နွေဦးရက်တွေအကြောင်း၊ သီချင်းမဆိုနိုင်တဲ့ … (ပိုင်စိုးဝေနှင့်…)

၁၉၇၀ ကျော် ၀န်းကျင်ကာလ … ရင်ထဲမှာ အစပျိုးခဲ့သော စာပေချစ်စိတ်သည် ၁၉၇၅ ခုနှစ် ခြေခံပညာအထက်တန်းအောင်အပြီးတွင် ခိုင်ခိုင်မာမာကြီးထွား ရင့်သန်ခဲ့ချေပြီ။ ဦးလေးတွေ … အစ်ကိုတွေ အိပ်ရာဘေးရှိ မဂ္ဂဇင်းစာအုပ်အဟောင်းများမှသည် ခေတ်ပေါ်လစဉ်ထုတ် မဂ္ဂဇင်းအသစ်များဆီ ပါးစပ်တပြင်ပြင် တငံ့လင့်လင့် ဖြစ်ရတော့သည်။ ထိုစဉ်က မဂ္ဂဇင်းတွေ များများစားစား မရှိလှသော်လည်း မိုးဝေမဂ္ဂဇင်းက လူငယ်စာပေ၀ါသနာရှင်အုပ်စုအကြား ရေပန်းစားလှ၏။ ထို့ပြင် ၀ါရင့် မဂ္ဂဇင်းကြီးတစ်စောင်ဖြစ်သော ရှုမ၀မဂ္ဂဇင်းကိုလည်း လက်လွှတ်၍မရပေ။ ထို့ကြောင့် အိမ်မှပေးသောမုန့်ဖိုးကိုစုပြီး မိုးဝေ မဂ္ဂဇင်းနှင့် ရှု့မ၀ မဂ္ဂဇင်းကို လစဉ်ဝယ်ဖြစ်တော့သည်။ မိုးဝေမဂ္ဂဇင်းထဲက ခေတ်ပေါ်ကဗျာများကို နှစ်သက်သည်။ အထူးသဖြင့် မိုးဝေမဂ္ဂဇင်းထဲက ဗညားသီဟ၏ စာပေစစ်တမ်းက စာတောပေတောထဲ ပို၍ နက်နက်ရှိုင်းရှိုင်း ပို၍တိုးဝင်စေဖို့ တွန်းအားပေးသည်။ ထို့နောက် ဒဂုန်တာရာ၏ ပန်းနုရောင်နှစ်ကာလများ …။ ဗညားသီဟက လစဉ်ရေးသားသော စာပေစစ်တမ်းမှ စာအုပ်များကို ထပ်မံရှာဖွေဖတ်ရှု့ပြီး မိမိသဘောထားနှင့် ကိုက်ညှိရသည်လည်း ရှိသည်။ သို့မဟုတ် မိမိဖတ်ရှုပြီး စာတစ်ပုဒ်၊ စာတစ်အုပ်အပေါ် ဗညားသီဟက ထောက်ပြသုံးသပ်ထားသည်ကို မိမိအယူအဆနှင့် ပြန်လည်သုံးသပ်ကြည့်သောအခါ တိုက်ဆိုင်မှုရှိပါက အလွန်ကျေနပ်ပျော်ရွှင်ရသည်။ အကယ်၍ မတူညီလျှင် မိမိအနေဖြင့် ပြန်လည်သုံးသပ်သင်ကြားရပြန်သည်။ မိုးဝေမဂ္ဂဇင်းထဲက ကဗျာနှင့်ဆောင်းပါးတွေကို ဦးစားပေးဖတ်ရှုဖြစ်ပြီး ၀တ္ထုများတွင်မူ မန္တလေးက စာရေးဆရာများ(ဥပမာ- သိုက်ထွန်းသက်၊ ကျော်စွာထက်)ပါလျှင် အလွန်ကျေနပ်ပြီး ထိုဝတ္ထုတို့ကို တစွက်စွက်ဖတ်၍ မဆုံးနိုင်ဘဲ အားကျနေမိပါ၏။ ရှုမ၀မဂ္ဂဇင်းမှာတော့ ၀တ္ထုတိုတွေကို ပိုမိုနှစ်သက်မိသည်။ ဆောင်းဝင်းလတ်၊ မောင်လွန်းကြင်၊ မောင်စည်သူ၊ ထင်လင်း၊ သော်တာဆွေ တို့၏ ၀တ္ထုတွေကို