ဆောင်းဦးညခင်းများ၌ APK နှင့်စကားပြောဖြစ်ကြခြင်းအကြောင်း
သူ့ကိုသတိထားမိသည်က ၁၉၈၀ကျော်ဝန်းကျင်ကာလများကဖြစ်သည်။ သူ့မှာ အများနှင့်မတူသည့် ထူးခြားသော အတွေးအခေါ်များ ရှိသည်။ သူ့မှာ အများနှင့်မတူသော ပုံသဏ္ဍန်လည်းရှိသည်။ သူ့ကိုတစ်ခါတွေ့ဖူးသည်နှင့် တစ်သက်စာမျှ မှတ်မိသွားတော့သည်။ လူ့ဘ၀၏ ကြုံဖွယ်ကိစ္စတိုင်းတွင် တိုက်ဆိုင်မှုရှိသည့်အခါ သူ့အတွေးတွေကိုပဲ သတိရသည်။ ဥပမာဆိုပါတော့ ကိုယ်နှင့်မဆိုင်သည့် အလုပ်တစ်ခုအပေါ် မလိုအပ်ဘဲ ၀ါယမစိုက်ထုတ်ရတိုင်း သူ၏ကြွက်ခုတ်သော နွားသိုးကြီးနှင့် တံတားဖွင့်ပွဲသွားမည့် တိရစ္ဆာန်ဆရာဝန်ကို သတိရသည်။ သည်တစ်ခါတော့ အခြေအနေပြောင်းလဲ သက်သာရာရကောင်းပါရဲ့ဟု အမှတ်မရှိ မျှော်လင့်မိလေတိုင်း ဒုက္ခသုက္ခ အကြပ်အတည်း ဧရာမအထုပ်အပိုးကြီးပေါ်မှ ထပ်တင်ထားခံရသည့် မဖြစ်စလောက် အထုပ်သေးလေးတစ်ထုပ် ချပေးလိုက်သော သက်သာရာရမှု အတွေးနက်နက်ကို ယနေ့ထက်ထိ သတိရဆဲဖြစ်သည်။ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်သော ပြဿနာများအပေါ် ထိထိမိမိသရော်တတ်သည့် သူ့အတွေးတွေက နှစ်ကောင်ရိုက်ပြီး ကင်းဝင်….. သုံးကောင်ရိုက်ပြီး ကင်းဝင်ရသလို ထိထိမိမိအရသာရှိလှ၏။ ဟော အခုလည်း တစ်နေ့မနေ့ကပဲ ကမ္ဘာ့ဘောလုံးပွဲအပါအ၀င် ဘောလုံးပွဲတွေခေတ်စားနေချိန်မှာ လူလဲ ကစားမည့်ဘောလုံးသမားက လူသစ်အ၀င်မခံတော့ဘဲ ကျောနံပါတ်ပြောင်း၍ ဂျာစီအသစ်လဲကာ ကွင်းထဲပြန်ဝင်မည့် ဘောလုံးဟာသကလည်း ထိထိမိမိရှိလှသည်။ တကယ်တော့ သူနှင့်ကျွန်တော့်ကြားမှာ လွန်ခဲ့သော ၁၅နှစ်ကျော်ကာလကတည်းက မပြီးပြတ်သေးသည့် ကိစ္စတစ်ခုလည်း ရှိပါသေး၏။
၁၉၉၀ ၀န်းကျင်ကာလ တစ်ညခင်းက ဖြစ်လိမ့်မည်။ ဟေမာဇလရပ်ရှိ ကျွန်တော့်စာအုပ်ဆိုင်သို့ စာရေးဆရာကိုရိုးကွန့်နှင့်အတူ ကျွန်တော်တို့မသိသော ပုဂ္ဂိုလ်တစ်ယောက်ပါလာ၏။ အရောင်နုနုအကျီလက်တို၊ အကွက်စိပ် ပလေကပ်လုံချည်နှင့် သပ်သပ်ရပ်ရပ် ကြော့ကြော့မော့မော့…..။ ဆံပင်တိုတို ပိပိရိရိဖီးထားပြီး ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ၊ ရုပ်ရည်ကလည်း ခံ့ခံ့ချောချော။ အမူအရာက ရှုတည်တည်။ စတွေ့ကတည်းက ထူးခြားသည်မှာ ညာဘက်လက်က မေးဖျားအားကိုင်ထား၍ လက်ညှိုးလေးက စေ့ထားသော နှုတ်ခမ်းပေါ် ကန့်လန့်ဖြတ်ထောင်၍ တင်ထားပြီး လက်ညှိုးထိပ်ဖြားလေးက လှုပ်ရှားနေသည်။
