မ၀င့်(မြစ်ငယ်)နှင့်….

အဖြူရောင်ကင်းဗတ်နှင့် တစ်ဝက်တစ်ပျက် စုတ်ချက်…

မ၀င့်(မြစ်ငယ်)နှင့်….

 

    ၁၉၈၀ ကျော်ဝန်းကျင်လောက်က ဖြစ်မည်။ ယခု ၇၉ လမ်း တောင်ဖျား ၃၄ လမ်းသို့မရောက်မီ လမ်းအရှေ့ဘက်မှာ ရန်ကုန်ကရောက်လာကာစ ကဗျာဆရာလင်းသူ (ကိုထိန်လင်း)က စာအုပ်ဆိုင်ဖွင့်လှစ်သည်။ နာမည်က နွေဒေသ တဲ့။ ဆိုင်၏ တောင်ဘက်မှာက မျက်ပါးရပ်ခုံးကျော်တံတား (တံတားနက်) ရှိသည်။ လူသူပြတ်လတ်၏။ မြောက်ဘက်မှာ နာမည်ကျော် ရှိန်ကြီးကဖေး ရှိသည်။ နွေဒေသ မှာက အင်္ဂလိပ်-မြန်မာ ဂန္ထ၀င်စာအုပ်ဟောင်းတွေရှိ၏။ ကျွန်တော်က နွေဒေသသို့ မနက်ပိုင်းတွေမှာ ရောက်ရောက်သွားတတ်သည်။ တမေ့တမော။ မနက်စာစားချိန် ၁၂ နာရီ လောက်မှပဲ ပြန်ဖြစ်သည်။ တစ်ခါတစ်ရံ ကိုထိန်လင်းနှင့် အစ်မကြီးဒေါ်မြင့်မြင့်ဦးတို့ကျွေးသော မနက်စာကိုစားပြီး တစ်နေကုန်ချင်လည်းကုန်၏။
    ထိုစဉ်က နွေဒေသသို့ ကဗျာဆရာ ဦးအုန်း(အုန်းမြင့်လှိုင်)က သူ့မိသားစုနှင့်အတူ မနက်ပိုင်းတွေမှာ ရောက်လာတတ်သည်။ ဆရာအုန်းက ကြက်ဥမွှေကြော်တစ်ပွဲနှင့် လက်ဖက် ရည် ပြင်းပြင်းတစ်ခွက်ကို အမြဲသောက်တတ်သည်။ ခဏနေတော့ ကဗျာဆရာမ မစိမ်းပင်လည်း စက်ဘီးတစ်စီးနှင့် လာသည်။ ဆရာမက ရောက်တာနှင့် ဆေးပေါ့လိပ် တစ်လိပ်ကို ထောင်းထောင်းထအောင် ဖွာတတ်သည်။ ပြီးတော့ စာအုပ်ဆိုင်၏ အရှေ့ဘက်ထိပ်စင်ပေါ်က အင်္ဂလိပ်လို လက်ရွေးစင်ကြမ်း စာအုပ်နီနီတစ်အုပ် စွဲဖတ်ပြီး သူသိသည့် သဘောထားတွေနှင့် တိုက်ဆိုင်သည် အကယ်၍ ထိုအချိန်တွင် ဆရာအုန်း(ဦးအုန်းမြင့်လှိုင်)ရှိနေပါက သူကလည်း ရှင်းလင်းဖွင့်ဆိုမှုများ ပြောပြတတ်သည်။ မကြာမီ ကဗျာဆရာ ကိုငယ် (ကျောက်ဆည်)လည်း ရောက်လာတတ်သည်။ နေ့လယ်ပိုင်းမှာတော့ ကဗျာဆရာမောင်သင်းပန်လည်း ရောက်လာ၏။ လွယ်အိတ်တစ်လုံး၊ စက်ဘီးတစ်စီး၊ ဖွာလက်ဆ ဆေးပေါ့လိပ် တစ်လိပ်နှင့်ဖြစ်သည်။ နွေဒေသက မြို့လယ်ခေါင်ပေမယ့် လူသူအရောက်အပေါက်နည်းသည့်နေရာဖြစ်ပြီး သစ်ပင်ရိပ်ကြီးတွေ ၀န်းရံထားလို့အေးချမ်းသည်။ ဆိုင်ပိုင်ရှင် ကဗျာဆရာလင်းသူက သူ့ဆိုင်စဖွင့်သည့်အချိန် ကုက္ကိုရွက်ဝါတွေ တဖြောဖြောကြွေနေသည့် နွေဦးပေါက်ရာသီနှင့် သူ့ဆိုင်မျက်နှာချင်းဆိုင်မှာ ဒေသကောလိပ်ကျောင်းဆောင်ကြီး (ယခုရှေးဟောင်းမြန်မာ စာပေလေ့လာရေးဌာန)တို့ကို အမှတ်သညာပြုပြီး နွေဒေသဟု မှည့်ခေါ်ကြောင်း ပြောပြဖူးသည်။ နောက်တော့ နွေဒေသကို ရွှေဒေသဟု နာမည်ပြောင်းလိုက်သည်။ ထိုစဉ်က ဒေသကောလိပ် ကျောင်းသား၊ ကျောင်းသူလေးတွေလည်း သူတို့ကျောင်း နောက်ကျောဘက်က ထိုဆိုင်လေးမှာ စာအုပ်မြည်းရင်း ရောက်လာကြသည်။
    နောက်တော့ နွေဒေသမှာပဲ ဆရာချစ်ဦးညိုကို တွေ့ဖူးသည်။ ဆရာမောင်ခိုင်မာကို တွေ့ဖူးသည်။ ဆရာညွန့်သစ်ကို တွေ့ဖူးသည်။ ဆရာ အောင်မော်ကို တွေ့ဖူးသည်။ ဆရာအောင်ခက်ကို တွေ့ဖူးသည်။ စာရေးဆရာမ နွယ်နီလှိုင်ကိုလည်း တွေ့ဖူး၏။ စာရေးဆရာမ ရွှေကူမေနှင်းကိုလည်း တွေ့ဖူး၏။ ကဗျာဆရာတွေအများစု ဆုံဖြစ်ရာနေရာမှာ ကျွန်တော်က ဆောင်းပါးတွေရေးပြီးတိုင်း ကဗျာဆရာများကိုချည်းပြဖြစ်သည်။ ပျူဆောင်းပါးကြီးတစ်ပုဒ်ကို ဖတ်ပြီး ကဗျာဆရာလက်ရေးများနှင့် မှတ်ချက်တွေ၊ ဝေဖန်ချက်တွေ ရေးပေးကြသည်။ မြို့မငြိမ်းဆောင်းပါးတစ်ပုဒ်ကိုတော့ ဆရာမောင်ခိုင်မာအပြန်မှာ စံပယ်ဖြူအတွက်ယူသွားသည်။ ထားပါတော့။ ကျွန်တော်ပြောချင်တာ ဒါမဟုတ်။ ကဗျာဆရာအများစု တစ်ခါတစ်ရံ ရန်ကုန်က ကဗျာဆရာတွေပါ ဆုံဖြစ်လေ့ရှိသောနေရာမှာ သူ့နာမည်သူ့စာတွေ(၀တ္ထုတွေ) အကြောင်း အမြဲမပြတ်ကြားနေရသော စာရေးဆရာတစ်ယောက်လည်းရှိ၏။ ထိုနေရာသို့ လာလည်းမလာဖူး။ ပြီးတော့ သူက မန္တလေးမှာလည်းမနေ။ သူက အမျိုးသမီးစာရေးဆရာမဖြစ်သည်။
    တစ်ရက်နံနက်ခင်းမှာတော့ နွေဒေသ ရှေ့က ကားတစ်စီးပေါ်မှာ စာရေးဆရာ၊ ကဗျာဆရာ တစ်အုပ်တစ်မကြီး ရောက်နေသည်။ ကျွန်တော်စက်ဘီးလေးနှင့် ရောက်သွားတော့ ကားက ထွက်လုထွက်ချင်။ ဂီယာပင်ပြောင်းထိုးနေပြီ။ ကဗျာဆရာမ မစိမ်းပင်က လိုက်မှာလား၊ လိုက်မှာလား၊ လာ လာ၊ စာပေဟောပြောပွဲ မြစ်ငယ်စက်ရုံကို တဲ့။ ကျွန်တော် မလိုက်ဖြစ်။ သူတို့ကား စက်သံတဂီးဂီးပေးကာ ထွက်သွားသည်။ နောက်ရက်မှာထိုနေ့က စာပေဟောပြောပွဲအကြောင်း ပြောမဆုံးကြတော့။ ကံကောင်းလို့တဲ့။ ဒီစကားဝိုင်းမှာပြောနေကျ စာရေးဆရာမအကြောင်းက ဟီးရိုးဖြစ်နေသည်။
