဇင်းအသစ်တွေ လွယ်အိတ်ထဲကထုတ်ပြီး လှန်လှောကြည့်ကြ၊ စာမြည်းကြ၊ အချင်းချင်းစကားပြောကြနှင့် နံနက်စာလွတ်ကြသည်က များသည်။ အကယ်၍ ထိုမဂ္ဂဇင်းထဲမှာ သူ့ဝတ္ထု၊ ကိုယ့်ဝတ္ထုပါလျှင်ဖြင့် စကားတွေက ပိုလို့ပြောကောင်းတာပေါ့။ ဒါဆိုရင် မနက်ပိုင်း လက်ဖက်ရည်ချိန်သာမက နေ့လယ်ခင်းရော၊ ညပိုင်းရော ဆက်သွားကြတော့တာပေါ့။ ညဥ့်နက်သန်းခေါင် အိပ်ချိန်ရောက်မှပဲ အိမ် ပြန်ရောက်ကြသည်။ ထိုကဲ့သို့ နိစ္စဓူဝ ဆုံတွေ့ကြရာတွင် ကိစ္စများမြောင် လူတို့ဘောင် ဟု ဆိုသည့်အတိုင်း ကိုယ့်ကိစ္စ၊ သူ့ကိစ္စ ရှိကြ၍ ပျက်ကွက်သူ ပျက်ကွက်ကြသော်လည်း မိုးရွာရွာ၊ နေပူပူ သံယောဇဉ်ကြီးစွာဖြင့် မပျက်မကွက် ရောက်လာသူတစ်ဦးက ရှိသည်။ တကယ်တော့ သူက လာရသည်မှာ အဝေးဆုံး၊ ကျန်းမာရေးအရလည်း အချူချာဆုံး၊ ပြီးတော့ ကျွန်တော်တို့ထဲမှာ ၀ါအကြီး ဆုံး၊ အသက်အကြီးဆုံး၊ ပြီးတော့ သံယောဇဉ်အကြီးဆုံး….။

(၁)
    ကျွန်တော်တို့၊ ကျွန်တော်တို့ဟု ပြောဆိုရေးသားသော်လည်း ထိုကျွန်တော်တို့အထဲမှာ ကျွန်တော်က ၀ါအငယ်ဆုံး၊ အသက်အငယ်ဆုံး။ ပြောကြစို့ဆိုလျှင် စတင်တွေ့ဆုံကြစဉ် ကာလတုန်းက ကျွန်တော်က ရွေဘော်စာ….။ ၀ိုင်းအစွန်က မရဲတရဲထိုင်ပြီး ငေးမောနားထောင်ရသူ။ သည်တုန်းက ၁၉၈၁ ဆိုင်းတန်းမီးနှင့် ၁၉၈၄ ဦးကျားကြီးဝင်းမီး ပြီးခါစ။ မန္တလေး၏ အထင်ကရ ဗိုလ်ချုပ်အောင်ဆန်းလမ်း၏ ၂၈လမ်းမှ ၂၉လမ်းကြား အစိတ်အပိုင်းတွေမှာ မီးသင့်ခံခဲ့ရသည်။ မီးသင့်ခဲ့သည့် အဆောက်အဦးကြီး တစ်ခု၏ ရှေ့ကဆင်ဝင် သမံတလင်းပေါ်မှာ ကဗျာဆရာ ကိုငယ်(ကျောက်ဆည်)က စာအုပ်ဆိုင်ဖွင့်သည်။ နံနက် ၉နာရီဝန်းကျင် လောက်ဆိုလျှင် သူ့ရွှေအိနြေ္ဒစာအုပ်ဆိုင်ဆီ မန္တလေးက စာရေးဆရာတွေ ရောက်လာတတ်သည်။ ၀ါးတန်းမှာနေသော ဆရာဝန်စာရေးဆရာ ပြေ(ဆေး-၂)လည်း ရောက်လာသည်။ လက်ဆည်ကန်က စာရေးဆရာ ညီပုလေးလည်း ပြိုင်ဘီးလေးနှင့် ရောက်လာသည်။ ထို့နောက် အခြားစာရေးဆရာ၊ ကဗျာဆရာတွေလည်း ကြုံရင် ကြုံသလို ရောက်လာတတ်သည်။ လာနေကျသူတွေ ဆုံလျှင် သူ့ကို မျှော်တတ်ကြသည်။ သူက အလုပ်အများသား….