အခုတော့… ဆီသည်ချောင်က ကောင်ကလေးကို အနိုင်ယူပြန်ပေါ့

အခုတော့… ဆီသည်ချောင်က ကောင်ကလေးကို အနိုင်ယူပြန်ပေါ့

တစ်ခါတစ်ရံ စာအုပ်စင်ရှိ ရှုမ၀မဂ္ဂဇင်းဟောင်းတွေ၊ မိုးဝေမဂ္ဂဇင်းဟောင်းတွေ ပြန်လှန်ကြည့်မိတိုင်း သုံးရောင်ခြယ်စာပေဟူသော ဒေါင်းအိုးဝေစာဟောင်း စာကောင်းဟူသော မင်ရိုက်တံဆိပ်တုံးစာတန်းလေးတွေ မြင်တော့ လွမ်းဆွတ်နေမိသေး၏။ တစ်နေ့သုံးကျပ်မျှသာရသော အမေ့မုန့်ဖိုးလေးက လက်ဖက်ရည်ဆိုင် နှစ်ကြိမ်လောက်ထိုင် တစ်ခါတစ်ရံ ၀င်းလိုက်ရုံမှာ စတောလ်က ရုပ်ရှင်ကြည့်အပြီးမှာပင် လစဉ်ထုတ်မဂ္ဂဇင်းတွေ ပုံမှန်ဝယ်ဖြစ်သည်။ ညနေဓာတ်မီးထွန်းချိန် ရောက်တာနဲ့ ညဈေးတန်းသို့ လမ်းလျှောက်ထွက်ဖြစ်သည်။ ၂၈လမ်းသစ်သီးဆိုင်က မမကြီးကိုကြည့်၊ ထိုးမုန့်ဆိုင်က ညီအစ်မတစ်တွေကို ကြည့်၊ အောက်လိုင်း တောင်မလွယ်နား ဖိနပ်ဆိုင်က မမလေးကို ကြည့်ပြီးသာကာလ နာရီစင်အရှေ့ဘက်ချိုးတက်ကာ အာဇာနည်လမ်းပေါ်က စာအုပ်ဆိုင်တွေဆီရောက် ဖြစ်တော့ သည်။        
    အင်းဝစာအုပ်တိုက် (ယခုချယ်ရီဦးနာရီဆိုင်)နှင့် မျက်နှာချင်းဆိုင်အလယ်ကြောမှာက ကိုသန်းဌေး (ယခုဥတ္တရလွင်ပြင်)၏ သုံးရောင်ခြယ်စာအုပ်ဆိုင် ရှိသည်။ စာအုပ်သစ်၊ စာအုပ်ဟောင်းတွေကို အပြင်အဆင် အခင်းအကျင်းကောင်းကောင်းနှင့် ဖော်ရွေပျူငှာစွာရောင်းချ၏။ သုံးရောင်ခြယ်မှာ ရှုမ၀နှင့်မိုးဝေမဂ္ဂဇင်း အသစ်တွေ ၀ယ်သည်။ ပြီးတော့ ကိုသန်းဌေးစီစဉ်ချုပ်လုပ်ထားသော ပညာပဒေသာလို၊ ပညာလောကလိုမှ ကောင်းနိုးရာရာ စာစု၊ စာတမ်းစာအုပ်မျိုးတွေ ၀ယ်ဖြစ်သည်။ ပြဒါးလင်းဂူလေ့လာချက်၊ ကုန်းဘောင်ခေတ်ဘုန်းကြီးကျောင်းများ၊ ရှေးမြန်မာအိမ်များ၊ အုတ်ခွက်ဘုရား၊ အိုးသမိုင်း….. စသည်။    
