NPL နှင့်……

အိမ်ကလေးဟာ ယိမ်းထိုးလှုပ်ခါသွားတယ်။ ပေပေမဲမဲ အညှိတက်နေတဲ့ ကိုင်းကျိုးပန်းကန်လုံးထဲက လက်ဖက်ရည်လက်ကျန်ကို ကဗျာဆရာလေးက ဂွတ်ကနဲမော့သောက်လိုက်ပြီး တံခါးဝဆီလှမ်းကြည့် လိုက်တယ်။ ဟော… လာပြီ… တဲ့။ အိမ်ကလေးပေါ်က မျက်လုံးအစုံပေါင်း များစွာဟာ တံခါးဝဆီစူးစိုက် နေကြမှာ အမှန်ပဲ….။ သူတို့အသက်ရှူဖို့ မေ့ကောင်းမေ့နေရော့မယ်။  ဟော… လာပြီ တဲ့…။ အသံတစ်ခုတပြိုင်နက်မြည်ဟီး သွားသလိုပါ…။ ဒါပေမဲ့… ငြိမ်သက်မှုကို လေ့ကျင့်ခန်းတစ်ခုသဖွယ်ကျင့်သုံးကြတာမို့… အိမ်ကလေးရဲ့ ကျိုကျဲကျဲအမိုးက နေလောင်ဝါးကပ်စလေးတွေကို လေတိုးတဲ့ချိုးချိုးချွတ်ချွတ် အသံတောင်ကြားရသလိုပါပဲ…။ ၀ါးလုံးနဲ့ ဇလီသတ်ထားတဲ့ တံခါးဘောင်ကို ဆွဲကိုင်အားယူပြီး ခြေတံရှည်အိမ်ကလေးပေါ် လှမ်းတက်လိုက်သူဟာ လှပခန်းနားတဲ့ နိုင်ငံခြားဖြစ် အနွေးထည်ကို သေသပ်စွာဝတ်ဆင်ထားတယ်။ သူ့အသားအရေ၊ သူ့မျက်နှာကျ၊ သူ့အရပ်အမောင်းနဲ့ သူ့ဝတ်စားဆင်ယင်မှုဟာ ကြည့်ကောင်းနေတယ်။ ထူးခြားတာက သူ့မျက်လုံးအစုံ…၊ သူ့အမေလိုပဲ စူးရှတောက်ပြောင်နေတယ်။ အသားဖြူတာက သူ့အဖေကို တူတာတော့အမှန်ပဲ…။ ဆံပင်စုတ်ဖွား၊ နွမ်းချိချိအ၀တ်အစားနဲ့ အိမ်ကလေးပေါ်က လူတွေကြားမှာ သူဟာမင်းသားလေးတစ်ပါးလိုပါ။ အိမ်အောက်က ၀ပ်အိုင်နေတဲ့ ရွှေတချောင်းမြောင်းရဲ့ ပုပ်အဲ့အဲ့အနံ့ဟာ အိမ်ကလေးပေါ်က လေထုကို သိမ်းပိုက်ထားပြီ။ မင်းသားလေးဟာ အနွေးထည်ကို ချွတ်လိုက်ပြီး အိတ်ထဲက လက်ကိုင်ပုဝါဖြူဖြူလေးကို ထုတ်လိုက်တယ်။

ဒီလိုနဲ့…. ရွှေတချောင်းမြောင်းပေါ် ခွဆောက်ထားတဲ့ မန္တလေးမြို့စွန်က အိမ်လေးတွေအပေါ် မကြာမကြာ သူရောက်လာတတ်တယ်။

ဒီလိုနဲ့…. ဒီအိမ်လေးတွေပေါ်က ပေါက်ဖွားလာတဲ့ ကဗျာလေးတွေကို သူ့ရင်ထဲက ခိုင်ကျည်တဲ့ အသိတစ်ရပ်နဲ့ ရောယှက်တယ်။