။ ရပ်ကွက်ထဲက စာသုံးသူ သမ၀ါယမ အသင်းဆိုင်မှာလည်း တာဝန်ရှိသူတဲ့။ ပြီးတော့ အိမ်ခွန်၊ မြေခွန်ကောက်ရတဲ့ တာဝန်တွေလည်း ရှိတာတဲ့။ သူက မန္တလေးမြို့၏ မြောက်ဘက်အစွန်ရပ်ကွက်မှာနေသည်။ မြို့လယ်ခေါင် ဈေးချိုရှိ ကောက်ပဲသီးနှံရုံးကိုလည်း သူ့သမ၀ါယမဆိုင်အတွက် ဆန်ပါမစ်တွေလည်း လာထုတ်ရတာတဲ့။ မည်သို့ဆိုစေ သူသည် မြို့လယ်ခေါင်မီးလောင်ပြင် စာပေ၀ိုင်းသို့ နေ့စဉ်မပျက်မကွက် ရောက်လာလေ့ရှိသည်။ ထိုစဉ်ကာလ သူက မိုးဝေကဲ့သို့သော စာပေ သြဇာရှိသည့် မဂ္ဂဇင်းကြီးထဲမှာ ၀တ္ထုတိုတွေ၊ ကဗျာတွေ ခပ်စိတ်စိတ် ပါပြီးပြီ။ ၀ါအရင့်ဆုံးဆိုပါတော့။
    သည်တော့ အသစ်ထုတ် မဂ္ဂဇင်းတွေ လှန်လှောကြည့်ရင်း ကဗျာတွေ၊ ၀တ္ထုတိုတွေ၊ ဆောင်းပါးတွေသာမက ကဗျာဆရာ၊ စာရေးဆရာတွေနှင့် ပတ်သက်သည့် ကိုယ်ရေးအချက်အလက်တွေကိုလည်း သူ့ထံက ထင်မြင်ချက်၊ သုံးသပ်ချက်တွေနှင့် ဝေဖန်ချက်တွေကိုပါမကျန် ကြားရလေ့ရှိသည်။ ထိုစဉ်က ကျွန်တော်သည် မြို့နယ်ကုန်ထုတ် သမ၀ါယမအသင်းတစ်သင်း၏ အငယ်တန်းမန်နေဂျာလေးတစ်ဦးမျှသာ….။ အင်း…. ဆောင်းပါးလေးတစ်ပုဒ်စ နှစ်ပုဒ်စတော့ သောင်းပြောင်းထွေလာမဂ္ဂဇင်းမှာ၊ သဘင်မဂ္ဂဇင်းမှာ၊ စံပယ်ဖြူမဂ္ဂဇင်းမှာ၊ ဆရာမြသန်းတင့်ကိုင်သော စန္ဒာမဂ္ဂဇင်းမှာ ပါနေပြီပေါ့။ သည်တော့ အလုပ်တာဝန်မှ ထမင်းစားနားချိန်ဆိုလျှင် အပြေးအလွှားထမင်းစား ပြီး သူတို့ဝိုင်းဆီ စက်ဘီးလေးနှင့်ပြေးရတာပေါ့။ တကယ်တော့ ထိုဝိုင်းမှာ စောစောကပြောခဲ့သလို ကျွန်တော်က ရွေဘော်စာဆိုတော့ ၀င်မဆံ့ရဲဘူးပေါ့။ ဒါပေမယ့် မျက်နှာမငယ်စေရ၊ အားမငယ်စေရ ထိုဝိုင်း၏ ၀ါအရင့်ဆုံး သမ္ဘာအရင့်ဆုံး သူက ကျွန်တော့ကို အားမငယ်စေရ၊ မျက်နှာမငယ်စေရ၊ ကျွန်တော်ရေးသော ဆောင်းပါးအချက်အလက်တွေနှင့် ပတ်သက်ပြီး သူတို့စကားဝိုင်း၏ ကြားဖြတ်အစီအစဉ်များတွင် နေရာပေးတတ်သည်။ ဘယ့်နှယ့်လဲ ကိုယ့်လူ၊ ထီးရိုးဝင်းဇာတ်ရုံမှာ အင်အားသစ်ဝင်နေပြီတဲ့။ ဓားတောင်ကိုတော့ တရုတ်တန်းရုံမှာမှ စတင်မှာတဲ့။ ဒီနှစ် အောင်မြေအေးကလည်း နှစ်ဖွဲ့ခွဲမှာတဲ့။ ဘထွေးပေါက မြို့တော်ဆိုပြီး အငြိမ့်ထောင်မယ်လို့လည်းကြားတယ် စသည့် ပဋိသန္တာရစကားဆိုသည်။ တကယ်တော့ ကျွန်တော်က သုခုမဆောင်းပါးတွေ ရေးလို့သာရေးတာ မြောက်ပြင် ၁၅ လမ်းဗေဒ၊ တာရဲတန်းဗေဒတွေ ကျွမ်းကျင်သူမဟုတ်။ ကိစ္စမရှိ သူတို့ဝိုင်းမှာ စကားဝင်ပြောခွင့် ရသည်ကပဲ အာဂဆုလဒ်မဟုတ်ပါလား။

(၂)
    ဤသို့ဖြင့် ကျွန်တော်သည် သူတို့ဝိုင်း၏ အနုပညာအသီးအပွင့်ဖြစ်သော တစ်ဆယ့်နှစ်မျက်နှာ နာရီစင်ဝတ္ထုတိုစုထွက်တော့ မဖြစ်စလောက်ကျွန်တော်က လက်နှိပ်စက်ဖြင့် စာမျက်နှာ ၂၀ ခန့်ရှိသည့် ဝေဖန်ချက်ကြီးကို ပေးပို့ခဲ့သည်။ ၀ိုင်းတော်သား အများစုကတော့ အမြင်မကြည်ချင်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော့်ကို တလေးတစား ပြန်ကြားနားလည်ခဲ့သူ နှစ်ဦးရှိသည်။ ကိုညီပုလေးနှင့်သူပဲဖြစ်သည်။ သူက တချို့အမြင်တွေကိုတော့ ကိုယ်သဘောမတူဘူး။ ဒါပေမယ့် ခြုံပြီးပြောရရင် မောင်ရင့်ပေတံက ဆရာစွမ်းတို့ပေတံနဲ့ အတူတူမို့ မူအားဖြင့် ကိုယ်လက်ခံပါတယ်။ ဒီတော့ ကျီးဘုတ်မြှောက်၊ ဘုတ်ကျီးမြှောက် ဆိုတဲ့ မောင်ရင့်အမြင်အချို့ကို ပြင်ပြီး မဂ္ဂဇင်းပို့လိုက်ပါလား ဟု အားပေးသည်။ ဒါကလည်း အမှတ်တရ။
    ထို့နောက် နာရီစင်ဓာတ်ဆီဆိုင်အဆောက်အဦး၏ အပေါ်ထပ်မှာ ကျွန်တော့်အစ်မက အကသင်တန်းဖွင့်တော့ သူတို့ဝိုင်းက အစီအစဉ်ဖြင့် မန္တလေးမြို့၏ သက်ကြီးဝါကြီး စာရေးဆရာကြီး ကဗျာဆရာကြီးတွေနှင့်အတူ ဖွင့်ပွဲအခမ်းအနား တစ်ခမ်းတနားကျင်းပ အားပေးခဲ့သည်။ ထိုမျှမက သူက သူ၏သမီးနှစ်ယောက်ကိုလည်း အကသင်တန်းမှာ အပ်နှံအကသင်စေကာ မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် ကျောင်းပို့ကျောင်းကြိုလုပ်ပြီး ကျွန်တော်တို့နှင့် ပိုမိုနီးကပ်စေခဲ့သည်။ နောက်တော့ ကောဇာသက္ကရာဇ် ၁၃၅၀ ပြည့်နှစ်၏ မိုးဦးရာသီအချိုးအကွေ့တွေမှာတော့ မြို့လယ်ခေါင်က ကျူရှင်ခန်းတစ်ခန်းထဲမှာ အတူအိပ်၊ အတူစားကြရင်း လက်ချင်းချိတ်ကြ၊ လက်ချင်းဖျစ်ညှစ်ကြ၊ ကျေနပ်ကြ၊ ဒေါသဖြစ်ကြ၊ ပေါက်ကွဲကြ၊ ပြန်လည်ညှိနှိုင်းပြေလည်ဝမ်းမြောက်ကြ၊ မျှော်လင့်ကြ၊ ၀မ်းနည်းပူဆွေးကြ….