ကိုရိုးကွန့်ကတော့ ထုံးစံအတိုင်း စာအုပ်စားပွဲနှင့်ယှဉ်ကာ ချထားသော ရသေ့ကျောင်း ခုံရှည်ကြီးပေါ် စုပြုံထိုင်နေကြသော ကျွန်တော်တို့ကို စားပြီးကြပြီလား၊ ဘယ်သူမလာဘူးလား၊ ဘယ်ဝါမလာဘူးလား၊ သည်နေ့ဘာမဂ္ဂဇင်းအသစ်ထွက်လဲ ဟူသော စကားလောက်သာပြောပြီး ကျွန်တော်တို့ဘေးလွတ်နေသော ခုံကလေးတစ်လုံးပေါ်ထိုင်ရင်း မဂ္ဂဇင်တစ်အုပ်ကို လှန်လှောဖတ်နေသည်။ စောစောက သူနှင့်ပါလာသော ထောင်ထောင်မောင်းမောင်းပုဂ္ဂိုလ်က စာအုပ်ဆိုင်လေးထဲ လူအများကြားတိုးပြီး စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် စိမ်ပြေနပြေကြည့်နေသည်။ အခုချိန်ထိ သူ့ကို ဘယ်သူဘယ်ဝါမှန်းမသိ။ စာအုပ်တစ်အုပ်ဆွဲယူလိုက် လှန်ကြည့်လိုက်၊ ပြန်ထားလိုက်၊ လက်ညှိုးလေးကို နှုတ်ခမ်းပေါ်တင်ကာ စဉ်းစားလိုက်၊ တစ်အုပ်ဆွဲကြည့်လိုက်၊ ပြန်ထားလိုက်၊ လက်ညှိုးကို နှုတ်ခမ်းပေါ်….။ နောက်တစ်အုပ်….။ လက်ညှိုးလေးနှုတ်ခမ်း….။ ဤသို့ဖြင့် နာရီဝက်ကျော် နာရီသုံးမတ်လောက်ကြာမှ စာအုပ်တစ်အုပ်ကို ဆွဲယူအကြည့်တွင် ကိုရိုးကွန့်က ထိုင်နေရာမှ သူ့လူဆီလှမ်းကြည့်ပြီး… မောင်ဝင်းနိုင် ပြီးပြီလားကွ၊ ပြန်ကြရအောင် ဟု လှမ်းအပြောတွင်မှ ထိုပုဂ္ဂိုလ်က ထုတ်ကြည့်လက်စ စာအုပ်ကိုယူလာပြီး ဆိုင်ထဲမှထွက်လာ၏။ ကိုရိုးကွန့်က ဖတ်လက်စမဂ္ဂဇင်းစာအုပ်ကို စားပွဲပေါ်မှာတင်ပြီး စောစောကပုဂ္ဂိုလ်ကို မောင်ဝင်းနိုင်၊ မင်းယူထားတဲ့ စာအုပ်စာရင်းမှတ်ခိုင်းလိုက်ဦး ဟု အပြော သြော်….သြော်… ဟု အသံပြုကာစာအုပ်ကို ကျွန်တော့်ဆီ လှမ်းပေးတော့……