    တချို့စာအုပ်ဟောင်းတွေကိုတော့ ကိုထွန်းထွန်း(ယခုရှေ့နေ)၏ ဒေါင်းအိုးဝေမှာ ၀ယ်ဖြစ်သည်။ သူကလည်း တက္ကသိုလ်မှာ ကျွန်တော့်ထက်တစ်နှစ် စီနီယာ ဖြစ်သည်။ တစ်မေဂျာတည်း။ ဖော်ရွေသည်။ ပျူငှာသည်။ ညဈေးတန်းစာအုပ်ဟောင်းတန်းမှာ သည်နှစ်ဆိုင်ကပဲ စာအုပ်တွေ အ၀ယ်များသော်လည်း ကျွန်တော် မျက်စိတွေ့သော၊ ကျွန်တော်ဝယ်လိုသော စာအုပ်တွေအများအပြားရှိသော စာအုပ်ဆိုင်တစ်ဆိုင်လည်း ရှိပါသေး၏။ ဆိုင်နာမည်ရှိသလား၊ မရှိဘူးလား ကျွန်တော် မသိ။ သို့သော် ထိုစာအုပ်ဆိုင်ရှေ့ရောက်လျှင် ကတ္တရာလမ်းပေါ်စီ ဖြန့်ခင်းထားသောစာအုပ်တွေကို ခပ်ကြာကြာလေ ငေးမောကြည့်မိသော်လည်း စာအုပ်ယူကာ လှန်လှောမကြည့်မိ။ ကိုယ်နှစ်သက်သော စာအုပ်တစ်အုပ်တလေကို ဈေးမမေးမိ။ (မကြည့်မိ) (မမေးမိ) ဟူသော အသုံးအနှုန်းထက် မကြည့်ဝံ့၊ မမေးဝံ့ဟုဘဲ သုံးနှုန်းတာက ပိုမိုလျော်ကန်ပါလိမ့်မည်။ အဘယ့်ကြောင့်ဟုမူ စာအုပ်ဆိုင်ပိုင်ရှင်က လွယ်အိတ်ကိုစလွယ်သိုင်း၊ ပုဆိုးတိုတိုဝတ်ကာ အရုပ်ဆိုးဆိုး၊ မျက်နှာထား တင်းတင်းဖြစ်သည့်အပြင် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွေးထူလပျစ်နှင့် ဘယ်သူ့မှလူမထင်သည့်ပုံမို့ သူရောင်းမည့်ပစ္စည်းကိုပင် ကိုင်မကြည့်ဝံ့ခဲ့ခြင်းဖြစ်၏။ အသက် ၁၇နှစ်၊ ၁၈နှစ်အရွယ် ဖြူဖြူပျော့ပျော့၊ ဆံပင်သွဲ့သွဲ့ရှည်ရှည်၊ အကွက်စိပ်ပလေကပ် ဒိုဘီကျ၊ အရောင်နုလေယာဉ်မောင် အင်္ကျီလက်တို၊ ဘယ်ဘက်လက်မှာ ၀၀၉တစ်တိုနီနာရီ၊ ရွှေဆွဲကြိုးမျှင်မျှင်၊ အီတလီကော်ကိုင်းမျက်မှန်နှင့် ကျွန်တော်လိုချာတိတ်တစ်ယောက်ကလည်း သူ့စာအုပ်များနှင့် လားလားမှမထိုက်ဟူသော အကြည့်စိမ်းနှင့်လည်း အမြဲကြိုဆိုနေကျမို့ ကျွန်တော့်စာအုပ်စင်မှာ သူ့ဆိုင်ကစာအုပ်တွေမရှိခဲ့ခြင်းလည်း ဖြစ်ပါ၏။

    ၈၃လမ်း ဆရာဝင်းစည်သူ၏ မြန်မာစာသင်တန်းစာသင်ခန်းမှာ စာရေးဆရာကြီးတစ်ယောက်၏ မဂ္ဂဇင်းမိတ်ဆက်ပွဲ၌ သူ့ကိုနီးနီးကပ်ကပ်စတွေ့သည်။ ထိုနှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွေးထူလပျစ်နှင့် ပုဂ္ဂိုလ်က ကဗျာဆရာတဲ့။ ကလောင်နာမည်ကို ကြားလိုက်တော့မှ ကျွန်တော်အံ့အားသင့်သွားသည်။ အိုး…… ကိုငြိမ်း(မန္တလေး) တဲ့လား။
    