။ ထို့နောက် …..၊ ထို့နောက် …..၊ ဘာပဲပြောပြော ရက်နှစ်ဆယ်ကျော်အတွေ့အကြုံအတွင်း သူ၏သံယောဇဉ်၊ သူ၏ချိန်ဆမှု၊ သူ၏စာနယ်ဇင်းအတတ်ပညာတွေကို ကျွန်တော် မသိမသာ သိရှိခွင့်ရခဲ့သည်။ ရိုးလွန်းသည့်လူ၊ ရိုးလွန်းပြန်တော့လည်း တစ်ခါတစ်ရံ အဆန်းထွင်လေသလားလို့ ထင်မှားခံရသူ….။

(၃)
    မုန်တိုင်းငြိမ်သက်ပြီးနောက် မခွဲနိုင်မခွာရက်နိုင်လွန်း သော ညီအစ်ကိုမိတ်ဆွေတွေ သွေးနီးခရီးတစ်ခု ပြန်ထွက်လိုက်တော့ မုန်တိုင်းပြန်ထန်လိုက်သည်က သူ၏အသိုက်အမြုံ ပျက်စီးလွင့် ပါးခဲ့ရသည်အထိ။ သူ့မှာ လူမမယ် သမီးလေးနှစ်ယောက်လက်ဆွဲလို့ နေပူထဲမှာ ဘယ်ထီးမှမပါသလေ။ တွေ့လိုက်ရင် ညွန့်ပေါင်းမိန်းမစီး စက်ဘီးကြီးနှင့် လွယ်အိတ်ကြီးလွယ်၊ ချွေးတွေကတရွဲရွဲ၊ မြိုသိပ်မထားနိုင်လို့ တွေ့တဲ့သူတိုင်း မိတ်ဆွေအမှတ်ဖြင့် ရင်တွေဖွင့်။ တစ်ခါတစ်ရံ ရင်းနှီးလွန်းသူကိုလည်း အပျိုပေါက်သမီးတွေအတွက် အသုံးအဆောင်မေးရ၊ မြန်းရ။ ဆေးဝါးမှသည် အလှကုန်အထိ။ ထိုစဉ်ကာလ သူ့ကိုကြည့်ရသည်မှာ စိတ်မောလိုက်ရတာလေ။ ကျွန်တော်တို့လည်း ချဉ်ပေါင်ဟင်းကူသောက်သူထဲတွင် ပါခဲ့သည်။ သူ့အားပေးသည်ဟုဆိုပြီး သူ့အိမ်သွားကာ သူ့ထမင်းအိုးဖွင့်စားလိုစား။ နေပူကျဲကျဲထဲ သူသွားဝယ်သော ခေါက်ဆွဲကြော် ထုပ်တွေ အကုန်စားလို့စား။ နောက်တော့ သူသည် ကျွန်တော်တို့၏ ၀ါရင့်ပညာရှင်အသွင် အောင်တော်မူရပ်က ခြံကြီးတစ်ခြံ၏ မန်ကျည်းပင်အောက် စာပွဲခုံတွေသည် ဆုံဆည်းမိကြပြီး ချွေးသိပ်အနားယူ…..။ ပြီးတော့ စာဝတ်နေရေးအတွက် မီဒီယာအလုပ်တစ်ခု ပူးပေါင်းတာဝန်ယူ….။ ဒါပေမယ့်လေ စာရေးဆရာက ဘယ့်နှယ့်စီးပွားရေးလုပ်တတ်ပါ့မလဲ။ သည်တော့ ဒုံရင်းဒုံရင်းပဲ လွယ်အိတ်ပြန် လွယ်ပြီး ပိုက်ဆံမရနိုင်သည့် စာပေအလုပ်တွေ ပြန်လုပ်ကြတာပဲလေ။ အဲဒီ မန်ကျည်းပင်ရိပ်မှာပဲပေါ့။ ဒါပေမယ့် သူ့အတွက် ဘ၀တစ်ဆစ်ချိုးဖြစ်ခဲ့သည်။ ခြောက်သွေ့အထီးကျန်မှု၏ ပေါက်ကွဲမှုတွေ အဆုံးသတ်ခဲ့သည်။ စာနာမှု၊ နားလည်မှု၊ ချစ်ခြင်းမေတ္တာနှင့် ဘ၀ခရီးလမ်းအသစ်ကို ဆုံတွေ့သည့်ကာလများလည်းဖြစ်သည်။ လက်ဖက်ရည်ဆိုင်ထိုင်ကြ၊ စကားတွေပြောကြ၊ လစဉ်ထုတ်မဂ္ဂဇင်း အသစ်တွေ တစ်အုပ်မကျန်ဝယ်ပြီး စုဖတ်ကြ၊ စုသုံးသပ်ကြ၊ စာပေအလုပ်တွေ စီမံချက်ရေးဆွဲကြ၊ သူစက်ဘီးကြီးက မန်ကျည်းပင်ရိပ်မှာ ရက်ရှည်ဖုန်တွေတက်ပြီး သူရော ကျွန်တော်တို့ရော ဆိုင်းမဆင့်ဗုံမဆင့် ပုဂံမြို့ဟောင်းက သာသနာ့ရိပ်သာတစ်ခုမှာ ရက်ရှည်သွားရောက် နားခိုချင်ခိုကြ ပျော်စရာကောင်းသည့်ရက်ကာလများလေ။

(၄)
    နောက်ပိုင်းတော့ တစ်ချိန်က သူတို့ဝိုင်းမှာ ရွေဘော်စာသာသာရှိခဲ့သော ကျွန်တော်က ဘ၀င်တွေမြင့်၊ အောက်ခြေတွေလွတ်ပြီး အချို့သောပွဲလမ်းတွေမှာဆိုလျှင် ဖန်ခွက်ကလေးတစ်ကိုင်ကိုင်နှင့် သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ချွတ်နေတတ်သည်။ အချို့ ပွဲတွေမှာဆိုရင် ကျွန်တော်က ပိုမို၍ ဘ၀င်မြင့်လေဟပ်ဘ၀မေ့ပြီး သူငိုယိုပေါက်ကွဲသည်အထိ တိုက်ခိုက်တတ်သည်။ တစ်ခါကများဆို သူ့အိမ်ကို သူဘယ်လိုပြန်ရောက်သွားမှန်းမသိလောက်အောင် သူ့ကိုသူ ဒေါသတကြီးနှင့် ပစ္စုပ္ပန်မေ့သည်မျှ ပေါက်ကွဲပြီး ပြန်သွားရသည်တဲ့။ အဲသည်လောက် ကျွန်တော်ဆိုးရွားခဲ့သည်။ မနှိုင်းကောင်းနှိုင်းကောင်း ကျွန်တော်တို့၏ ဘ၀ဟစ်တိုင်ကာလများပဲပေါ့။ သည့်နောက် ရသ၀တ္ထုရေးသမားသူက ဂျာနယ်တစ်စောင်မှာ ပင်တိုင်သရော်စာရေးတော့လည်း ကျွန်တော်ပဲ မကျေမနပ် ကန့်ကွက်ပြန်သည်။ တကယ်တော့ ကျွန်တော်က သူ့ကို ၀တ္ထုတိုတွေပဲ ရေးစေချင်သည်။ ကျွန်တော်၏ ၀တ္ထုတိုဝိဥာဉ်စတင်လူးလွန့် အစို့အညှောက်ပေါက်ခဲ့သည်က သူ့ဝတ္တုတိုတွေကြောင့်ဖြစ်သည်။ မိုးဝေကို လစဉ် စွဲစွဲမြဲမြဲဖတ်ရှုစဉ်ကာလ ဒေသစွဲကြောင့် မန္တလေးကြောင်းချင်းရာ ၀တ္ထုတွေ၊ ကဗျာတွေဆိုလျှင် ကျွန်တော်စွဲမက်သည်။ မိုးဝေထဲက သူ၏ နွားခရာခွက်ကလေးတွေဝတ္ထုတို ဆိုလျှင်အတော်စွဲလမ်းခဲ့တာပေါ့။ သူ့ဝတ္ထုတိုတွေမှာ စကားပြေအရ ရှေ့တိုးနောက်ဆုတ်နှင့် မောလျလျ အရသာရှိသည်။ နုညံ့ညက်ညော သည့်အဖွဲ့အနွဲ့ရှိသည်။ ချိုမြ ရှတသော အရသာရှိသည်။ မျက်မှောင်ကြုံ့ဖွယ် ပဟေဠိရှိသည်။ ဖတ်ပြီးလျှင် ရီဝေရီဝေ….