ကိုရိုးရယ်…. စာရင်းမှတ်စရာမလိုပါဘူး။ ယူသွားပါဗျာ။ ခင်ဗျားလည်း မဂ္ဂဇင်းတွေဖတ်ချင်တာရှိရင် ယူသွားလေ ဟု ပြောဖြစ်သည်။ ကိုရိုးကွန့်က မယူတော့ဘူး။ မနက်ကမှ ဒေါက်ကြီးဆီက ရုပ်ရှင်အောင်လံယူထားသေးတယ် ဟု ပြောသည်။ ကျွန်တော့်ဘေးထိုင်နေသော ကိုပိုင်းစိုးဝေက ဟို….ဟို… ကိုရိုး။ ဒေါက်…. ဒေါက်ကြီးက ကျွန်တော့်…. ဘာ… ဘာပြောသေးလဲ၊ သူ့ဆီ မ….မရောက်တာ တစ်ပတ်လောက်ရှိသွားပြီဗျ ဟု လှမ်းပြောသည်။ ကိုရိုးကွန့်က ဒေါက်ကြီးက ခင်ဗျားကို ဒေါသဖြစ်နေတယ် ဟု ရယ်ကျဲကျဲဖြေ၏။ ဒေါက်ကြီး ဆိုသည်မှာ စာရေးဆရာကြည်ဇော်ဝင်း (ခေါ်) ဒေါက်တာနည်ဝင်းကို ပြောကြခြင်း ဖြစ်သည်။ ကျွန်တော်တို့၊ ကိုချမ်းမင်းအိမ်တို့၊ ကိုကျော်စိုးဝင်း(ကြည်လင်အေး)တို့၊ ကိုစိုးဝင်းငြိမ်းတို့က ကိုပိုင်ကြီးတော့ ဒေါက်ကြီးက သတ်တော့မှာ ဟု ၀ိုင်းစကြသည်။ ထိုအချိန်က ကိုကြည်ဇော်ဝင်းမှာ ဟိုး….. တောင်မြို့ (အမရပူရ) တောင်ဘက်က ရွာလေးတစ်ရွာမှာ ဆေးခန်းဖွင့်၏။ ကိုပိုင်စိုးဝေက ဆေးခန်းဖွင့်ချိန် ညနေတိုင်း ကိုကြည်ဇော်ဝင်းနှင့် အဖော်လိုက်သွားနေကျဖြစ်သည်။
ကိုရိုးကွန့်က ကဲ…ကဲ မိုးချုပ်နေပြီ ပြန်တော့မယ် ဟု ပြောကာ ခြေလှမ်းပြင်သည်။ ကိုကျော်စိုးဝင်းက ကိုရိုး နေပါဦးဗျ။ စောပါသေးတယ်၊ မိန်းမ မရှိ ဘာမရှိနဲ့ဗျာ ဟု လှမ်းပြောတော့ ဟိုလေ….သူက အိမ်မှာ မိန်းမနဲ့ကလေးထားခဲ့ရတာ အပြန်ကျကလေးသိပ်ရဦးမှာ ဟု အတူပါလာသူ ထောင်ထောင် မောင်းမောင်း ပုဂ္ဂိုလ်အား ညွှန်းရင်းပြောသည်။ ထိုပုဂ္ဂိုလ်ကတော့ မရယ်မပြုံး ခပ်တည်တည်။ ကိုရိုးကွန့်က ပြန်ဖို့ခြေလှမ်းပြင်ပြီးမှ သြော်…. ခင်ဗျားတို့နဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျွန်တော့်ညီ လေ။ ကာတွန်းအော်ပီကျယ် တဲ့။ သည်တော့မှ ကျွန်တော်တို့အားလုံး အံ့အားတသင့်ဖြစ်သွားကြတော့၏။ သူတို့ ညီအစ်ကို ဘယ်ပြန်လို့ဖြစ်ပါတော့မလဲ။ ကိုရိုးကွန့်နှယ် စောစောဝင်လာကတည်းက အော်ပီကျယ် လို့ ပြောပါရောလား။ ကျွန်တော်တို့အားလုံး ဇွတ်ရော အတင်းရော ညီအစ်ကိုနှစ်ယောက်လုံးအား ညဥ့်နက်ပိုင်းထိုင်နေကျ ၇၅လမ်းပေါ် စောင်း ဦးမြင့်မောင်အိမ်နှင့် မျက်နှာချင်းဆိုင်က အဆိုတော်ဥမ္မာတို့ လက်ဖက်ရည်ဆိုင်လေးဆီ ဆွဲခေါ်ခဲ့ကြတော့၏။