ဒီလိုနဲ့…. ကွာဟနေတဲ့ အသွင်သဏ္ဍာန်၊ ငုတ်လျှိုးနေတဲ့ အသိစိတ်နဲ့၊ စိမ်းကားနေတဲ့မျက်လုံးတွေကို နီးစပ်၊ ဖော်ထုတ်၊ ရင်းနှီးအောင် သူကြိုးစားတော့တယ်။

ဒါဟာ… သူဌေးသားတစ်ယောက် ပင်လယ်ကမ်းခြေကို အပန်းဖြေခရီး ထွက်လာတာတော့ မဟုတ်ပါဘူး။ သေချာတာက သူဟာ ဟိုအဝေး ပင်လယ်ကြီးထဲက ပြန်ရောက်တာမကြာသေးဘူးဆိုတာပဲ…။

တကယ်တော့ အနုပညာဆိုတာ စိတ်ကူးအလုပ်ပါ။ အနုပညာရှင်ဟာ ရုပ်ကမ္ဘာကြီးကို သူ့အနေနဲ့ ဘယ်လိုသိရှိတယ်ဆိုတဲ့ လူ့အသိစိတ်ကို ဖော်ပြပါတယ်။

သိပ္ပံနည်းကျတဲ့ စာပေဝေဖန်ရေးသမားနဲ့ စာပေသမိုင်းပညာရှင်ဟာ စာရေးဆရာရဲ့ စာပေနဲ့ဘ၀ကို ဆက်စပ်ကြည့်ပါတယ်။ စာရေးဆရာရဲ့ ဘ၀နောက်ခံကား၊ ဘ၀ရပ်တည်မှု၊ ဖြတ်သန်းသွားတဲ့ခေတ်၊ သူ့ရဲ့ပုဂ္ဂလိကဘ၀၊ လူမှုဆက်ဆံရေး ဆိုတဲ့အချက်တွေပေါ် စီစစ်ပြီးမှ သူတင်ပြတဲ့ အဘိဓမ္မာကို ထုတ်နှုတ်ညွှန်ပြရမှာကိုး။ စာရေးဆရာက သူ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို စုစည်းပြီး ရေးသားတင်ပြမယ်။ ဒီပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို ရှာဖွေမယ်။ ရှာဖွေပုံ၊ ရှာဖွေနည်း၊ တွေ့ရှိပုံတွေ့ရှိနည်း အပေါ် မူတည်ပြီး သူအဘိဓမ္မာကို တင်ပြပေလိမ့်မယ်။

သူ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို ကြည့်မြင်ရာမှာ ကွဲပြားသလို တင်ပြရာမှာလဲကွဲပြားပါတယ်။ ဒီလိုကွဲပြားတဲ့ အမြင်အပေါ် အခြေခံပြီး ထုတ်လုပ်လိုက်တဲ့ အနုပညာပစ္စည်းးဟာ လှပမှု၊ သိမ်မွေ့မှုတွေနဲ့အတူ လှုံ့ဆော် မှုတေါရှိလာရော…။ ဒီလိုလှုံ့ဆော်မှုက၊ အဲဒီအနုပညာပစ္စည်းရဲ့ ထက်မြတ်တဲ့ စွမ်းအင်ပဲ…။ တက်ကြွမှု၊ တွေဝေမှုဆိုတဲ့၊ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဖြစ်စေတာ ဒီစွမ်းအင်ရဲ့ အာနိသင်ပါပဲ…။ ဒါဟာ… အနုပညာ၊ ရုပ်ကမ္ဘာ၊ လူ၊ လူ့အဖွဲ့အစည်းတွေရဲ့ ဆက်စပ်နေတဲ့သဘော…။

အနုပညာ၊ ရုပ်ကမ္ဘာ၊ လူ၊ လူ့အဖွဲ့အစည်းတွေရဲ့ ဆက်စပ်နေတဲ့သဘော…၊ ဆက်စပ်နေတဲ့သဘော…။ ဆက်စပ်နေတဲ့….။