။ တစ်ခါတစ်ရံ ဂမ္ဘီရအဆန်သား၊ တစ်ခါတစ်ရံ ဇွန်ပန်းရနံ့နှင့် ကတ္တီပါသားနုညံ့မှုမျိုး….။ တစ်ခါတစ်ရံမှာတော့ ပွဲဈေးတန်းက မီးခိုးမှိုင်းထဲမှာ။ မည်သို့ဆိုစေ နောက်ဆုံးမှာတော့ ရီးဝေရီဝေ။ ထို့ကြောင့် ဤသို့သောရသမျိုးပေးစွမ်းနိုင်သည့် ၀တ္ထုတိုလက်အပျက်မခံနိုင်။ သူထိလိုက် သည်နှင့် ရွှေဖြစ်ခဲ့သည့် နာမည်ကျော်မဂ္ဂဇင်းကြီးထဲက ပင်တိုင်သရော်စာကဏ္ဍကို ပရိသတ်က အုံးအုံးကျွက်ကျွက်အားပေးသော်လည်း ကျွန်တော်ကဖြင့် ၀တ္ထုတိုအရေးကောင်းသော သူ့လက်က ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့လုပ်တာကို အားမပေးချင်ခဲ့။
    ဤသို့ဖြင့် ကျွန်တော်လည်း သူ့ကို မန္တလေးထုတ် ရွှေဝတ်ရည်မဂ္ဂဇင်းမှာ ကလောင်ခွဲဖြင့် လက်ညှိုးထိုးခဲ့ဖူးသည်။ သည်အဖြစ်အပျက်ကလည်း အထူးဆန်းသား။ သူ့ကိုနှိုက်က သူ့ကို ဤသို့ရေးဖို့ တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပင်တိုင်ကဏ္ဍတစ်ခု အတွက် သူကအနာခံပြီး ဖွင့်လှစ်ပေးခဲ့ခြင်းလည်းဖြစ်သည်။ ကျွန်တော်သည် ထိုစဉ်ကာလများက သူနှင့်ထိပ်တိုက်ဆုံတိုင်း သူက လူကြီးပီသစွာ စီနီယာသဘော ထိန်းကျောင်းသည်ကိုလည်း ကက်ကက်လန် ပြန်ရန်တွေ့ခဲ့တာလည်းမှတ်မိသည်။ မည်သို့ဆိုစေ သူသည် လူကြီးပီပီ သည်းခံခဲ့သည်ချည်း….။

(၅)
    နောက်တော့ သူက ဂျာနယ်ရေစီးကြောင်းထဲ ဦးစွာခုန်ဆင်းချသွား၏။ ကျွန်တော်တို့ရေးဖော် သူ့မိတ်ဆွေစာရေးဆရာတစ် ယောက်နှင့်တွဲ၍လည်း ဂျာနယ်တစ်စောင် အပီပြင်လုပ်ကိုင်တော့ ကျွန်တော်တို့က အမေရိကန်ဇာတ်လိုက်တွေစတိုင် ပခုံးနှစ်ဖက်တွန့်ပြီး လက်ဝါးနှစ်ဖက်ကို လှန်ပြကာ ဘာမှမတတ်နိုင်တော့ဟူသော အမူအရာဖြင့်သာ တုန့်ပြန်နိုင်ခဲ့သည်။ နောက်တော့လည်း ဘာထူးမှာ လဲ။ ကျွန်တော်ကိုယ်နှိုက်ကလည်း ဂျာနယ်ရေစီးကြောင်းထဲ နှာခေါင်းပိတ် ခုန်ဆင်းချသွားတာပဲမဟုတ်လား။ မည်သို့ဆိုစေ သူနှင့် ကျွန်တော်ကြားမှာ အရင်ကလို မနက်မိုးလင်းတော့ တွေ့ကြတာမျိုးမဟုတ်သော်ငြား လက်ကိုင်တယ်လီဖုန်းလေးတွေ ကိုယ်စီနဲ့မို့ နေ့စဉ်အဆက်အသွယ်တော့ မပြတ်လှ။ စာပေနှင့်ပတ်သက်သည့် ပွဲလမ်းတွေမှာဆိုလျှင် တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်ပြီး မဖြစ်မနေ သွားရောက်ကြသည်။ သူကတော့ လူကြီးပီပီ မအားလျှင် မအားကြောင်းပွင့်ပွင့်လင်းလင်း ကြိုပြောသည်။ ကျွန်တော်ကတော့ သူ့လိုမဟုတ်။ မလိမ့်တပတ်စိတ်ဓာတ်က ရှိတုန်း။ လာမယ် လာမယ် သေချာပေါက်ဟုပြောပြီး ဖုန်းပိတ်ကာရှောင်ရင် ရှောင်နေတတ်သည်။ သည်တော့ သူက ပွဲတွေမှာ တစ်ယောက်တည်း မိုင်းနောက်မိတာပေါ့။ သေချာတာတစ်ခုကတော့ ကျွန်တော် အားကြိုးမာန်တက်လုပ်သည့် ကိစ္စတိုင်းတွင် သူကလည်း ကျွန်တော့်ကို ထိန်းကွပ်ဖို့ အမြဲတမ်း ပါဝင်သည်။ မြို့မ စိန်ရတုမဂ္ဂဇင်း၊ မြို့မ စိန်ရတုသဘင်၊ လေဘာတီမမြရင် အနှစ် ၁၀၀ ပြည့် မန္တလေးအငြိမ့်အလွမ်းပြေ၊ မန္တလေး အနှစ် ၁၅၀ပြည့် အနုပညာပုံရိပ်ပွဲတော်၊ မန္တလေးနှစ် ၁၅၀ ပြည့်ပွဲတော်၊ မြို့မငြိမ်းအနှစ် ၁၀၀ ပြည့် ဂီတပွဲတော်…..၊ စသည်ဖြင့်…..။

(၆)
    ပြီးခဲ့သည် ဧပြီလဆန်းက မန္တလေးစာပေသမားတွေအတွက် အရေးပါပွဲကြီးတစ်ပွဲရှိခဲ့သည်။ အရင်နှစ်တွေကတော့ ထုံးစံအတိုင်း ကျွန်တော်က ရှောင်နေကျပေါ့။ သည်နှစ်မှာတော့ သူက အားနာလောက်အောင် အကြိမ်ကြိမ်ဖုန်းဆက်သည်။ ပွဲစမည့်အချိန်အထိ ဖုန်းဆက်အကြောင်းကြားသည်။ သည်တော့ ကျွန်တော်က သည်တစ်ခါ မရောက်လျှင်ဖြင့် သူ့အပေါ်ကျူးလွန်ခဲ့သည့် ပြစ်မှုတွေက ကြီးကျယ်နိုင်တာမို့ မဖြစ်မနေ သွားရောက်ခဲ့၏။ ကိုင်း….။ သွားတော့လည်း ပြဿနာကတစ်ပုံတစ်ပင်။ ထိုအဖွဲ့အစည်းမှာ ထိုနေ့က သူ့ကို မဲစနစ်ဖြင့် ဥက္ကဋ္ဌတင်လိုက်ကြ၏။ ကျွန်တော်က ဒုတိယမဲအများဆုံး ဒု-ဥက္ကဋ္ဌတဲ့။ ထိုနေ့က ပွဲပြီး ပြီးချင်းပင် လူငယ်မျိုးဆက်သစ်များက အသစ်အဖွဲ့အစည်းအမှုဆောင်ပေါ် မကျေနပ်ကြောင်း အယုံအကြည်မရှိ အဆိုတင်သွင်းကြမည့်အကြောင်း ချက်ချင်းကြား သိရသည်။ သူကလည်း သူ့ရုံးပြန်ရောက်ရောက်ချင်း ကျွန်တော်လည်း ကျွန်တော့ စားပွဲပြန်ရောက်ရောက်ချင်း သူ့ထံကဖုန်းဝင်လာသည်။ တော်တော်လေး စိတ်မကောင်း ၀မ်းနည်းပက်လက် ဖြစ်နေပုံရသည်။ သူက ညီညွတ်ရေးကို လိုလားသူ၊ ငြိမ်းချမ်းလိုသူ၊ အတိုက်အခံအဖြစ်မခံနိုင်သူ၊ ညှိနှိုင်းမှုဖြင့် စိတ်လက်ချမ်းသာလိုသူ….