    ကျွန်တော်ကား စာရေးဆရာမ မ၀င့်(မြစ်ငယ်)ကို လူမမြင်ဖူးခင်ကတည်းက ဟီးရိုးဇာတ်ကောင်အဖြစ် နေအောင် ကြားနေရသည်ကို။

    နောက်တော့ မဂ္ဂဇင်းမိတ်ဆက်ပွဲတွေမှာ၊ တောင်လေးလုံးစာပေပွဲတွေမှာ မ၀င့်(မြစ်ငယ်)ကို မြင်ဖူးသည်။ ဆရာမြသန်းတင့်၏ စကားများကိုငှားသုံး ရလျှင် ဗိုင်းကောင်းကျောက်ဖိဟန်အပြည့်။ သို့ရာတွင် ထိုဣနြေ္ဒသည် ပင်ကိုယ်စိတ်ထားကိုမူ ဖုံးကွယ်နိုင်ခြင်းမရှိ။ တမင်ချိုပြုံးနေသည့် မျက်နှာပေါ်က မျက်လုံးများသည် မဟုတ်မခံသည့် သဘောကိုဆောင်သည်။ ဇွတ်တရွတ်နိုင်ဟန်ကိုပြသည် ဟူ၍ ပြောရပေမည်။ မြစ်ငယ်စက်ရုံအနီး ၀န်ထမ်းအိမ်မှာ သူ့မိခင်ဆုံးတော့ လူထုဒေါ်အမာဦးဆောင်ပြီး ကျွန်တော်တို့ရောက်သွားသည်။ အမေလူထုဒေါ်အမာကိုယ်တိုင် သုဿန်မြေဆင်းအထိ လိုက်ပို့သည်။
    သည်နေရာ၊ သည်ရပ်ကွက်၊ သည်စက်ရုံ၊ သည်လူတန်းစားတွေကို အခြေခံပြီး သူဝတ္ထုတိုတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ရေးထုတ်နေသည်။ အားလုံး ပတ္တမြားပွင့်၊ စိန်ပွင့်၊ နီလာပွင့်…။ သူ့ကုန်ကြမ်းတွေက ရတနာသိုက်ကြီးတစ်ခုလို၊ သွေးစရာ၊ သစရာ၊ မွမ်းမံစရာ၊ ဖန်ဆင်းစရာ၊ ပြုပြင်စရာမလိုဘဲ အရိုင်းချည်းကတည်းက အဖိုးတန်နေသည်။ လှနေသည်။ သူကလည်း ဗြုန်းမြေထဲမှ အဖိုးတန်ကျောက်မျက်လေးတွေကို ဇာဂနာဖြင့် တစ်ပွင့်ချင်းကောက်ကောက်ပြီး မဟူရာကတ္တီပါသားပေါ် တင်ပေးနေ၏။ နောက်တော့ ရတနာမြေ တစ်ကွက်က နောက်ရတနာမြေ တစ်ကွက်ဆီ ပြောင်းရပြန်သည်။ ရွာထောင်မီးရထားစက်ရုံဆီ…။
    ထိုနေရာရောက်တော့ ရတနာကုန်ကြမ်းတွေ ပိုလို့များလာ၏။ မြစ်ငယ်ကနေ စစ်ကိုင်းတံတားကြီးကျော်ပြီး ဟိုး… ရွာထောင်စက်ရုံဆီ နေ့စဉ်စက်ဘီးနှင့် အသွားအပြန်ခရီးက နည်းတဲ့ကုန်ကြမ်းတွေမှ မဟုတ်တာ။ အလုပ်ဆင်းဥသြသံ။ ထမင်းဘူး၊ လက်သမားဆိုင်း၊ အလုပ်ကြပ်(ဖိုမင်) စသည့် အခင်းအကျင်းများမှသည် နတ်ကတော်၊ ကြောင်တစ်ကောင်၊ ပန်းချီဆရာ၊ အရာရှိ၊ စိတ်ဝေဒနာသည်၊ မိဘမဲ့ကလေး၊ အိမ်ဖော် စသည်ဖြင့် သူ့မှာဇာတ်ကောင်တွေ၊ ကုန်ကြမ်းတွေအများကြီး ကျယ်ပြန့်လာသည်။ အားလုံးကား အရိုင်းကတည်းက အဖိုးတန်သည့် ရတနာများ…။