မလွတ်တမ်းဖတ်ရသည်။ နောက်တော့ ချင်းတောင်ကင်းမောင် ဆိုတာလည်း သတိထားမိသည်။ တကယ်တော့ စာဖတ်ရှိန်ရစအချိန်မှာ မိုးဝေမဂ္ဂဇင်းနှင့် ရှုမ၀မဂ္ဂဇင်းက စာဖတ်သူအဆင့်ကို ပိုမိုအားကောင်း လာစေသကဲ့သို့ မြန်မာစာပေအ၀န်းအ၀ိုင်းနှင့် မြန်မာစာပေလောကသို့ ထိစပ်စိတ်ဝင်စားလာစေရေးလည်း တွန်းအားပေးခဲ့သည်။ အဆိုပါလစဉ်ထုတ် မဂ္ဂဇင်း၂အုပ်ကို လလုံးပေါက်နီးပါး အားပါးတရဖတ်ရှုနိုင်သည်သာမက လုံးချင်းဝတ္ထုကောင်းတွေလည်း အပြိုင်းအရိုင်းထွက်နေသည့်ကာလမို့ မောင်သာရ၊ ဖိုးကျော့၊ ခင်ဆွေဦး၊ ချစ်ဦးညို၊ နိုင်ဝင်းဆွေတို့၏ လုံးချင်းဝတ္ထုတွေကိုလည်း အလွတ်ပေး၍မရနိုင်ခဲ့ပေ။ လစဉ် ဖတ်သင့်ဖတ်ထိုက်သည့် မဂ္ဂဇင်းတွေ၊ စာအုပ်တွေ ဖတ်ရသကဲ့သို့ … ဖတ်ရှု့ပြီးစာများနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားသုံးသပ်ဆွေးနွေးကာ စာကျေညက်စေရေးလည်း စာဖတ်ဝါရင့်သည့် အစ်ကိုများ ဦးလေးများနှင့် အပတ်စဉ် စနေနေ့ညတိုင်း ဆုံဖြစ်ကြသည်။ ၂၆ဘီလမ်း၊ သင်္ဘောတန်းရပ်ကွက်ထိပ်၊ အကောင်းကြိုက် လက်ဖက်ရည်ဆိုင်၏ ကုက္ကိုပင်ကြီးအောက်က ကွပ်ပျစ်ပေါ်မှာ ညာဥ့်ဦးပိုင်းမှသည် လက်ဖက်ရည်ဆိုင်ပိတ်ချိန်အထိ ဖတ်ရသမျှသောစာတွေကို အစ်ကိုတွေ၊ ဦးလေးတွေ ပြောဆိုဆွေးနွေးကြတာနားထောင်ရသည်။ နောက်တော့ ၀င်ရောက်ဆွေးနွေးစေသည်။ မည်သို့ပင်ဆိုစေ … ထိုလက်ဖက်ရည်ဝိုင်းက မဂ္ဂဇင်းများ၊ လုံးချင်းဝတ္ထုများမှတဆင့် မြန်မာ့စာပေ အ၀န်းအ၀ိုင်းဆီထိစပ်မိသော်လည်း မန္တလေးသားများပီပီ ဒေသစွဲလေးနှင့်မို့ မန္တလေးစာပေအ၀န်းအ၀ိုင်းကိုလည်း မဖြစ်မနေ(အထူး)စိတ်ဝင်တစားရှိမိပါ၏။ အစ်ကိုများ ဦးလေးများက သူတို့ သိမီခဲ့သည့် အနောက်ကျုံးလမ်းရှိ ဓမ္မဗိမာန်စာတမ်းဖတ်ပွဲတွေကို အားပါးတရဖောက်သည်ချသည်။ ထိုစဉ်က အရှိန်ကောင်းနေသည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဟံသာဝတီသတင်းစာတိုက် ဘိုးဝဇီရခန်းမပေါ်က စနေစာပေ၀ိုင်းတွေကိုလည်း အလွတ်မပေးခဲ့ကြ။ ထို့ကြောင့် မန္တလေးစာပေအ၀န်းအ၀ိုင်းနှင့် ထိစပ်နေသည့် ဟံသာဝတီ သတင်းစာတိုက်က သက်သာလက်ဖက်ရည်၊ လူထုကြီးပွားရေး သတင်းစာတိုက်၊ ရုံတော်ကြီး ထိုင်စိန်ကဖေး၊ ဈေးချိုတော် စံတော်သစ် လက်ဖက်ရည်ဆိုင် နှင့် စန်သော်တာစာပေ၊ ရဲရင့်စာပေ စသည့် … နေရာများကိုလည်း စိတ်ဝင်စားမိသည်။ ဤသို့သော မန္တလေးစာပေရပ်ဝန်းများအနက် ထိုစဉ်ကာလက လူပြောများနေသော စာပေရပ်ဝန်းတစ်ခုလည်းရှိနေပါသည်။ နန်းရှေ့ဈေး အတွင်းက ဦးဘကျော့လက်ဖက်ရည်ဆိုင်ဖြစ်သည်။ ဦးဘကျော့ဆိုင်က အသစ်မတည်ဆောက်မီ နန်းရှေ့ဈေး၏ အနောက်ဘက်အစွန်မှာရှိသည်။ ဆိုင်မှာ စားပွဲသုံးလေးလုံးအပြင် ဈေးဆိုင်ခန်းအလွတ်တွေပေါ်မှာလည်း လွတ်လပ်စွာထိုင်နိုင်၏။ ဦးဘကျော့ဆိုင်မှာက လူငယ်အနုပညာသမားတွေ အများဆုံးထိုင်ကြတာ တဲ့ … ။ အထူးသဖြင့် မန္တလေး ပန်တျာနှင့် ပန်းပုကျောင်းမှ ကျောင်းသားများ၊ နန်းတော်ရှေ့ရပ်မှ လူငယ်အနုပညာရှင်များ၊ မန္တလေးဆေးတက္ကသိုလ်၊ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များမှ အနုပညာဝါသနာရှင် ကျောင်းသူ၊ ကျောင်းသားများ ထိုင်ကြတာတဲ့ … ။ ပိုင်သ တဲ့ … ၊ ပိုင်ကျွမ်း တဲ့ … ၊ ဆူး တဲ့ … ၊ ဝေချစ်ကို တဲ့ …၊ တင့်ကိုကို တဲ့ … ၊ နေမင်းပိုင်စိုး တဲ့ …။ ထိုစဉ်ကာလမှာပဲ ကျွန်တော်သည် အစ်ကိုတစ်ယောက်ထံမှ လက်ရေး ကျောက်ပုံနှိပ် ကဗျာစာအုပ်လေးတစ်အုပ်ဖတ်ရှုလိုက်ရသည်။ အချစ်ဆိုတဲ့ မြှားကလေး၊ လှစ်ဆိုကွယ်တအားပြေး၊ စစ်ဗိုလ်ရဲ့မယားလေးလှတယ် … ဟူသော သစ်သစ်ဆန်းဆန်းကဗျာလေးတွေ ခံတွင်းတွေ့နေချိန် သစ်ရွက်သေပေါ်မှ ရက်စက်သောဂီတ ကဗျာစာအုပ်လေးမျိုး တရှိုက်မက်မက်ဖြစ်နေချိန် ကျွန်တော်ကြုံတောင့်ကြုံခဲ ဖတ်ရသည့် လက်ရေးကျောက်ပုံနှိပ်ကဗျာစာအုပ်လေးက ထူးခြားလှသည်။ ထို ကဗျာ စာအုပ်လေးကိုဖတ်ပြီး မိမိကိုယ်ကို ဖိစီးထားသော အားငယ်စိတ်တွေကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။ ဒါဟာအနုပညာအစစ်အမှန်ပဲဟု အားတက်ခဲ့ရသည်။ မိမိနှလုံးသားထဲက မာနတွေ အလျှံညီးညီးတောက်ပခဲ့သည်။ ထိုကဗျာစာအုပ်လေးမှာ နေရောင်ခြည်နှင့် တွေ့ဆုံခြင်းဖြစ်သည်။ ရေးသားသူက… နေမင်းပိုင်စိုး