ဒီအသံလေးတွေ… ဟော ဟိုရွှေတချောင်းပေါ်က အိမ်လေးတွေမှာ ပျောက်ကွယ်သွားတာကြာပြီ…။ ဒါပေမဲ့… ဟိုအဝေး… အဝေးဆီက ရှမ်းရိုးမကြီးတွေပေါ်မှာတော့ အခုထိပဲ့တင်သံတွေလိုကြားနေရဆဲ…။

မင်းသားလို ချောမော၊ သံမဏိလိုမာကြော၊ ဓါးတစင်းလိုထက်မြတ်တဲ့ လူထုမျိုးဆက်သစ်ရဲ့ ဇာတ်ဝင်ခန်းလေးတွေဟာ အခုအချိန်ထိ စူးရှစွာစွဲမက်နေဦးမယ်။ ဒီလိုနဲ့ ဇာတ်ရည်မလည်ခင် ဇာတ်လမ်းပြောင်းသွားတော့ အားလုံးလွမ်းဆွတ်လို့နေကြတယ်။ ၁၉…။

၁၉၈၁ ခုနှစ်ရဲ့ မန္တလေးမီးကြီးဟာ မန္တလေးသားတွေရဲ့ ဘ၀အစိတ်အပိုင်းတွေကို ဆွဲခါလှုပ်ရမ်းပြောင်းလဲစေတယ်။ မြန်မာစာပေလောကကို ကိုင်လှုပ်ခဲ့တဲ့ စာအုပ်စာတမ်းတွေ၊ ကဗျာတွေကို ဟောတစ်အုပ်၊ ဟောတစ်အုပ်ရိုက်နှိပ်ခဲ့တဲ့ အင်္ဂလန်လုပ် ပါတ်လည်ပုံနှိပ်စက်ကြီးတွေ ဂုန္တာန်ဝင်းထဲက အူနေတဲ့ သစ်ပင်ငုတ်တို၊ အိမ်တိုင်ငုတ်တိုနဲ့ အုတ်ပုံအုတ်ခံတွေရဲ့ အနိမ့်အမြင့်၊ အနီးအဝေး အချိုးညီစွာ ၀န်းရံထားမှုကြားမှာ တုံးလုံးပက်လက်ဖြစ်နေတဲ့ မြင်ကွင်းဟာ… ရင်နင့်စရာကောင်းပေမဲ့၊ အစဉ်အလာကြီးမားတဲ့ စာပေမျိုးဆက်ရဲ့ ဒုတိယမြောက် လက်ဆင့်ကမ်းဇာတ်လမ်းရဲ့ အဖွင့်ဖြစ်ခဲ့ရပါပြီ။

လက်ဆည်ကန်က တိုက်ကြီးပေါ်က ပညာတတ်သူငယ်လေးတစ်ယောက်ဟာ ဘောက်ဝက်ဂွန်းကားအဖြူလေးနဲ့ တရုတ်တန်းမှာ၊ ၃၆ လမ်းမှာ၊ ကျောက်ဝိုင်းတွေမှာ…. အရှင်မွေးနေခြင်းကြီး စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်ပါရက်နဲ့၊ ဖယောင်းစက္ကူ လက်ရေးသမားလေးတွေရှိရာ ၀င်းကြိုဝင်းကြား၊ ကယ်လီကျောင်းနားက ပန်ချီဆရာတွေအိမ်နဲ့ ညဈေးစာအုပ်အဟောင်းတန်း မီးမှိန်မှိန်နောက်က ကဗျာဝိုင်း၊ စာဝိုင်းတွေဆီ ချည်လုံချည်တပါတ်နွမ်းနဲ့ ပြိုင်စက်ဘီးအဟောင်းလေး စီးပြီးဝင်ထွက်သွားလာနေတယ်။ မကြာခင်မှာပဲ မီးလောင်ပြင်ထဲက အသက်မဲ့နေတဲ့ ပုံနှိပ်စက်ကြီးတွေဘေးက အစောင့်တဲလေးမှာလည်း…. သူဟာ… ကဗျာရေးသူ၊ ၀တ္ထုရေးသူ၊ လူငယ်တစုအလာကို စောင့်တတ်နေပါပြီ။ အကြောင်းအားလျော်စွာ အိမ်မှာမရှိကြတဲ့ အစ်ကိုကြီးများနရာကို ဆက်ခံရန်ပြင်ဆင်သူ….၊ အထူးသဖြင့် အစ်ကိုငယ်နှင့် နီးစပ်ရန်ကြိုးစားသူ၊ ဒါပေမဲ့ သူက ဟိတ်ဟန်လည်းမရှိ၊ မင်းသားလိုမချောမော၊ ရိုးသားမှုနှင့် အားနာမှုတွဲစပ်ထားသည့် ပုံစံ။ သူသည် ဟောပြောသူ မဟုတ်။ နာယူသူ၊ ပို့ချသူမဟုတ် သင်ကြားသူ၊ စီးဆင်းသူမဟုတ်၊ စိမ့်ဝင်သူ။