    ဘာပဲပြောပြော မ၀င့်(မြစ်ငယ်)ကား သူ့ကိုယ်သူ မ၀င့်ဆိုတာ ပန်းချီကားနဲ့တူတဲ့ မိန်းမပါ။ ကျွန်မလေ ကင်းဗတ်စနဲ့ စက္ကူလိုအဖြူ သက်သက် ဗလာဖြစ်ခဲ့တာပါ။ ဘ၀ကအရောင်တွေတို့ပေးတော့မှ ကျွန်မပိုဖြစ်သွားတာရှင့်။ ကျွန်မက မညံ့ဘဲ မတော်ခဲ့သူပါ။ ကျွန်မကိုယ်ကျွန်မ အမြဲဖြည့်ဆည်းပေးနေရပါတယ် ဟု သူ့မောင်ငယ်(ဇေရတု)သို့ ညွှန်းဆိုသောဝတ္ထုတစ်ပုဒ်၌ ဖွင့်ဟခဲ့၏။ ဟုတ်ပါသည်။ ထိုအရာကား မ၀င့်(မြစ်ငယ်)ဖြစ်ပါ၏။

    နောက်တော့ ကျွန်တော်က ရှားပန်း ကလောင်ဖြင့် မန္တလေးဝတ္ထုတိုဆရာမလေးဦးဖြစ်သော ၀င်းဝင်းမြင့်(နန်းတော်ရှေ့)၊ မ၀င့်(မြစ်ငယ်)၊ မေမောင်၊ မကို တို့ကို မြင့်ဝင့်မေကို ဟု ရွှေဝတ်ရည်မဂ္ဂဇင်းမှာ ရေးလိုက်တော့ ငါတို့လို သူက၀တ္ထုမှမရေးတတ်တာ ဟု ကျွန်တော့်ကို ၀ိုင်းစကြသည်။ အပျိုကြီးလေးယောက်ကြား ကျွန်တော့်မှာ မနေတတ်မထိုင်တတ်။ နောက်တော့ ထိုညီအစ်မလေးဖော်နှင့် ဟောပြောပွဲခရီးတွေလည်းထွက်ဖြစ်ခဲ့၏။ မြို့သာ၊ ဆူးဖြူကုန်း…။ နွားထိုးကြီး…။
    နောက်တော့…။
    နောက်တော့ မန္တလေးသို့ပြောင်းလာပြီး လမ်း ၃၀ နံဘေး ရဲသိပ္ပံအနီးက အဆောင်တစ်ခုမှာနေသော မ၀င့်(မြစ်ငယ်)က ဖွင့်လှစ်စ ထန်းရိပ်ညိုပန်းချီပြခန်း၊ ထန်းလုံးနှင့် ၀ါးအဆောက်အအုံကြီး နံဘေး မန်ကျည်းပင်ရိပ်မှာ၊ မီဒီယာစားပွဲပေါ်မှာ အလုပ်တွေအတူတူလုပ်ကြရင်း မောင်ရင်းနှမများအသွင် ရင်းနှီးပွင့်လင်းလာကြ၏။ သူကလည်း ကျွန်တော့်ကို မောင်တစ်ယောက်လို ပြောစရာရှိတာ အကုန်ပြောသည်။ ကျွန်တော်ကလည်း သူ့ကို အစ်မတစ်ယောက်လို ပြောစရာရှိတာ အကုန်ပြောတော့ ကျွန်တော့်ဇနီး ခင်သော်ဇင်နှင့်တွေ့လျှင် သူက ကျွန်တော့်နိုင်ကွက် ရသွားတော့သည်။