နောက်ပိုင်း ကိုအော်ပီကျယ်နှင့်ဆုံ၍ စကားဝိုင်းဖွဲ့ကြတိုင်း ကိုပိုင်စိုးဝေက ခင်ဗျားကို စတွေ့တဲ့နေ့က ဘယ်သူ ဘယ်ဝါမှန်း မသိကြတော့ ခင်ဗျားပုံစံကြည့်ပြီး စစ်ဗိုလ်ကြီးထင်နေကြတာဗျ ဟု အမြဲပြောသည်။ စတွေ့ချိန်ကအော်ပီကျယ်နှင့် မလိုက်အောင် တည်တံ့ဣနြေ္ဒရလွန်းလှ၏။ သူ့ဆီက သည်လိုကာတွန်းတွေ ထွက်လာပုံက အံ့အားသင့်စရာဟု ထင်ရ၏။ တကယ်ပေါင်းကြည့်တော့ သူ့မှာအချိန်ပြည့် ကာတွန်းအတွေးရှိသည်။ ပြောတော့လည်း ကာတွန်းအပြော၊ သူ့အတွေး၊ သူ့အပြောကလည်း သူ့ကာတွန်းတွေလိုတွေး၊ သူ့ကာတွန်းတွေလိုပြောသည့် အပြောဖြစ်၏။ မနက်လင်းသည်နှင့် သူ့သမီးအကြီး ယမုံဖူးလေးကို စက်ဘီးရှေ့ခုံလေးပေါ်တင်ပြီး ကျွန်တော့်အိမ်ရောက်လာသည်။ လက်ဖက်ရည်သောက်သွားကြစို့ ဟု အမြဲခေါ်၏။ လက်ဖက်ရည်ဆိုင် တမေ့တမောထိုင်ပြီး စကားတွေ ပြောဖြစ်သည်။ ကျွန်တော့် မိသားစုနှင့် ဆွေမျိုးလိုရင်းနှီးနေသည်။ လက်ဖက်ရည်ဆိုင်က ပြန်လာပြီး ကျွန်တော်က စက်ဘီးလေးဆွဲထုတ် ကာ သူနှင့်လိုက်သွားပြန်သည်။ မြို့ထဲသွားလျှင်သွား၊ ဒါမှမဟုတ် သူ့အိမ်ရှေ့ကွပ်ပျစ်ကြီးပေါ် ဝေါလ်ဒစ္စနေးစာအုပ်ထူကြီးတွေ ကြည့် ချင်ကြည့်။ ဒါမှမဟုတ်…..။
တစ်ခါကတော့ သူနှင့်မြို့ထဲအသွား ၃၄လမ်းက စာသင်ခန်းတစ်ခန်းအတွင်းမှာ ဆရာတစ်ယောက်နှင့် တွေ့သည်။ စာသင်ခန်းမှ ပင်တိုင်ဆရာက ထိုဆရာကို ကျွန်တော်တို့နှင့် မိတ်ဆက်ပေး၏။ ဒါ အော်ပီကျယ်၊ ဒါ ဆူငှက်ပေါ့။ ထိုဆရာပြန်ပြောသည်က ကျွန်တော် လည်း ငယ်ငယ်က စာရူးပေရူးပေါ့ဗျာ။ ဆက်သာရူးဦးမယ်ဆိုရင် ခုနေ ကျွန်တော်လည်း ခင်ဗျားတို့လို ကာတွန်းဆရာ၊ စာရေးဆရာ ဖြစ်ပြီပေါ့ တဲ့။ထိုအခါ ကိုအော်ပီကျယ်ပြန်ပြောလိုက်တာက ဟုတ်လားဗျ။ ခင်ဗျားက ရူးရုံ ရူးခဲ့တာကိုး။ မိုက်မှ မမိုက်ဘဲ။ ကျွန်တော်တို့က ရူးတဲ့အဆင့်မဟုတ်ဘူး။ မိုက်တဲ့အဆင့်၊ တော်ရုံတန်ရုံ မိုက်ရုံနဲ့ ကာတွန်းဆရာ၊ စာရေးဆရာ မဖြစ်ဘူး။ ကိုင်း…. ခင်ဗျားဘယ်လောက် မိုက်သလဲပြော။ မိုက်တဲ့နေရာမှာ ကျွန်တော်တို့ လာမယှဉ်နဲ့ ဟု ပြောတော့ ထိုဆရာလည်း လေသံပြောင်းသွားသည်။ တစ်ခါကတော့ သူ့အိမ်ရှေ့ ကွပ်ပျစ်ကြီးပေါ်မှာ စာအုပ်တွေ တစ်ပုံကြီးချပြီး ကြည့်နေကြသည်။ ထိုစဉ် လူငယ်သုံးလေးယောက် စက်ဘီးတွေနှင့် ၀င်လာကြသည်။ သူတို့ကိုယ်သူတို့ ကာတွန်းဆရာတွေပါဟု မိတ်ဆက်သည်။ ကိုအော်ပီကျယ်က အားရ၀မ်းသာနှင့် အနားမှာရှိသည့် ကျွန်တော်တို့၊ ကိုစိုးဝင်းငြိမ်းတို့နှင့် မိတ်ဆက်ပေးသည်။ ပြီးတော့ ကြည့်လက်စ စာအုပ်ထဲမှ ကာတွန်းနှင့်ပတ်သက်သည့် အင်္ဂလိပ်စာအုပ်ကြီးတွေ အထပ်လိုက် သူတို့ရှေ့ချပေးသည်။ တစ်အုပ်တစ်လေ ကောက်ကြည့်၊ ဟိုလှန်သည်လှန်လောက်လုပ်ပြီး စာအုပ်တွေ ပြန်ချကာ ထပြန်သွားကြ၏။ သူတို့ပြန်မှ ကိုအော်ပီကျယ်က သူကာတွန်းစရေးစက ရန်ကုန်မှာ နိုင်ငံခြားစာအုပ်များ ကြည့်ခွင့်ရရေးအတွက် ကာတွန်းဆရာကြီးတစ်ဦးထံ တစ်နှစ်ကျော်မျှ နေ့စဉ်သွားခဲ့ရကြောင်း၊ သူကာတွန်းအပေါ် တကယ်မြတ်နိုးဝါသနာပါသည်ကို ယုံကြည်သွား၍ ထိုဆရာကြီးက စာအုပ်ကို တစ်အုပ်ချင်း ထုတ်ပေးခဲ့ကြောင်း၊ ထိုဆရာကြီးပုံဆွဲတာ ကြည့်ခွင့်ရရေး အိမ်သားတစ်ဦးပမာ ယုံကြည်ရင်နှီးပါမှ ရရှိခဲ့ကြောင်းပြောပြသည်။
တစ်ခါက သူနှင့်ကျွန်တော် စကားပြောကြရင်း ကိုဝင်းနိုင်(ကျွန်တော်က သူကိုနာမည်ရင်းခေါ်ပြီး သူကလည်း ကျွန်တော့်ကို နာမည်ရင်းပဲခေါ်ပါသည်)ကာတွန်းကွက်တစ်ကွက်ဖြစ်ဖို့ အခြေခံကဘာလဲဗျ ဟု မေးတော့ သူကအနားရှိ မဂ္ဂဇင်းတစ်စောင်ကို ယူလိုက်သည်။ ကာတွန်းတစ်မျက်နှာကို လှန်သည်။ ပုံကိုလက်နှင့်အုပ်ပြီး စာသားကိုဖတ်ခိုင်းသည်။ ပြီးတော့ ကိုင်း….ခင်ဗျားသည်စာသား ကိုဖတ်တာနဲ့ အဓိပ္ပာယ်ပေါ်သွားပြီလား ဟုမေး၏။ ကျွန်တော်က အင်း…. ပေါ်နေတာပဲဗျ။ အရှင်းကြီးပဲ ဟု ဖြေသည်။ ထို့နောက် အခြားမဂ္ဂဇင်းတစ်အုပ်ယူ၍ ကာတွန်းစာမျက်နှာကိုလှန်ကာ အောက်ကပုံတွေအုပ်ပြီး စာကိုပဲ ဖတ်ခိုင်းပြန်သည်။ ဘယ်လိုလဲ၊ အဓိပ္ပာယ်ပေါ်လား ဟု မေးတော့ ဒါကျတော့ ဘာအဓိပ္ပာယ်မှ မပေါ်ဘူးဗျို့ ဟု ကျွန်တော်က ဖြေသည်။ ပြီးမှ သူက ထုံးစံအတိုင်း လက်ညှိုးလေးထောင် နှုတ်ခမ်းပေါ်ကန့်လန့်တင်ရင်း စာမဲ့ကာတွန်း မဟုတ်ဘဲ စာနဲ့ပုံတွဲတဲ့ ကာတွန်းမှာ စာချည်းသက်သက်ကြည့်ပြီး အဓိပ္ပာယ်တန်းသိတာ မျိုးမဟုတ်ဘဲ ပုံရောစာရော တွဲကြည့်ပါမှ၊ ကာတွန်းဆရာပြောချင်တဲ့ အဓိပ္ပာယ်ကို သိနိုင်ပါမှ ဒါဟာကာတွန်းကွက်တစ်ကွက်ဖြစ်တာပါဗျာ။ ဒါယေဘုယျ အခြေခံပြောတာပါ တဲ့။