ကျားတော့ကျား        
ဘာကျားလဲ့ဟေ့    
ကြုံခဲတဲ့တရား
ယုန်အသည်းနဲ့ကျား၊
လုံကညာနဲ့မခြား
မှုန်နံ့သာနဲ့ကျား၊
မစို့မပို့နဲ့ထွား
မခို့တရို့နဲ့ကျား၊
နန်းမဟီရဲ့အပါး
ပန်းသီတဲ့ကျား
အလီလီညစ်ခဲ့သလား
အဆီရစ်တဲ့အသား
ထဘီဝတ်တဲ့ကျား

    ချယ်ရီမဂ္ဂဇင်းထဲပါခဲ့သည့် သူ့ကဗျာတစ်ပုဒ်ကို ကျွန်တော်ကြိုက်နှစ်သက်ခဲ့သည်။ အဲသည် ကိုငြိမ်း(မန္တလေး) တဲ့။ ထိုနေ့က ပွဲအပြီးတက်လာသူ အချင်းချင်း နှုတ်ဆက်ကြ၊ ပြောကြဆိုကြ၊ စကားလုံးတွေဖောခြင်းသောခြင်း သွန်းချနေကြချိန်မှာ ရှုးသိုးသိုးမျက်နှာထားနှင့် လွယ်အိတ်ကြီးစလွယ်သိုင်းကာ ထွက်သွားပါ တော့၏။    
    အတော်မျက်နှာပေါက်ဆိုးတဲ့လူ။

    လက်ဖွာဖွာနဲ့ အက္ခရာမဖြုန်းဘူး
    တစ်သက်လုံး ကဗျာဆရာလုပ်မယ်
                                                      ကိုငြိမ်း(မန္တလေး)    
    သူ့လက်ရေးကြွေးကြော်သံနဲ့အတူ နွေရောင်ကောင်းကင်ကဗျာများကို ကဗျာဆရာမောင်သင်းပန်နှင့်တွဲ၍ စာအုပ်ထွက်လာသော အချိန်လောက်က ဖြစ်မည်။ ရွှေဝတ်ရည်သို့ ကျွန်တော်က စာမူပေးအပြီး အယ်ဒီတာစားပွဲမှာ ဆရာမောင်သင်းပန်နှင့်တွေ့၍ ရှမ်းပွဲက အင်းဝကဖေးသို့ နှစ်ဦးသားရောက်ရှိသွားကြကာ ထိုစဉ်က ခေတ်စားနေသော ဘာအုပ်စု၊ ညာအုပ်စုဟူသော ယောက်ျားအတင်း သည်းခြေကြိုက်သတင်းစကားတွေ ကျွန်တော်က ဖောင်လောက်အောင်ပြောနေစဉ် ကိုငြိမ်း(မန္တလေး)ရောက်လာသည်။ ထုံးစံအတိုင်း ကျွန်တော်က ပြောလက်စကားတွေမှာ စကားလုံးကြီးကြီးတွေနှင့် အရှိန်မြင့်တင်နေချိန်လည်းဖြစ်၏။ စကားနောက်တရားပါဆိုသလို ဘယ်သူမှရိုက်မစစ်ရပါဘဲ ကျွန်တော့်အကြောင်းတွေပြောပြဖြစ်ရင်း မောင်သင်းပန်ရော၊ ကိုငြိမ်း(မန္တလေး)ရော၊ သိကျွမ်းသည့် သူတချို့က ကျွန်တော်နှင့်ပါ သိကျွမ်းနေခဲ့သူများဖြစ်နေသည့်အကြောင်းများပင် နယ်ကျွံသွားတော့၏။ ထိုသူတွေက တကယ့် ပေတေး၊ လမ်းပေါ်ကလူတွေ။