မြောက်ပြင်၊ နန်းရှေ့၊ ၃၃ လမ်းညဈေး၊ ဂေါဝိန်၊ မြို့သစ်၊ ချမ်းမြသာစည် ကွက်သစ်၊ စိန်ပန်း၊ ဒဟပ်တောဘုရားမြောက်ပေါက်က ညောင်ပင်အောက်မှသည် အောင်ဓူဝံ၊ ၀ါးတန်းနဲ့ အေလမ်းဘေးက ဒေးဝန်းရပ်ရဲ့ ၀င်္ကပါလမ်းကြို လမ်းကြားမှ ပြိုင်စက်ဘီးလေး စိမ့်ဝင်အရည်ပျော်သွားပါတယ်။ စိမ့်ဝင်ခြင်းနှင့်အတူ၊ အပျော့အမာ၊ အလေးအပေါ့၊ အတိမ်အနက်တွေကိုကူးယှက်ခံစားမိတော့….။

ဒီလိုနဲ့………။

ဒီလိုနဲ့……….။

၁၉၉၀ ကျော်ဝန်းကျင်ကာလ ညီပုလေးရဲ့ သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ၀တ္ထုတိုများ စာအုပ်ထွက်လာတော့ ကျွန်တော်လည်း မရေးရမနေနိုင်တဲ့ ဝေဖန်စာတစ်ပုဒ် ရေးဖြစ်တယ်။ လက်ရေးကော်ပီကို လက်နှိပ်စက်ရိုက်ပြီး ဆရာညီပုလေးဆီ ပေးဖြစ်တယ်။ ကျွန်တော်ကိုယ်နှိုက်ကတော့ အဲ့ဒီစာမူကို မဂ္ဂဇင်းတွေဆီ မပို့ဖြစ်ဘူး။ ဆရာညီပုလေးကတော့ သူ့ဆီကတစ်ဆင့် မဂ္ဂဇင်းတစ်စောင်ဆီ ပို့ပုံရတယ်။ သူနဲ့ကျွန်တော်နဲ့က ပြောမနာဆိုမနာ ရင်းနှီးမှုမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် ဝေဖန်ရေးကိုတော့ နှစ်ဦးစလုံးက သဘောပေါက် လက်ခံကြတယ်။ ကျွန်တော့်လက်ရေးနဲ့ရေးထားတဲ့ ၀တ္ထုတိုတစ်ပုဒ်ကိုလည်း သူ့ကို ဖတ်ခိုင်းပြီး ထင်မြင်ချက် တောင်းဖူးတယ်။ သူက ပြင်ဆင်သင့်တာတွေ ခဲတံလေးနဲ့ ရေးသားပေးခဲ့ဖူးတယ်။ ထားပါတော့….။

တကယ်တော့ ကျွန်တော်က အစ်မနဲ့ပတ်သက်ပြီး လူထုတိုက်ကို ၀င်ထွက်ဖူးတာပါ။ အစ်မက ဦးလေးလှတို့၊ ဒေါ်ဒေါ်တို့နဲ့တွေ့ဖို့သွားရင် ကျွန်တော့်ကိုခေါ်သွားပြီး လူထုတိုက်ဆီ မောင်နှမနှစ်ယောက်ရောက်တော့ အပြင်ဧည့်ခန်းမှာ ဆရာညီပုလေးနဲ့ စတွေ့ရတာပါ။ ဒီတုန်းကတော့ ညီပုလေး မဟုတ်သေးဘူးပေါ့။ ကိုငြိမ်းချမ်းလို့ပဲ သိတယ်။ သူက ကျွန်တော်တို့ ကိုဦးလေးတို့ ဒေါ်ဒေါ်တို့နဲ့ မတွေ့မီစပ်ကြား ဧည့်ခံနှင့်တယ်။ သတင်းစားတို့၊ မဂ္ဂဇင်းတို့ဖတ်ရအောင် ချပေးတယ်။ ဒီတုန်းက သူနဲ့ကျွန်တော်နဲ့က တက္ကသိုလ်မှာတစ်နှစ်တည်း….၊ သူက ဘူမိဗေဒ၊ ကျွန်တော်က သင်္ချာ၊ ဒါပေမဲ့ ကျောင်းမှာတွေ့ကြရင် သူကလည်း ကျွန်တော့်ကို သိကြောင်းအသိအမှတ်ပြုတယ်။ ကျွန်တော်ကတော့ သူ့ကိုဘယ့်နှယ့်မသိဘဲရှိမှာလဲ။ လူထုဦးလှ၊ လူထုဒေါ်အမာသား မန္တလေးတက္ကသိုလ် ဘောလုံးအသင်းလက်ရွေးစင်….။ ၁၉၈၃ ၊ ၈၄ ၀န်းကျင်မှာတော့ ကျွန်တော်ကလည်း ဆောင်းပါးလေးတွေရေးနေပြီ။ သောင်းပြောင်းထွေလာမှာ၊ စံပယ်ဖြူမှာ၊ သဘင်မှာ….။ သူက ညီပုလေးကလောင်နဲ့ စံပယ်ဖြူမှာ ၀တ္ထုတိုတွေရေးနေပြီ။ စံပယ်ဖြူမှာပါတဲ့ ဂေါဝိန်သီချင်း ၀တ္ထုတိုကို စဖတ်မိတော့ ဒီကလောင်ဟာ မန္တလေးကကိုယ့်ဝန်းကျင်နဲ့နီးစပ်တဲ့ ကလောင်လို့လည်း ချက်ခြင်းခံစားလိုက်ရတယ်။ နောက်မှ ကိုငြိမ်းချမ်းဆိုတာ သိရတယ်။ ဒီလိုနဲ့ ညီပုလေးဝတ္ထုတိုတွေ တစ်စိုက်မတ်မတ် စွဲစွဲလမ်းလမ်းဖတ်မိတယ်။ စာဖတ်ပရိသတ်ကြားမှာ အဲ့သည်ကာလ ညီပုလေးဝတ္ထုတိုတွေက ပြောစမှတ်ဖြစ်ရတယ်။ ရတနာပုံ ရွှေမန္တလေးဝတ္ထုတိုဆိုရင် ရင်ခုန်ပွင့်မှာပါပြီး ပရိသတ်ကြားမှာမုန်တိုင်းတစ်ခုလို တိုက်ခတ်သွားတယ်။ ဘာပဲပြောပြော ညီပုလေး ၀တ္ထုတိုတွေက မန္တလေးဝတ္ထုတို ရွှေခေတ်ဆိုတဲ့ မှတ်တိုင်ရဲ့အခြေခံအုတ်မြစ်ထဲမှာ ပါဝင်ခဲ့တယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က စာဖတ်ပရိသတ်ဘက်ကရပ်ပြီး ညီပုလေးကို တောင်းဆိုမှုတွေပြုခဲ့တယ်။ ဟုတ်တယ်….။ ညီပုလေးက လူထုဦးလှ၊ လူထုဒေါ်အမာ သားကိုး။ ဒါကြောင့် သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေးဝတ္ထုတိုစာအုပ်က အမှာစာတွေ ဖတ်ပြီးတော့ကိုပဲ ပရိသတ်အနေနဲ့ ပြောစရာတွေကို ကျွန်တော်ပြောဖြစ်ခဲ့တယ်။