သူ့အိမ်ရောက်သည့်အခါ တွေ့ရသည်မှာ စာဖတ်ချင်ဖတ်မည် သို့မဟုတ် ကာတွန်းပုံကြမ်းတွေ ဆွဲချင်ဆွဲမည်။ ဘယ်တော့မှ အအားမနေတာတော့ သေချာသည်။ တစ်ခါကများ ကာတွန်းတစ်ကွက်နှင့်ပတ်သက်၍ စိတ်တိုပြီးခြေဆောင့်နေသော အဖိုးအိုပုံကို ပုံစံအမျိုးမျိုးဖြင့် ပုံကြမ်းလေ့ကျင့်ရေးဆွဲထားသည်မှာ စာမျက်နှာ ၈၀ ပါ ဗလာစာအုပ်တစ်အုပ်မျှရှိသည်။ တစ်ခါတစ်ရံ သူ့ဇာတ်ကောင်၏ ပြောစကားနှင့်ပတ်သက်၍ စကားလုံးကို မည်သည့်နေရာဖော့၊ မည်သည့်နေရာ ဖိပြောရမည့် အသံထွက်များအား ကျွန်တော့်ကို သေချာပြောခိုင်းပြီး ကျွန်တော့နှုတ်ခမ်းလှုပ်ရှားမှုများကို သေချာကြည့်၍ မှတ်သားသည်။ ရုပ်ပုံနှင့်ပတ်သက်၍ ဤမျှအချိန်ယူပြင်ဆင်သော် လည်း အတွေးနှင့်ပတ်သက်၍ ချက်ဆို နားခွက်က မီးတောက်သည်ဟု ပြောရမလို ရုတ်ခြည်းရသည်များလည်းရှိသည်။
တစ်ခါကတော့ မြို့ထဲလက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ အပြန်လမ်းမှာ ခင်ဗျားအတွက် ကာတွန်းတစ်ကွက်ရပြီဗျ တဲ့။ကျွန်တော်က ရယ်ပြီး သူ့လှမ်းကြည့်တော့ ဟိုဆရာတွေက ခင်ဗျားကို( )မဂ္ဂဇင်းအတွက် ပင်တိုင်အဆိုင်းမင့်ရေးခိုင်းလိုက်ပြီး ပြောလိုက်တဲ့စကားကြား ရကတည်းက အိုင်ဒီယာရတာ တဲ့။နောက်လမှာ မဂ္ဂဇင်းတစ်စောင်၌ သူ့ကာတွန်းပါလာသည်။ ပထမအကွက်မှာ လူတစ်ယောက်က အားရ၀မ်းသာဖြင့် မြေကြီးပေါ်လက်ညှိုးထိုးပြရင်း အော်သည်။ ဟာ မီးခဲပြာဖုံးလေး တဲ့။ နောက်အကွက်မှာ ထိုလူက ရေပုံးကြီးယူလာပြီး ထိုနေရာကို ဗွမ်းခနဲရေလောင်းချလိုက်ပြီး အော်လိုက်ပုံက မီးခဲပေါ်က ပြာတွေဖယ်ပေးတာငါကွ ဟူသတည်း။
ထိုစဉ်က သူရယ်၊ ကျွန်တော်ရယ်၊ ကိုစိုးဝင်းငြိမ်းရယ် အချိန်တွေပို အားလိုက်ကျပုံက မနက်လင်းတာနဲ့ သုံးယောက်ဆုံကြ၊ လက်ဖက်ရည်ဆိုင် တမေ့တမောထိုင်ကြပြီး ဘယ်သွားကြမလဲ စဉ်းစားနေကြဖြစ်၏။ ရွှေကျင်ဆရာတော်ကြီး ရာပြည့်အတွက် ပန်းချီ ကိုခင်မောင်စမ်းတို့၊ ဘိုစောတို့ အလုပ်ရှုတ်နေခိုက် သူတို့နှင့်ရောပြီး အနောက်ခန်းတိုက်(မဟာဝိသုဒ္ဓါမတိုက်)သို့လည်း အဖော်အဖြစ် လိုက်သွားဖြစ်ခဲ့သည်။ တစ်ခါတစ်ရံ အရှေ့ပြင်ဓမ္မစကြာရိပ်သာ အရှေ့ဘက် ဆရာပေါ်ဦးသက်အိမ်။