    ထိုနေ့က လက်ဖက်ရည်ဆိုင်မှအပြန် ကိုငြိမ်း(မန္တလေး)က ကျွန်တော့်ကိုစကားတစ်ခွန်းစပြောသည်။ မှတ်မှတ်ရရ။ မောင်ရင့်ကိုအရင်က စတွေ့ဖူးကတည်းက လူပေါ်ကြော့သူဌေးသားလို့ ထင်နေတာ။ ကျွန်တော်ကလည်း သူ့ကိုခင်ဗျားကိုလည်း အရင်က ခွကျကျပေါင်းရသင်းရခက်တဲ့လူလို့ ထင်နေတာ။ သို့ဖြင့် ကျွန်တော်နှင့် ကိုငြိမ်း(မန္တလေး)ရင်းနှီးခဲ့ရသည်။

    ရွှေဝတ်ရည်မဂ္ဂဇင်းသို့ ကျွန်တော်ရောက်သွားတော့ ကဗျာတာဝန်ခံက မောင်သင်းပန်နှင့် ကိုငြိမ်း(မန္တလေး)ဖြစ်သည်။ တိုက်မှာအမြဲရှိနေတာကတော့ ကိုငြိမ်း(မန္တလေး)ပဲဖြစ်၏။ ညနေစောင်း အရှေ့၄၅တာက ဖျာပုံမုန့်ဟင်းခါးစားရာမှာရော၊ လစဉ်မဂ္ဂဇင်းဖောင်ပိတ်ပွဲမှာရော အတူဆင်နွှဲနေကျဖြစ်သည်။ အဲသလိုရင်းရင်းနှီးနှီး ပေါင်းသင်းလိုက်ရတော့ လက်ဦးအစ ကိုငြိမ်း(မန္တလေး)အပေါ် ကျွန်တော့်အထင်အမြင်အားလုံး ပါစင်အောင်လွဲသွားပြီ။ အင်မတန် သဘောကောင်းသူ၊ ပျော်တတ်သူ(ထိုစဉ်က အခုလိုအက္ခရာတွေ မဖွာသေးသော်လည်း) သူ့စံချိန်ရောက်လျှင် သူ့စကားလုံးတွေဖောခြင်းသောခြင်း အမျှင်မပြတ် သွန်ချတတ်သူ။
    တကယ်တော့ သူနှင့်ကျွန်တော် အနှစ်၃၀နီးပါးအသက်ကွာခြားက သူကကျွန်တော့ဦးလေးအရွယ်ဖြစ်ငြား ကျွန်တော့်ကိုညီငယ်တစ်ယောက်လို ပွေ့ပိုက်ခဲ့သူ။
    ကိုငြိမ်း(မန္တလေး)နှင့်ပတ်သက်၍ မှတ်မှတ်ရရတစ်ခုရှိခဲ့ဖူးသည်။ ကျွန်တော်က မြန်မာ့ဓနမဂ္ဂဇင်းမှာ လွန်ခဲ့သော ၁၅ နှစ်ကျော် မှစ၍ မန္တလေးမျဉ်းဖြောင့်များ ခေါင်းစဉ်အောက်တွင် ရသဟန်ဆောင်းပါးတွေ လစဉ်ဆက်တိုက်ရေးဖြစ်သည်။ စီးပွားရေးမဂ္ဂဇင်းတွင် ရေးသားသောဆောင်းပါးများမို့ ရသသမားတွေ မျက်စိလျှံသွားမည်ဟု ထင်သည်။ တစ်နေ့….ညနေခင်းပွဲတစ်ပွဲ၌ ကိုငြိမ်း (မန္တလေး)က ကျွန်တော့်ကိုတွေ့တွေ့ချင်း မောင်ဆူး …. မောင်ရင့်ကို ကိုယ်ပြောရဦးမယ်။ မောင်ရင့်ဆောင်းပါးတွေစောင့်ဖတ်ပြီး တစ်နေ့ ပြင်နိုးပြင်နိုးနဲ့ ကြည့်နေတာ အခုအမြင်မတော်တော့ ပြောတာ။ မောင်ရင့်ဆောင်းပါးခေါင်းစဉ်တွေက ဒဂုန်တာရာလိုလို၊ မြသန်းတင့်လိုလိုနဲ့ အဲ့ဒါတွေပြင်ဦး ဟု ပြောသည်။ ကျွန်တော်အလွန်ဝမ်းသာသွားသည်။ ကျွန်တော့်ဆောင်းပါးတွေကို ကိုယ့်အစ်ကိုကြီးက သေချာစောင့်ဖတ်နေတာပဲ။ ပြီးတော့ စေတနာနဲ့ဝေဖန်ထောက်ပြတာပဲ။ ဟုတ်တယ် ကျွန်တော်ကလည်း ဆောင်းပါးခေါင်းစဉ်တွေကို ကျွန်တော်လေးစားသော ဆရာကြီးများ၏ အရိပ်တွင်ရေသာခိုနေခြင်းဖြစ်သည်။ ကိုငြိမ်းကသာ အခုလိုထောက်မပြလျှင် ကျွန်တော်လည်း ဘယ်လောက်ထိ ပေါ့လျော့နေဦးမည်လည်းမသိ။ ထို့ကြောင့် နောက်လဆောင်းပါးကစပြီး ကျွန်တော်စတင်ပြင်ဆင်ခဲ့တော့သည်။ စကားစပ်လို့ သတိရတာလေးတစ်ခု ထပ်ပြောပါရစေဦး။ ကျွန်တော့ ၀တ္ထုတိုပေါင်းချုပ်စာအုပ်လေးတွေ ၂၀၀၀ ခုနှစ် ၀န်းကျင်မှာ ဆက်တိုက်ထွက်ဖြစ်သည်။ ထိုစဉ်ကာလ တစ်ညနေ ကိုငြိမ်းတစ်ယောက် ကျွန်တော့်အိမ်သို့ စက်ဘီးတစ်စီးနှင့်ပေါက်ချလာပြီး မောင်ရင် ကိုယ်နဲ့အတူနေတဲ့သမီးက မောင်ရင့်ဝတ္ထုတွေဖတ်တယ်။ ထွက်တဲ့စာအုပ်တွေ ပေးလိုက်ဦး ဟု ဆိုသည်။ ကျွန်တော့်မှာ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း…။ ထို့ကြောင့် ရှိသည့်စာအုပ်ကလေးတွေ လက်မှတ်ထိုးပြီး ပေးလိုက်သည်။ ထိုနေ့က ကိုငြိမ်းတစ်ယောက် အတော်ကြီးမိုးချုပ်မှ ပြန်သွားတော့သည်။ 

    မန္တလေးမြို့၏ ဟိုး…… အရှေ့အောင်ပင်လယ်ရိုးပြတ်တောတွေဆီ ရုတ်ခြည်းရောက်သွားသော်လည်း မညည်းမတွားဘဲ သူ့လရောင်ပင်လယ်ကို ညွှန်းဆိုလွန်းတာကြောင့် တစ်မနက် စိုးဝင်းငြိမ်းနှင့် ကျွန်တော် စက်ဘီးကိုယ်စီဖြင့် သူ့ဆီရောက်သွားသည်။ လွန်ခဲ့သော ၁၅ နှစ်ကျော်လောက်က ဖြစ်မှာပေါ့။ ဒူးဆစ်ပေါင်လယ်ချောင်းငယ်ကို စက်ဘီးနှင့်ခက်ခက်ခဲခဲဖြတ်အပြီးကွင်းပြင်ကြီးထဲက ဆောက်လက်စ သူ့အိမ်ဆီရောက်ကြ၏။ မနေ့ကတည်းက ချိန်းဆိုထားသော ကြောင့် သူ့အမျိုးသမီးက ထမင်းတွေချက်ထားသည်။ ဆီတွေပြန်၊ မဆလာ၊ ကရဝေး၊ သစ်ကြံပိုးခေါက်တွေနှင့် အမဲနှပ်ဟင်း၊ မန်ကျည်းရွက် ချဉ်ရည်ဟင်း၊ ပဲအိုးကပ်၊ ငါးခြောက်နှင့် ငရုတ်သီးကြော်၊ လက်ဖက်သုပ်၊ ကြက်ဥကြော်ဟင်းတွေကဖြင့် တကယ့်အလျှံပယ်။ ကျွန်တော်တို့က ရောက်ရောက်ချင်း မကြာခင်မှာပဲ ကိုငြိမ်းအစီအစဉ်ဖြင့် မလှမ်းမကမ်းရှိ တဘက်ကျဘုရားဝင်းအတွင်း အာရုံခံဇရပ်လေးထဲ သွားနှင့်ကြသည်။ စာအကြောင်း ပေအကြောင်း၊  ၀တ္ထုအကြောင်း၊ ကဗျာအကြောင်းတွေ ပြောကြ။ ခပ်လှမ်းလှမ်း အောင်ပင်လယ်ကန်ပေါင်ရိုး ပြင်ဦးလွင်ကားလမ်းပေါ်က တဝေါဝေါဆင်းလာသည့် ၁၀ဘီးကားကြီးတွေ မျှော်ကြည့်ကြ။ ခဏနေမှသူ့ဇနီးက ထမင်းချိုင့်၊ အိုးခွက်ပန်းကန်အစုံအလင်နှင့် ရောက်လာခြင်းဖြစ်သည်။ လေးဦးသား စားကြသောက်ကြရင်း စကားစမြည်ပြောဖြစ်ကြတော့ သူ့ဇနီးက ကျွန်တော့်ကို အံ့အားတသင့်ဖြစ်ကာ အားရ၀မ်းသာအမူအရာဖြင့် ဟယ်….. နင်က မညွန့်မေတို့၊ မတင်လှတို့ အမျိုးပေါ့။ ဘယ်သူ….. ဘယ်သူ မခင်ရီ၊ မခင်လှရဲ့ မောင်အရင်း။ အမလေးလေး…. နင်တို့ဝင်းထဲငါလာတုန်းက နင်ကတကယ့်ကလေးလေး၊ အခုနင်က စာရေးဆရာဆူးငှက်တဲ့လား။ သည်တော့မှ ကိုငြိမ်းဇနီးက ဓာတ်နန်းရပ်သူ မမြမူဆိုတာ သိလိုက်ရသည်။ မမြမူကို ကျွန်တော်က မမူဟုသိသည်။ ခေါ်သည်။ အစ်မတွေနှင့် စက်ပန်းထိုးဖက်။ အခုလို ၀ါဆိုလရောက်၍ လပြည့်ကျော် ၁ရက်ဝါဆိုပန်းကပ်ပွဲ၌ တောင်သမန်ကျောင်းတိုက်ထဲက သဖန်းကျာင်းမှာ ကျွန်တော့်ဦးလေးအစ်ကိုများက တီးဝိုင်းဖြင့်ဧည့်ခံ၊ ဓာတ်နန်းရပ်သူ မမြမူတို့ကလာပြီး ကကြ။ မမြမူတို့နှင့်အတူ ဓာတ်နန်းက မာမီအောင်(မတင်အောင်)တို့လည်း ပါလာကြသည်။ သည်ကတည်းက ကိုငြိမ်းကို ကျွန်တော်နိုင်သွားပါပြီ။ သူ့ကိုဘာမှမကြောက်တော့။ ထိုစဉ်ကာလများက အောင်ပင်လယ်ရှိ လရောင်ပင်လယ် အိမ်ကလေးသို့ ကိုငြိမ်းတစ်ယောက် ညဥ့်နက်သန်းခေါင်မှ ပြန်ရောက်သောကိစ္စများ၏ နောက်ကွယ်က အပ်ကျမပ်ကျသိထားသဖြင့် မမမူအား အသိပေးလေ မလားဆိုပြီး ကျွန်တော့်အားအလိုလိုက် ချော့မော့ထားသမျှ ကျွန်တော်ကအနိုင်ယူခဲ့သည်။
    ကိုငြိမ်းတစ်ယောက် ပန်းပုကိုစိန်ဝင်း(စံဖေ)နှင့် ပတ်သက်၍ ၀တ္ထုဇာတ်လမ်းတွေ အများကြီးရနေချိန်။ သူအမြဲထိုင်နေကျ ပိုက်ကျုံးက ရွှေကျားကဖေးဆီ ကျွန်တော်မနက်လင်းတိုင်း ရောက်သွားတော့ လက်ဖက်ရည်၊ မုန့်နှင့်အမြဲဆီးကြိုကာ နှုတ်ချိုပျူငှာနေကျဖြစ်သည်။ ထိုဆိုင်က ကိုမြင့်ဆွေသည် ကျွန်တော့်သူငယ်ချင်းဆိုတာ သူမသိ။ သူ့ခြေလှမ်းတွေမှန်သမျှ ကျွန်တော်နေ့မဆိုင်းသိနေပြီ။ ကျားရှေ့မှောက်လျက်လဲသည့်ကိန်း။ ဟဲ…..ဟဲ။ ကိုငြိမ်း….. ကိုငြိမ်း….. ဘာတတ်နိုင်သေးလဲ။ သို့သော် သူ့အိမ်သို့မူ အလည်မခေါ်တော့။ တောင်သမန်က တချို့ပွဲလမ်းတွေမှာ မမမူက ကျွန်တော့်နားကပ်လာလျှင်လည်း သူကအနားက မခွာရဲ။ ကျွန်တော့်ကို မျက်နှာငယ်လေးဖြင့်ကြည့်လို့။ အဲသလို….။
    ဤသို့ဖြင့်လွန်ခဲ့သော နှစ်နှစ်လောက်က မမြမူဆုံးသည်။ ဆုံးပြီးနောက်…. နောက် အခုတလော…. ကိုငြိမ်းက ကျွန်တော်နှင့်တွေ့လျှင် မောင်ရင့်ကို ကိုယ့်အမျိုးသမီးက ဆီသည်ချောင်က ကောင်ကလေးလို့ပဲခေါ်တယ် ဟု ခပ်တင်းတင်းပြောသည်။ ပြီးတော့ နှုတ်ခမ်းမွေးတွေကြား သူ့နှုတ်ခမ်းထူထူကြီးကို စေ့ကာ သွားကြားထိုးရင်း မျက်လုံးကိုမှေးစင်းကာ ခပ်စောင်းစောင်းကြည့်ပြီး မရယ်မပြုံးမျက်နှာထားဖြင့်………
    မောင်ရင်…. ကိုယ့်ကို ဖောင်းနည်းနည်းလုပ်ထားတာရှိတယ်။ ဒါပေမယ့် အခုတော့မပြောသေးဘူး။ ဟဲ…ဟဲ ဟု ခြိမ်းခြောက်နေပါပြီ။ မမမူအသေစောတာ နာသည်။ နို့မို့ဖြင့် ဒီလူကြီး…..။

    အခုတော့ ကိုငြိမ်း(မန္တလေး)က အပြောင်းလဲကြီးပြောင်းလဲသွားချေပြီ။ အရင်သူ့ လက်သုံးတော်စက်ဘီးနှင့် မဟုတ်တော့။ ဆိုင်ကယ်နှင့်ဖြစ်နေပြီ။ ပြီးတော့ သူ့ဘ၀အတွက် ပါရမီဖြည့်ဖက်ဖြစ်သူ နှမလေးတစ်ယောက်နှင့်လည်း ပျော်ပျော်ရွှင်ရွှင် လန်းလန်းဆန်းဆန်း ….။ ကျန်းမာဝဖြိုးလို့…. ။
    ဆီသည်ချောင်ကကောင်ကလေးကိုလည်း သတိရမှာမဟုတ်တော့။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>