…တကယ်တော့ ဖြတ်သန်းလာရတဲ့ခေတ်မှာ အသိသစ်၊ အမြင်သစ်၊ ခံစားချက်အသစ်တွေနဲ့ လူငယ်တွေရင်ထဲမှာ ဘလောင်ဆူနေပါတယ်။ ဒီအသိအမြင် ခံစားချက်တွေကို ဖွင့်အန်ချင်ကြတယ်။ ဖလှယ်ချင်တယ်။ စာပေပုံသဏ္ဍန် အသီးသီးနဲ့ ဖွင့်အန်ဖလှယ်ကြရာမှာ ၀တ္ထုတိုပုံသဏ္ဍန်ဟာ အကျယ်ပြန့်ဆုံးပါ။ အနုပညာပစ္စည်း တစ်ခုကို ဖန်တီးသူအနေနဲ့ရော၊ လက်ခံသူအနေနဲ့ပါ ကျဉ်းမြောင်းကျပ်တည်းတဲ့ အချိန်ကလေးအတွင်းမှာပဲ ဖန်တီးကြ၊ ဝေမျှခံစားကြရလို့ ၀တ္ထုတိုဆိုတဲ့ အနုပညာပစ္စည်းဟာ ဒီခေတ်မှာ ထိရောက်တွင်ကျယ်စွာ နေရာယူလာပါတယ်။ …….. ဒီခေတ်က စူးစူးရဲရဲရှိတဲ့ အတွေးသစ်ခေတ်ဆိုပြီး ဆန်းသစ်ကြ၊ တီထွင်ကြလို့ ၀တ္ထုတိုရောင်စုံလေးတွေ ဖူးပွင့်လာကြတယ်။ ဒီမှာပဲ အဟောင်းမလိုလား၊ အသစ်ကိုကမ်းလင့် အယူအဆကြောင့် အဟောင်းဘာလဲ အသစ်ဘာလဲဆိုတဲ့ ပြဿနာရှိလာကြပါတယ်။ အသစ်ဆိုပြီး ပုံသဏ္ဍန်နဲ့စကားလုံးတွေ လျှပ်ပေါ်လော်လီကြ….၊ ဒီနေ့ ခေတ်စားနေတဲ့ ဘ၀သရုပ်ဖော်တွေလည်း အဟောင်းတွေဖြစ်ကုန်ပြီ၊ ဒီထက်သစ်လွင်တဲ့ အကြောင်းအရာရှာကြဆိုတာမျိုးထိ လှုပ်ရှားလာကြတယ်။ အဟောင်းဘာလဲ၊ အသစ်ဘာလဲ ပြဿနာ….။