ခေတ်ပေါ်ကဗျာဟာ အရေပြားပေါ်မှာ တည်ရှိနေတဲ့ လှပမှုတွေကို ကျောခိုင်းပြီးဘ၀ရဲ့ အနက်ရှိုင်းဆုံး အတ္တတရားကို ရှာဖွေတူးဖော်ခဲ့ကြပါတယ်။ ကဗျာဆရာရဲ့ ခန္ဓာကိုယ်မှာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ၀ိဉာဉ်တွေဟာ အာရုံတရားတွေနဲ့ သာမာန်ထိတွေ့ မှုပေါ်မှာ ကဗျာဖွဲ့လို့မရနိုင်ပါဘူး။ ထိတွေ့ခံစားမှုကို အခြေခံတဲ့ ကဗျာဆရာရဲ့ ဒဿနဟာ ကဗျာတစ်ပုဒ်ရဲ့ အသွေးအသားပါပဲ … ဆိုတဲ့ အရေးအသားတွေဟာ တုန်လှုပ်သွားစေခဲ့သည်။ ဟုတ်တာပေါ့… ၊ ထိုစဉ်ကာလက အနုပညာသည် ပြည်သူအတွက် ဆိုသော ကြွေးကြော်မှုနဲ့အတူ အနုပညာဖန်တီးမှုတွေဟာ အလုပ်သမား၊ လယ်သမားလူတန်းစားရဲ့ ဘ၀ခံစားချက်၊ ပကတိဖြစ်စဉ်တွေအပေါ် အခြေခံရမယ်လို့ အများစုက လက်ခံနေတဲ့အချိန်တွင် ဤစာသားများက မျက်မှောင်ကြုတ်ပြီးမှ နှစ်ခြိုက်လက်ခံစရာများအဖြစ် စဉ်းစားစေမှုကို ရုတ်ခြည်းပေးစေသောကြောင့်ဖြစ်သည်။ ကျွန်တော်ကတော့ နောက်ထပ် နေမင်းပိုင်စိုး၏ အရေးအသားတွေကို ပိုပြီးသဘောကျသွားသည်။ ထင်ရှားကျော်ကြားမှုနဲ့ ပုံနှိပ်စာလုံးအဖြစ်ဖော်ပြခံရမှုကို ဦးတည်ပြီး ကဗျာကို သေးသိမ်စွာ တွက်ချက်နေသူတွေကိုတော့ ကျွန်တော်တို့က ရယ်မောပစ်လေ့ ရှိပါတယ်။ ကဗျာရဲ့ အဓိပ္ပာယ်ဟာ ဒီထက်ပိုမိုကျယ်ဝန်းခဲ့ပါပြီ။ ဘ၀ရဲ့ ဝေဒနာကို အနက်ရှိုင်းဆုံး ဟု ဖေါ်နိုင်တဲ့ ကဗျာဆရာဟာ သမိုင်းရဲ့ စာမျက်နှာပေါ်မှာ လှပစွာကျန်ရှိနိုင်ပေလိမ့်မယ်။… တဲ့။ ထို့နောက် နေမင်းပိုင်စိုး၏ နေရောင်ခြည်နှင့် တွေ့ဆုံခြင်း ကဗျာစာအုပ်ကို အပြန်ပြန်အလှန်လှန်အလဲအလှယ်ဖတ်ကြပြီးနောက် ကျွန်တ်ာတို့ အချင်းချင်းတွေ့ဆုံကြလျှင်ပင် … ပထမဆုံးလူ မဖြစ်နိုင်တဲ့အခါ ဒုတိယလူဆိုတာ တတိယလူနဲ့ အတူတူပါပဲကွယ် … ဟူသော ကဗျာစာသားကို ဦးအောင်ရွတ်ဆိုကြသည်။ ထိုစာသားမှာ နေရောင်ခြည်နှင့် တွေ့ဆုံခြင်း ကဗျာစာအုပ်တွင် ကျွန်တော်တို့ နှစ်ခြိုက်စွာမျဉ်းတားမှတ်သားကျက်မှတ်ခဲ့သော ကဗျာစာသားများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပေသည်။ အို သခင် မင်းနဲ့ငါ ဟိုသခင်တွေ့စ ဒီဇင်ဘာလရဲ့ ညနေတစ်ခုမှာ ငါ ကဗျာဆရာလေ နင်၊ သင်ခန်းစာထဲ အိပ်ငိုက်သူ ဘွဲ့အထပ်ထပ်ယူဖို့ ကြိုးစားသူ မုံ့တီစား၊ ရုပ်ရှင်သွား၊ ပုတီးစိပ် ဘုရားဝတ်ပြု၊ စာဖတ် လက်ထပ်စာချုပ်ကို တစ်နှစ်တစ်ကြိမ်အတည်ပြုရသူ … ။ အံကြိတ်ပြီး ခေါင်းငုံ့ရတဲ့အခါ အားတင်းပြီး ကျောခိုင်းကြတဲ့အခါ မာနဆိုတာ ကြေကွဲခြင်းပဲဖြစ်လိမ့်မယ် … တဲ့ … ။ ကျွန်တော်တို့သည် နေမင်းပိုင်စိုး၏ နေရောင်ခြည်နှင့် တွေ့ဆုံခြင်း ကဗျာစာအုပ်ကြောင့် နန်းရှေ့ဈေးအတွင်းက ဦးဘကျော့ လက်ဖက်ရည်ဆိုင်ဆီ ၀ါတွင်းတစ်ခုတွင် ဥပုသ်နေ့ညနေတိုင်း သွားရောက်ထိုင်ဖြစ်ကြသည်။ ခြံထွက်နွားနို့မှ ချက်လုပ်ထားသည့် နို့ဆီဖြင့်ဖျော်သော ခပ်ဆိမ့်ဆိမ့်လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းသောက်ရင်း အနီးအနား ဈေးဆိုင်ခန်းအလွတ်ပေါ်က လက်ဖက်ရည်ဝိုင်းတွေဆီ စောင်းငဲ့ကြည့်မိ၏။ နေမင်းပိုင်စိုးဆိုတာများလား … ။ ကျွန်တော် နေမင်းပိုင်စိုးကို တွေ့ ခွင့်မရခဲ့ပါ။ သို့သော် … ဆရာ ပိုင်စိုးဝေကိုတော့ ၁၉၈၃ နောက်ပိုင်းမှ ကျွန်တော်တွေ့ဆုံသိကျွမ်းခဲ့ရပါ၏။ ထိုစဉ်အခါ ကျွန်တော်က အနောက်ပြင် ဒေါင်းရိုးရပ်နေအိမ်မှ၊ ကျုံးတောင်ဘက် ဆုတောင်းပြည့်ဘုရားအနီး ဟေမာဇလရပ်ကွက်ရှိနေအိမ်သို့ ပြောင်းရွှေ့နေထိုင်စ ကာလများဖြစ်သည်။ အိမ်ထောင်ကျပြီးစမို့ အိမ်ရှေ့ကွက်လပ်လေးမှာ ဆိုင်ကလေးဆောက်ပြီး စာအုပ်အငှားဆိုင်လေး ဖွင့်လှစ်ထားရှိသည်။ ကျွန်တော်ခဏခဏရေးခဲ့ ပြောခဲ့သလိုပါပဲ … ။ ကျွန်တော့စာအုပ်ဆိုင်လေးမှာ ကျွန်တော်နှင့် လက်လှမ်းမှီသော စာရေးဆရာ၊ ကဗျာဆရာတွေ ဆုံဖြစ်ကြသည်။ သည်အထဲမှာလည်း ဆရာပိုင်စိုးဝေပါတာပေါ့။ ကျွန်တော်တွေ့ဆုံချင်ခဲ့သော နေမင်းပိုင်စိုး ၏စိတ်ကူးထဲက ရုပ်ပုံလွှာသည် အခု ဆရာပိုင်စိုးဝေကို မြင်တွေ့ရသည်နှင့် လားလားမှ မတူ…။ အခု ဆရာပိုင်စိုးဝေက နေ့ခင်းနေ့လယ်ဆိုလျှင်အေးဆေးတည်ငြိမ်လှချည့် … ။ အင်း … ညာဥ့်ဦးအချိန်များမှာတော့ နည်းနည်းစကားတွေပြောလာသည်။ မည်သို့ဆိုစေ ဆရာပြောသော ညာဥ့်ဦးယံစကားတွေထဲမှာ ယခုအထိ ကျွန်တော်တို့ စွဲစွဲမြဲမြဲနှစ်ခြိုက်သုံးစွဲနေသော ဆရာ့မူပိုင်စကားတစ်လုံးရှိသည်။ အရေး မပါတာ … ဟူသော အဓိပ္ပါယ်ရှိသော စကားလုံး …။ ရိုင်းတော့မရိုင်း … ။ ကျွန်တော်တို့အချင်းချင်း ထိုစကားလုံးပြောလိုက်လျှင် သဘောပေါက်ပြီး ပြုံးရယ်မိကြသည်ချည်းဖြစ်၏။ ဆရာပိုင်စိုးဝေနှင့် ကျွန်တော်နှင့်က ဆွေမျိုးစပ်လို့လည်းရသည်။ သူ့ချစ်ဇနီးဒေါ်အေးကြည်က ကျွန်တော့်အစ်မနှင့်အတူတူ မန္တလေးပန်တျာကျောင်းဆင်းဖြစ်ပြီး ဆရာမကြီးဒေါ်သြဘာသောင်း၏တပည့်များဖြစ်သည်။ ထို့ကြောင့် အစ်မကြီးဒေါ်အေးကြည်က သူ့ချစ်ခင်ပွန်းနှင့်ပတ်သက်လျှင် ကျွန်တော့်အနေနှင့် ပိုမိုဂရုတစိုက် ရှိစေချင်သည်။ တစ်နှစ်တင်က ဆရာပိုင်စိုးဝေတစ်ယောက် ကျွန်တော်တို့ဟေမာဇလရပ်ကွက်မှသည် သူ့နေအိမ်သို့ ညလုံးပေါက်ပြန်ရောက်မလာခြင်းကိစ္စအပေါ် ရပ်ကွက်ခံကျွန်တော်က မသိရှိလိုက်ခြင်းအတွက် အစ်မကြီးဒေါ်အေးကြည် ကျွန်တော့်ထံလာရောက်ပြီး စိုးရိမ်ပူပန်ကြီးခဲ့သေးသည်။ ဆရာပိုင်စိုးဝေကို ကျွန်တော်က ပန်းချီကိုခင်မောင်စန်းတို့၊ ပန်းချီဘိုစောတို့နှင့်အတူ ဆရာကြည်ဇော်ဝင်း၊ ကိုအော်ပီကျယ်တို့နှင့်လည်း တွဲဖက်ပြီးမှ သိရှိကျွမ်းဝင်ရခြင်းဖြစ်သည်။ သို့သော်ဆရာပိုင်စိုးဝေနှင့် ကျွန်တော်၂ယောက်ချင်းတွေ့ ကြလျှင်ဖြင့် သူက ကျွန်တော့်ကို ဂန္ထ၀င်သမား တစ်ယောက်အနေနှင့် တလေးတစားဆက်ဆံနေပြန်တော့ နေမထိထိုင်မသာဖြစ်ရသေး၏။ ထို့ပြင် သူ … တိုင်းရင်းဆေးတက္ကသိုလ်မှာ စာကြည့်တိုက်မှူးတာဝန်ယူနေတော့ ကျွန်တော့်အတွက် လိုအပ်မည့်ဆေးဝါးတွေ ယူဆောင်ကူညီခဲ့တာလည်း အမှတ်တရဖြစ်သည်။ နောက်ထပ် … ဆရာပိုင်စိုးဝေနှင့် အမှတ်တရဖြစ်ရတာလည်း ရှိသေး၏။ ယခုထက်ထိလည်း ထိုကိစ္စကို ကျွန်တော်တို့မှာ အခွင့်သင့်တိုင်း သတိတရပြန်ပြောင်းပြောကာ ရယ်မောကြဆဲ … ။ ထိုစဉ်က ၁၉၉၉ခုဝန်းကျင်လောက်ကဖြစ်မှာပေါ့ … ။ ဆရာမ မြို့သာမရာထို တို့ဇနီးမောင်နှံက မြို့သာစာပေဟောပြောပွဲဖိတ်သည်။ မန္တလေးက စာရေးဆရာ ညီအစ်ကိုမောင်နှမတွေအတော်များများပါ၏။ ဆရာကျော်ရင်မြင့်၊ ဆရာသိုက်ထွန်းသက်၊ ကာတွန်းမောင်ဝင်းအောင်၊ ကျွန်တော်၊ မ၀င့်(မြစ်ငယ်)၊ ၀င်းဝင်းမြင့်(နန်းတော်ရှေ့ )၊ မကို၊ မေမောင် တို့ဖြစ်သည်။ ဟောပြောပွဲကို ညနေထွက်မည့် မြို့သာရထားနှင့် လိုက်ကြရမှာဖြစ်သည်။ ထို့ကြောင့် ဘူတာမဆင်းမီမှာ ပြင်ဆင်ကြဖို့ အိမ်ပြန်တော့ ကျွန်တော့အိမ်မှာ ဆရာပိုင်စိုးဝေရောက်နေ၏။ သူက စာအုပ်လာငှားခြင်းဖြစ်သည်။ ကျွန်တော်က မြို့သာကို ဟောပြောပွဲလိုက်ခဲ့ဖို့ ဇွတ်အတင်း အဓမ္မခေါ်သည်။ ဆရာကလည်း သူ့စက်ဘီးလေးကို အိမ်မှာထားခဲ့ပြီး အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် ဟောပြောပွဲသို့လိုက်လာ၏။ ဆရာပိုင်စိုးဝေပါလာတော့ ကျန်ညီအစ်ကိုမောင်နှမအားလုံး ပျော်ရွှင်သွားကြသည်။ ဟုတ်တာပေါ့ … သူက ကျွန်တော်တို့အထဲမှာ အသက်အကြီးဆုံး၊ ၀ါအကြီးဆုံးပေပဲ။ ပျော်ကြတာပေါ့။ ဤသို့ဖြင့် ဆရာပိုင်စိုးဝေတစ်ယောက် ကျွန်တော်တို့အုပ်စုကြီးနှင့် မြို့သာသို့ လိုက်ပါလာ၏။ လမ်းမှာ ကာတွန်း ဆွဲလွဲကိုလည်း ကျွန်တော်တို့ထပ်မံခေါ်ခဲ့ကြသည်။ မြို့သာမှာ နောက်ရက်ဟောပြောကြတော့ ဆရာမ မြို့သာမရာထို၏ ခင်ပွန်း ဦးအောင်ထွန်းက အားလုံးဟောပြောပွဲပြီးမှ ဆရာပိုင်စိုးဝေအတွက် စားရေးသောက်တာ စီစဉ်ထားကြောင်း ကြိုတင်ပြောထားသည်။ ရာသီကလည်း နတ်တော်၊ ပြာသိုချမ်းချမ်းစီးစီး … ။ မြို့သာအထက်တန်းကျောင်းခန်းမထဲမှာ ဟောပြောပွဲကျင်းပ သော်လည်း အပြင်မှာက နှင်းတွေဖွေးဖွေးကြွေနေသည်။ အပြင်မှာလည်း ထင်းမီးဖိုကြီးတွေဖိုထားကြရ၏။ ဟောပြောကြမယ့်လူတွေက ဆရာပိုင်စိုးဝေ၊ ဆရာကျော်ရင်မြင့်၊ ဆရာသိုက်ထွန်းသက်၊ ကျွန်တော်၊ မ၀င့်(မြစ်ငယ်)၊ ၀င်းဝင်းမြင့်(နန်းတော်ရှေ့ )နှင့် ဆရာ ကာတွန်းမောင်ဝင်းအောင်တို့ ဖြစ်သည်။ ကျွန်တော့်အလှည့်ရောက်တော့ သန်းခေါင်တိုင်နေပြီ။ သည်ကြားထဲ ကျွန်တော်က အဆိုတွေ၊ အပြောတွေနှင့် လေကြောရှည်နေတော့ …၊ လေချဉ်ခဏခဏတက်ရင်း မျှော်တလင့်လင့်ဖြစ်နေရှာသည့် အစ်ကိုကြီး ဆရာပိုင်မှာ မီးဖိုဘေးခိုက်ခိုက်တုန်ချမ်းရင်း တောက် … ၊ အရေးထဲ ဒီဇာတ်ရူးကတစ်မှောင့် ဟုကြုံးဝါးကြောင်းသိရသော်အခါ … ကျွန်တော့်မှာ စိတ်မဆိုးနိုင်အားဘဲ အူတက်မတတ် ရယ်မောရတော့၏။ နောက်ပိုင်း … ကျွန်တော်တို့နှင့်ဆိုလျှင် ဟောပြောပွဲအတူလိုက်ပါဖို့ ဆရာပိုင်မှာ အတော်စဉ်းစားတော့သည်။ သူနှင့်လိုက်ဖက်ညီသူပါမှ ခေါင်းညိတ်တော့၏။ ဒါတောင် ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာလအတွင်းက ထီးချိုင့်ဟောပြောပွဲသို့ ကျွန်တော်တို့နှင့် ဆရာပိုင်လိုက်လာသည်။ သည်တစ်ခါတော့ … သူနှင့်လိုက်ဖက်ညီမည့် တပည့်အပေါင်းအသင်းတွေကို သေချာခေါ်လာတော့၏။ မည်သို့ဆိုစေ … ဆရာပိုင်နှင့် ခရီးအတူထွက်ရတာ အလွန်ပျော်စရာကောင်းသည်။ ကျွန်တော် ဟေမာဇလ ၇၆လမ်း အိမ်မှာ နေထိုင်သောကာလများအတွင်း မန္တလေးနန်းရှေ့ပန်တျာကျောင်းဝင်းထဲမှာနေထိုင်သည့် ဆရာပိုင်စိုးဝေ တစ်ယောက် မနက်ပိုင်းလမ်းလျှောက်၍ဖြစ်စေ၊ စက်ဘီးနှင့်ဖြစ်စေ … အိမ်သို့နေ့စဉ်နီးပါး လာဖြစ် တွေ့ ဖြစ်ခဲ့ကြ၏။ အခု … ကျွန်တော်နန်ရှေ့အရှေ့ခြမ်း လယ်တောထဲသို့ရောက်ချိန် သူ့နေအိမ်နှင့်နီးကပ်စွာနေထိုင်လျက်ရှိသော်လည်း ကျွန်တော်နှင့် ဆရာပိုင်စိုးဝေ မတွေ့ ဖြစ်တာကြာပြီ။ တကယ်တော့ ကျွန်တော်တို့တစ်တွေသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ပိုမိုလွတ်လပ်၊ အေးချမ်း၊ အချိန်ရကြမည့်အစား၊ ပိုမိုဖိစီး၊ ကျဉ်းကျပ်၊ ရှာဖွေစားသောက် အချိန်လုနေကြသောအခါ အဘယ်မှာလျှင် တွေ့ ကြ၊ ဆုံကြ၊ ပြောကြ၊ ဆိုကြ ဟူသော လူမှုရေးရာအပိုင်း အချိန်ပေးနိုင်ကြတော့နည်း… ။ ဘယ်တော့များမှလေ … ။ ဆရာပိုင်စိုးဝေရဲ့ သိန်းစွန်ငှက် အပြန်လမ်း ကဗျာရှည်ထဲကလိုပေါ့။ ဘာတဲ့ ကျွန်တော်ကတော့ နွေဦးရက်တွေအကြောင်း သီချင်းမဆိုနိုင်တဲ့ ဥသြတစ်ကောင်ရဲ့ကြေကွဲမှုလို … တဲ့ … ။ ထိုကဗျာထဲမှ ကျွန်တော်ကတော့ ဟူသောစာသားမှာ ကျွန်တော်တို့ကတော့ဟု သေချာပေါက် ပြောင်းလဲလို့ရမယ် မဟုတ်လား ဆရာပိုင်ရေ … ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>