တစ်နေ့မှာတော့ သူရယ်၊ ကျွန်တော်ရယ်၊ကိုစိုးဝင်းငြိမ်းရယ်၊ ကာတွန်းကိုစောမင်းဝေရယ် စက်ဘီးတစ်စီးစီဖြင့် ဘယ်လိုစိက်ကူး ပေါက်သည်မသိ တောင်သမန်သွားကြ၏။ အင်း၏ မြောက်ဘက်ခြမ်း ပုထိုးတော်ကြီး တောင်ဘက်မုခ်အနီးက လက်ပံပင်ကြီးတွေအောက် အေးအေးလူလူထိုင်ကြ၊ ရွှေလင်းပင်ဘုရားအာရုံခံလေးထဲ အိပ်ကြ၊ အင်းရေစပ်ရှိ ပြာသာဒ်ကြီးဘုရားခေါ် ဘူးဘုရားဂန္ဓကုဋိတိုက်ထဲ တမေ့တမောနားကြ။ ကိုစိုးဝင်းငြိမ်းက အင်္ကျီလေးချွတ်ပြီး ဘုရားတံတိုင်းပေါ်က အင်းထဲသို့ ဒိုင်ဗင်ထိုးချပြီး စိမ်ပြေနပြေရေကူး။ ကိုစောမင်းဝေက ဘုရားပလ္လင်အောက် အုတ်ခဲခေါင်းခုပြီး တခူးခူးအိပ်၊ ကိုအော်ပီကျယ်နှင့် ကျွန်တော်က ကင်မရာတစ်လုံးနှင့် အလုပ်ရှုပ်။ ညနေစောင်းမှ အေးအေးဆေးဆေးပြန်ဖြစ်သည်။
မှတ်မှတ်ရရ ညတစ်ညမှာ သူ့အိမ်ခေါင်းရင်း စွယ်တော်ပင်ရိပ်၌ ပက်လက်ကုလားထိုင်တစ်လုံးစီချ၊ ရေနွေးကြမ်းဓာတ်ဘူးတစ်လုံးနှင့် စကားစမြည်ပြောကြတော့ အကြောင်းအရာတစ်ခုအရောက် သူနှင့်ကျွန်တော်အကျေအလည် ဆွေးနွေးကြဖို့ အခြေအနေဖြစ်လာ၏။ သူကလည်း သူသိသမျှပြော၊ ကျွန်တော်ကလည်း ကျွန်တော်သိသမျှပြော။ နှစ်ယောက်သားသိရသည့် အချက်တွေအပေါ် အခြေခံပြီး ကောက်ချက်တွေဆွဲ၊ သုံးသပ်မှုတွေပြု။ ဒါပေမယ့် မပြတ်သေး။ ကျွန်တော်တို့ ထိုင်နေရာနှင့် ကပ်လျက်ခေါင်းရင်းခန်း၌ အိပ်သော သူ့မေမေ ကြီးကြီးအေး က ချောင်းဟန့်သံပေးမှ စကားဖြတ်ကြသည်။ သန်းခေါင်ကျော်။ ဒါနဲ့ နှစ်ယောက်သားစက်ဘီးကိုစီဆွဲပြီး မင်္ဂလာဈေး အနောက်ဘက် ပွဲဈေးတန်းသို့ထွက်လာကာ အငြိမ့်စင်နောက်နား ပလက်ဖောင်းပေါ် ငုတ်တုတ်ထိုင်ပြီး ပြောလက်စ ကိစ္စဆက်ဆွေးနွေး ကြ၏။ နာရီပြန်နှစ်ချက်ကျော် အငြိမ့်သိမ်းတော့ စကားမပြတ်သေးဘဲ အိမ်သို့ပြန်ကြရသည်။ သည်လိုနှင့် သူလည်းရန်ကုန် ပြောင်း။