ကျွန်တော် ညီပုလေးဝတ္ထုတိုတွေကို ဒီအခြေခံနဲ့ စပြီးချဉ်းကပ်ကြည့်မိတယ်။ အမှာစာမှာ ဒေါ်ဒေါ်ကလည်းဦးလေးလှရဲ့ စာပေနဲ့ပတ်သက်တဲ့ ပြည်သူတွေ အတွက်လိုအပ်ချက်နဲ့အညီ ပေါ်ထွန်းဖို့အချက်တွေဆိုပြီး ပြည်သူကြားစိမ့်ဝင်၊ ကုန်ထုတ်စွမ်းအားတိုးတက်၊ တိုင်းရင်းသားသွေးစည်း၊ မျိုးချစ်စိတ်ရှင်သန်၊ ယဉ်ကျေး မှုထိန်းသိမ်း၊ တိုင်းပြည်ရဲ့လက်တလောပြဿနာဖြေရှင်း၊ နိုင်ငံတကာချစ်ကြည် ရေးကိုအကျိုးပြု ဆိုတဲ့ အချက် ၇ ချက်ကို ဖော်ပြပြီး ဒီလိုစာပေမျိုးတွေကို နိုင်ငံရေး အသိကောင်းကောင်းရှိတဲ့ လူငယ်စာရေးဆရာအသစ်တွေကမှ အပင်ပန်းခံပြီး စွမ်းစွမ်းတမံရေးနိုင်မှာပါ။ အတွေးသစ် အမြော်အမြင်သစ်မရှိရင် မဖန်တီးမတီထွင် နိုင်ပါဘူး လို့ တစ်ဆက်တည်း ညွှန်ပြသွားတော့ ကျွန်တော်လည်း ညီပုလေးဝတ္ထုတွေကို ဒီစံ၊ ဒီပေတံနဲ့ တိုင်းရတော့တာပေါ့။

ညီပုလေးဝတ္ထုတိုတွေသာမက မန္တလေးလူထုကြီးပွားရေးတိုက်က၊ ထီးပေါင်းကားတိုက်ကထုတ်ဝေတဲ့ ၀တ္ထုတိုတွေကိုလည်း ဒီစံ၊ ဒီပေတံနဲ့ပဲ တိုင်းမိတာပေါ့။ ၁၂ မျက်နှာ နာရီစင်ဝတ္ထုတိုများ၊ ၀သုနြေ္ဒလက်ရေးဝတ္ထုတိုများ၊ ၉၀ ၀န်းကျင်ဝတ္ထုတိုများ၊ အောင်ပင်လယ် လေပြေညှင်းဝတ္ထုတိုများ… စသည်….။ ကျွန်တော်ကိုယ်တိုင်ကလည်း နောက်ပိုင်းဝတ္ထုတိုတွေရေးဖြစ်တော့ ကိုယ်ချင်းစာ လာတတ်တယ်။ ဒီစံ၊ ဒီပေတံနဲ့ ကျွန်တော့်ဝတ္ထုတိုတွေက ခြေဖျားမှမမီ စံမ၀င်၊ ပေမမီခဲ့တာဝန်ခံပါတယ်။ ကဲ နောက်ထပ် ထားပါဦးတစ်ခု….။