  နောက်တော့ ကျွန်တော်တို့မျှော်လင့်မထားသော အဖြစ်အပျက်တစ်ခုက ရုတ်ခြည်းရောက်လာသည်။ တကယ်တော့ မျှော်လည်းမျှော်လင့်ထားပါရဲ့ ဒါပေမယ့် ဒီလောက်တော့မမြန်ဟု ထင်ထားကြသည်။ သို့သော် ထိုအရာကာ ယခုဖြစ်ပြီတဲ့။ ကိုသိုက်ထွန်းသက်၊ ကိုညိုထွန်းလူနှင့် ကျွန်တော်အပါအ၀င် ထန်းရိပ်ညို ဦးမျိုးခင်ပါ ခေါင်းနပန်းကြီးသွားကြသည်။ ဘုရား၊ ဘုရား။ မ၀င့် အိမ်ထောင်ပြုပြီတဲ့။ အသက် ၃၀ ကျော် ၄၀ ၀န်းကျင် အပျိုကြီးတစ်ယောက် အိမ်ထောင်ပြုတာ ဘာဆန်းသလဲ ဟုပြောရမည်ဖြစ်သော်လည်း ယခုကိစ္စက သည်လိုမဟုတ် စာရေးဆရာ၏ ဇကိုပြသည့်သဘောဖြစ်မည် သူဖြစ်ချင်တာ သူကဦးဆောင်၍ မဖြစ်မနေဖြစ်လိုက်သည့်သဘော…။ ထို့ကြောင့် မန္တလေးအရှေ့ဘက်မြို့စွန် ယဉ်ပျံရွာကလေးတောင်ဘက်ဖျားက ထန်းပင်တွေဝိုင်းနေသည့် ၀င်းကလေးထဲက ခြေတံရှည်အိမ်လေးတစ်လုံးပေါ်တွင် ဘ၀သရုပ်ဖော်စာရေးဆရာမသည် သူ့မောင်ငယ်(ဇေရတု)နှင့် အိမ်ထောင်သည်ဘ၀ကို ရဲရဲပဲဖြတ်နင်း လိုက်ပါပကော…။
    ဗရာဘို ဟု လက်ခုပ်တီး ကောင်းချီပေးရမည်လော။ ယောင်းမမြင်းစီးထွက်တယ် ဟု အပြစ်တင်ရမည်လော။ စာရေးဆရာအစ်ကိုတွေ မောင်တွေမှာ ဝေခွဲရခက်သွားကြသည်။ မတတ်နိုင်။ သတင်းကြားတာနှင့် စက်ဘီးကိုယ်စီဖြင့် သူ့ဆီရောက်သွားကြသည်။ ပြောခဲ့သလို အိမ်ကလေးတစ်လုံးပေါ်က အသစ်စက်စက်ဇနီးမောင်နှံနှစ်ယောက်ကိုမြင်တော့ ကျွန်တော်တို့လည်း ဒွိဟတွေ၊ ဝေခွဲမှုခက်တာတွေအားလုံး လွင့်စင်ပျောက်ကွယ်သွားပြီး ညီငယ်ဇေရတုကို လက်ဆွဲနှုတ်ဆက်ကာ မ၀င့်ကိုလည်း လက်မထောင်ပြကြမိတော့၏။ မ၀င့်ကို တူမတစ်ယောက် သဖွယ်စောင့်ရှောက်ခဲ့သော ကဗျာဆရာကြီးတစ်ဦးက ငါ့တူမတန်ပါတယ်ကွာ ဟု ဂုဏ်ယူသည်။
    ဒီလိုနှင့်
    ရန်ကုန်မှာလည်း ရွှေဝတ်ရည်မဂ္ဂဇင်း အယ်ဒီတာအဖြစ်၊ မြန်မာမန်နေဂျာ ဂျာနယ်အယ်ဒီတာအဖြစ် သုံးနွေ သုံးမိုးခိုကြ…။ ချစ်စရာ သားဦးလေး ရရှိကြ။
    နောက်တော့ ဇေရတုက အင်ဂျင်နီယာအရာရှိလေးအဖြစ် မန္တလေးမြို့အနီး ပလိပ်မြို့အနီး စက္ကူစက်ရုံသို့ တာဝန်ကျလာတော့ ဆရာမမ၀င့်(မြစ်ငယ်)လည်း သျှောင်နောက်ဆံထုံးပါ သူ၏ဘူမိနက်သန်သို့ ချစ်စဖွယ်သားငယ်လေးနှင့်အတူ ပြန်ရောက်လာသည်။ တကယ်တော့ ဟောဒီဒုဋ္ဌ၀တီ(မြစ်ငယ်)နှင့် အနီးတစ်ဝိုက်က မ၀င့်၏အောင်မြေ၊ မ၀င့်၏ ဘူမိနက်သန်ပဲဖြစ်သည်။ ရန်ကုန်မှာ၊ နောက်ဆုံး မန္တလေးမှာအထိ မ၀င့်နှင့်မကိုက်၊ အံမကျ၊ မူယာမာယာများလှသောဝန်းကျင်၌ အဖြူသားကင်းဗတ်စ မ၀င့်မှာ အနုပညာရဲတင်းသော စုတ်ချက်များတင်ဖို့ရာ အာရုံထွေပြားနေမှာ…။