။ မောင်ရင်ကြားပြီးပြီလား ကိုယ့်ကုလားထိုင်က ထိုင်တောင်မထိုင်ရသေးဘူး အခုတော့လှုပ်နေပြီ။ နောက်ဆုံး သူတို့ဘာဖြစ်ချင်တာလဲ။ ကိုယ်တို့အားလုံးနှုတ်ထွက်ပေးကြရုံပေါ့ ဟု ၀မ်းနည်းပက်လက်ပြောသည်။ သြော်…. အသက် ၆၀ ၀န်းကျင် ၀ါရင့်စာရေးဆရာကြီးတစ်ဦး ဖြစ်နေသော်လည်း လူငယ်ကလောင်သစ် တစ်ယောက်လို နှိမ့်ချနေတုန်းကိုး။
    နောက်တော့ အားလုံးညှိနှိုင်းမှုဖြင့် အစည်းအဝေးတစ်ကြိမ်ပြန်ခေါ်ပြီး ရင်ထဲရှိသမျှ ဖွင့်အန်ကြကာ စိတ်လက်ပေါ့ပါးလောက်မှ ဖြစ်ချင်သော၊ ဖြစ်နေသော၊ ဖြစ်သင့်သော အတိုင်းအတာတစ်ခုကို သုံးသပ်၍ ပွဲသိမ်းခဲ့ရသည်။ သူကတော့ ဥက္ကဋ္ဌ ၊ ဥက္ကဋ္ဌပေါ့။ အရင်အမှုဆောင်တွေလည်း ထူးထူးခြားခြားအပြောင်းအလဲမရှိတော့။  သူ…. အတိုက်အခံမရှိဘဲ ညီညွတ်ငြိမ်းချမ်းသွားလို့ ကျေနပ်သည့် အမူအရာအပြည့်။ ပြီးတော့ ကျွန်တော့်ကိုလှမ်းပြောသည်။ မောင်ရင်က ဒါရိုက်တာမောင်ယဉ်အောင်နဲ့ ရင်းနှီးတော့ ဇာတ်ကိုဘယ်အချိန်ရောက်မှ ဖြုတ်ချရမလဲ ဆိုတာ နားလည်တာပေါ့ ဟူလို….။

(၇)
    သူ့ကို ကျွန်တော်တို့က ကိုသိုက်ဟုလည်းခေါ်သည်။ ဆရာသိုက်လို့လည်းခေါ်သည်။ ကွယ်လွန်သူ ဆရာဝင်းစည်သူကတော့ သိုက်ဆရာတဲ့။ မန္တလေးမြို့၏ အထင်ကရ ရွှေမန္တလေးဂျာနယ်ပိုင်ရှင် အယ်ဒီတာချုပ် စာရေးဆရာ သိုက်ထွန်းသက်ကား ယခု ကျွန်တော်တို့တစ်တွေ အရင်လို လက်ဖက်ရည်ဆိုင်မှာ ဆုံတွေ့နိုင်မှုမရှိကြသော်လည်း သူကတော့ အနည်းဆုံး တစ်ရက်ခြားတစ်ခါတော့ တယ်လီဖုန်းနှင့်  ကျွန်တော့်ကိုဆက်ပြီး သံယောဇဉ်ကြီးနေဆဲဖြစ်သည်။ ဘာပဲပြောပြော ကျွန်တော့်အစ်ကိုဆရာကြီး ကျန်းမာ၊ ချမ်းသာ၊ ၀မ်းသာတာကို ကျွန်တော်မြင်ရလို့လည်း ပျော်သည်။ အသက်ကြီးကုန်ကြမင့် ကိုး…..။
 

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>