ရန်ကုန်ပြောင်းပြီးနောက် ပုဂံမှာတွေ့ကြပြီး အပြန် ပုဂံ-မန္တလေး မီးရထားပေါ် ထိုပြောလက်စပြဿနာအား ဆက်လက်ဆွေးနွေးကြဖို့ ဖြစ်၏။ သို့သော် ပုဂံမှာ ညစဉ်ဆက်တိုက် အိပ်ရေးပျက်ခဲ့ကြလို့ မီးရထားပေါ်အိပ်ပျော်ပြီး မပြောဖြစ်ခဲ့ကြ။ ဟော….လွန်ခဲ့တဲ့ငါးနှစ်ကျော် ကျွန်တော်ရန်ကုန်ရောက်တော့ တစ်ညမှာ သူရယ်၊ ကျွန်တော်ရယ်၊ ကိုစိုးဝင်းငြိမ်းရယ်၊ ကိုကျော်စိုးဝင်းရယ် ဆုံကြပြီး ကိုစောဝေ၏ အဓိပတိထမင်းဆိုင်မှ ကိုနေမျိုးဆေး၏ Mr.Guitar သို့ ခြေလျင်အကူးလမ်းမှာ ကိုအော်ပီကျယ်က ကျွန်တော်နှင့် နှစ်ယောက်သား နောက်ချန်ပြီး ထိုမပြတ်ခဲ့သောကိစ္စအား ဆက်လက်၍ အခြေအတင်ဆွေးနွေးပြန်၏။ သည်တစ်ခါ သူက ရန်ကုန်ရောက်တာလည်းကြာ၊ နိုင်ငံခြား၌လည်း နှစ်ချီနေခဲ့ဖူး၊ နိုင်ငံအစုံသို့လည်း ရောက်ဖူးနေတော့ သူ့ဘက်က အချက်အလက်တွေက ပိုမိုပြည့်စုံအားကောင်းလာ၏။ ကျွန်တော်က နားထောင်သူ။
သို့သော် စကားစက မပြတ်သေး။ ခဏလေးနှင့် ဆရာစံလမ်းက ကိုနေမျိုးဆေးဆီရောက်သွားလို့ ဖြစ်သည်။ Mr.Guitar သို့အဆင်း အုတ်လှေကားထစ်တွေပေါ်မှာ သည်ကိစ္စကို ကျွန်တော်မန္တလေးလာရင် ခင်ဗျားအိမ်တစ်ညအိပ်ပြီး ထပ်ဆွေးနွေးဦးမယ် ဟု ချိန်း၏။
အဲဒီနောက်ပိုင်း သူရော၊ ကိုစိုးဝင်းငြိမ်းရော မန္တလေးသို့ လာကြပါ၏။ သို့သော် ကိုယ့်ဆရာများက Digital ကင်မရာတစ်လုံးစီနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စတွေ၊ သစ်ပင်ဝါးပင်ကိစ္စတွေ၊ စိမ်းလန်းစိုပြေရေးကိစ္စတွေ၊ အလုပ်တွေ၊ တာဝန်တွေ၊ ဆောင်ရွက်ဖွယ်ရာတွေ ရှုပ်နေကြလို့ နှစ်ည၊ သုံးည အိပ်ပေမယ့် မတွေ့ဖြစ်လိုက်ကြ။ ကိုအော်ပီကျယ်နှင့်က မျက်နှာချင်းပင်မဆိုင်လိုက်ရ။ သူချိန်းထားတဲ့ ကိစ္စ ကျွန်တော့်အပေါ် သူကြွေးတင်သွားတာပေါ့။ ကျွန်တော်ကလည်း သူ့ကြွေးဆပ်စရာရှိသည်။
သြော်….မေ့လို့။သူနှင့် ကျွန်တော် လွန်ခဲ့သော ၁၅ နှစ်ကျော်ဝန်းကျင်ကာလ သူမန္တလေးမှာရှိစဉ်ကတည်းက အားတက်သရော ဆွေးနွေးခဲ့ကြပြီး အခုထိမပြတ်သေးသော အကြောင်းအရာနှင့် ပတ်သက်လို့ကတော့ နှစ်ယောက်စလုံးကြား ကြွေးရှိနေသေးတာပေါ့။ ထိုဆွေးနွေးချက်ကား ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ လအနုအရင့်အလိုက် လိုအပ်သော အာဟာရနှင့် ဆောင်ရန်ရှောင်ရန်များ ဟူသော ခေါင်းစဉ်ဖြစ်ကြောင်းကိုတော့ အသိပေးပါရစေလား။ ။