    ဟိုယခင် မြစ်ငယ်စက်ရုံ၊ ရွာထောင်စက်ရုံတွေတုန်းက အဖိုးတန်ကုန်ကြမ်းတွေက အရိုင်းအတိုင်းပင် လှပနေသည့်ရတနာများချည်းမို့ သူ့ဝတ္ထုတိုလေးတွေက ထူးထူးခြားခြားလင်းလက်လှပ။
    ယခု ပလိပ်မှာလည်း မ၀င့်အတွက်ကုန်ကြမ်းတွေက ရတနာတွေပဲဖြစ်ပါလိမ့်မည်။ ထိုအခါ လင်းလက်လှပသော အကွက်အသွေးနှင့် စိန်မြရံခြယ်အနုပညာပစ္စည်းများကို မျှော်လင့်မိပါ၏။
    လောလောဆယ် မ၀င့်(မြစ်ငယ်)ဆီက ၀တ္ထုတိုတွေ ဒလဟောထွက်မလာသေး။
    ပလိပ်သို့ရောက်လာစက စနေနေ့တိုင်း မန္တလေးသို့မ၀င့်(မြစ်ငယ်)လာတတ်ကြောင်း၊ ကိုအိတို့၊ ကိုရွှေမိုးတို့၊ ကိုညီပုလေးတို့၊ ကိုသန်းဌေးတို့ကပြောတတ်ပါ၏။  
    သည်တစ်ခါ မ၀င့်(မြစ်ငယ်)နှင့်…

    နောက်တော့ မန္တလေးသို့ပင် မ၀င့်(မြစ်ငယ်)က အရောက်အပေါက်နည်းသွားသည်။ သူ့အမျိုးသား ဇေရတုကလည်း တာဝန်တစ်ဖက်နှင့်ပင် အိုင်တီပိုင်းဆိုင်ရာ ဆက်လက်လေ့လာပို့ချနေသတဲ့။ သည်ကြားထဲ မ၀င့်(မြစ်ငယ်) စာကို အလွန်အရေအတွက်နည်းသော ခက်ဖြောက်ဖြောက်သာ တွေ့ရလို့ အားမလိုအားမရဖြစ်ရသေးသည်။ ကြိုးကြားကြိုးကြားတော့ တယ်လီဖုန်းသံမဏိကြိုး မှတစ်ဆင့် သတင်းပလင်းကိစ္စတွေ ကျွန်တော်နှင့် ပြောဖြစ်သည်။ ပလိပ်စက်ရုံနယ်မြေ၏ သစ်ပင်တွေဝန်းရံနေသော ၀န်ထမ်းတစ်ထပ်တိုက်ကလေးမှာ ငြိမ်သက်နေသည့် မ၀င့်(မြစ်ငယ်)ကို ကျွန်တော်က စာပေဟောပြောပွဲခရီးစဉ်တွေနှင့် လှုပ်နှိုးဖြစ်သည်။ တမြန်မနှစ်က ဆရာခင်မောင်ညို(ဘောဂဗေဒ)၊ ဆရာညိုထွန်းလူတို့နှင့် ငါန်းဇွန်ခရီး။ သည်နှစ်မှာတော့ ဆရာပိုင်စိုးဝေ၊ ကျွန်တော်၊ ဂျာနယ်လစ် ကိုညိုလုံးတို့နှင့် ထီးချိုင့်တစ်ခွင် ရက်သတ္တတစ်ပတ်ခရီးစဉ်။ ထို့နောက် ဆရာအော်ပီကျယ်၊ ကျွန်တော်နှင့် ချပ်သင်းဘက် ခရီးစဉ်။ ထို့နောက် ကျွန်တော်၊ ကိုစိုးဘားဒိုင်တို့နှင့် ရွှေဘိုခင်ဦးခရီးစဉ်…။ ဆရာမနှင့် ဟောပြောပွဲ ခရီးစဉ်ထွက်ရတာ ပျော်စရာကောင်းသည်။ သူက ဇီဇာမကြောင်၊ နေရာမယူ၊ မမော်မကြွား၊ ကိုယ်ချင်းစာတရားအပြည့်ဖြင့် ခရီးဖော်အချင်းချင်း  ပျော်ရွှင်စေသည်။ စိတ်ချမ်းသာစေသည်။ ထီးချိုင့်ခရီးစဉ်တုန်းကများ ညကြီးမိုးချုပ် မှောင်မဲမဲဧရာဝတီမြစ်ကြီးထဲ မော်တော်က လမ်းပျောက်၊ သောင်တင်၊ စက်ပျက်၊ ရေလယ်ခေါင်ဝဲလည်ခတ်နေသော်လည်း သူကသီချင်းတကြော်ကြော်နှင့် ပျော်နေသည်။ အရေးထဲ နန်းတော်ရှေ့ဆရာတင်၏ ကတ္တီပါဖိနပ်လေးသီချင်းက ….မျက်လုံးကလေးလည်းကိုင်၊ နှာခေါင်းကလေးလည်းကိုင်၊ ကိုင်…၊ ကိုင်…၊ ကိုင်… နန်းတော်ရှေ့ဆယ့်သုံးမိုင် သီချင်းရဲ့ အစပိုဒ်က ဘာလဲရှင့် ကျွန်မမေ့နေလို့ ဟု ဆိုပြန်သည်။ မော်တော်မှ စက်ပျက်၊ သောင်တင်၊ လမ်းပျောက်နေရတဲ့အထဲ…။ ကျွန်တော်လည်း ထိုသီချင်း၏ အစပိုဒ်ကိုတော်တော်နှင့်ဖော်မရ။ စိတ်ထဲမှာ ယားကျိကျိ၊ အစကနေ ပြန်ဆို… ထိုအပိုဒ်ရောက်တော့မေ့သွား၊ စာသားက ဖော်မရ၊ သည်လိုနှင့် ကျွန်တော်တို့သွားလိုသော ကြက်တစ်ကောင်ရွာကို ကမ်းတင်နေသည့် မော်တော်ပေါ်မှ တစ်မိုင်ပျော့ပျော့ခရီးကို သောင်ပြင်ကြီးပေါ် ကျင်းမမြင်၊ ချိုင့်မမြင် လမ်းလျှောက်သွားကြရင်း သူက သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် အော်ဟစ်ဆိုလာပြန်သည်။ ဘာပဲပြောပြော စာရေးဆရာမတစ် ယောက်၏ သတ္တိကဖြင့် မ၀င့်(မြစ်ငယ်)မှာအပြည့်…။
    ထီးချိုင့်မှာ တစ်ပတ်ခန့်နေပြီး အနီးအနားရွာတွေလည်းရောက်၊ နာမည်ကျော်မဲဇာလည်းရောက်၊ မြတောင်လည်းရောက်၊ ထို့နောက် မန္တလေးကိုပြန်ကြတော့ ရှပ်ပြေးမော်တော်ပေါ်တွင် မင်းကွန်းကျော်ပြီး မန္တလေးတောင်ကို မြူတွေကြားခပ်ပါးပါးမြင်လိုက်လျှင်ပင် သူ့မှာခေါင်းကိုက်သလို၊ ခါးနာသလို၊ မအီမလည်ဖြစ်နေသည့် အမူအရာမြင်ရလို့ ]ဆရာမက အိမ်နဲ့မတည့်ဘူးထင်တယ် ဟု ပြောမိသေးသည်။
    မည်သို့ဆိုစေ စာရေးဖို့ဆိုလျှင် ဆင်ခြေတွေများနေသော သူ့စရိုက်ကိုတော့မကြိုက်။ မည်သို့ဆိုစေ စာရေးဆရာက စာရေးရပေမည်။ မည်သို့ဆိုစေ မ၀င့်(မြစ်ငယ်)သည် စာရေးဆရာမစစ်စစ်မဟုတ်ခဲ့ပါလား။ မည်သို့ဆိုစေ…။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>