မည်သို့ဆိုစေ ညီပုလေးနဲ့ ကျွန်တော့်ကြားမှာ လက်ခံယုံကြည်တဲ့ စံပေတံတစ်ခုကြောင့် နားလည်မှုပိုလာတယ်။ နှုတ်ကဖွင့်မပြောပေမယ့် သွေးချင်းနီးခဲ့တယ်။ လူထုတိုက်က ပွဲတိုင်း၊ တောင်လေးလုံးမှာ ကျင်းပတဲ့ပွဲတိုင်း ကျွန်တော့်ကို တစ်ခုတ်တရ ဖိတ်တယ်။ ကနဦးအစ ဒီပွဲတွေကျွန်တော်မရောက်ဖြစ်ဘူး။ လူတောမတိုးတဲ့ အားနည်းချက်ကြောင့်ပါပဲ။ သဘင်မဂ္ဂဇင်းမှာ သရေခေတ္တရာ ပျူနိုင်ငံတော်ဂီတ ဆိုတဲ့ ကျွန်တော့်အဖတ်ပြဇာတ်ပါလာတော့ မန္တလေးအငြိမ့် အော်ပရာဆရာတစ်ယောက်က စိတ်ဝင်စားလို့စုံစမ်းတဲ့အခါ ညီပုလေးက ကျွန်တော် အလုပ်တာဝန်ထမ်းနေတဲ့ စားပွဲရှေ့ရောက် လမ်းညွှန်ပို့ဆောင်ပေးခဲ့တာကလည်း သူ့ရဲ့ကျွန်တော့်အပေါ်ထားတဲ့ ရင်းနှီးမှုကို ကျွန်တော်တို့ချင်းသိသာစွာ ဖော်ပြလိုက်တာပါပဲ။ နောက် လူထုမှာ အမြဲဆုံနေကြတဲ့ ရေးဖော်တွေစကားဝိုင်းထဲ ကျွန်တော့်ကို သူပဲ သေချာဖိတ်ခေါ်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော် မန္တလေးက နောင်တော့်နောင်တော် ရေးဖော်တွေနဲ့ သူ့ကျေးဇူးကြောင့် ဆုံဆည်းရတယ်။ ဒီလိုနဲ့ ၁၃၅၀ ပြည့်နှစ် မိုးဦးမုန်တိုင်းတွေကြားမှာ စာရေးဆရာတွေအတွက် လိုအပ်တဲ့အချိန်မှာ အလုပ်သင့် အလုပ်ထိုက်ဆုံး အလုပ်တစ်ခု လုပ်ကိုင်ကြဖို့ ဆုံးဖြတ်ချက်ကျချိန် သူက ကျွန်တော့်ကို ဦးဆုံးသတိရတယ်။ ဒေါ်ဒေါ်က ကျွန်တော့်ရဲ့ အရေးတကြီးအလုပ်တစ်ခုကို ပြင်ဆင်ချက်မရှိ လက်ခံအတည်ပြုပေးခဲ့တယ်။ သူက မုန်တိုင်းကာလ လုပ်ရမယ့် အလုပ်အတွက် အနီးကပ်ဆုံးလုပ်ဖော်ကိုင်ဖက်အဖြစ် ကျွန်တော့်ကို ရွေးချယ်ခဲ့တယ်။ ဒီလိုနဲ့ ရက် ၂၀ ကျော်ဖြတ်သန်း….။ ဒီလိုနဲ့ မုန်တိုင်းလွန်ကာလ စာပေရေးသားမှုတွေ ပိုမိုနက်ရှိုင်းစွာ ချိတ်ဆက်ရေးသား….။ ဒီလိုနဲ့… ကျွန်တော် အသားဝါးရောဂါကြောင့် အိမ်တွင်းအောင်းနေတုန်း သူနဲ့အတူ ရေးဖော်မိတ်ဆွေတွေ ရှေးဟောင်းမြို့ကြီးဆီ အလည်အပတ်ထွက်ခွာ….။ ဒီလိုနဲ့… မန္တလေးပြန်ရောက်ပြီး မကြာမီ ရေးဖော်တချို့ အရေးပေါ်ရက်တိုခရီးထွက်ခွာ….။ သူက ရက်ရှည်၊ နှစ်ရှည် ခရီးထွက်ခွာ….။ သူမရှိတဲ့နောက် ကျွန်တော်လည်း လူထုတိုက် အယ်ဒီတာ စားပွဲမှာ ထိုင်ရင်း ဒေါ်ဒေါ့်အရိပ်ခိုလှုံ..။

သူပြန်ရောက်မယ့်အချိန်ကို ဒေါ်ဒေါ်အပါအ၀င် သူ့အိမ်သားတွေမျှော်သလို ကျွန်တော်လည်း မျှော်လင့်နေမိတယ်။ သူ့ကိုကျွန်တော် ပြောစရာတွေ အများကြီးရှိတယ်။ တချို့ပြောရမယ့်အကြောင်းအရာရဲ့ ခေါင်းစဉ်တချို့ကို ကျွန်တော် အလုပ်လုပ်ရင်း မမဒေါ်တင်ဝင်းနဲ့ အကြမ်းသဘောပြောပြဖြစ်တယ်။ ဒီလိုနဲ့ သူပြန်ရောက်လာတော့ ကျွန်တော်ပြောမယ်လို့ အားခဲထားတဲ့ ကိစ္စမပြောဖြစ်ခဲ့ဘူး။ ဘာလို့မှန်းမသိဘူး။ ပြောဖို့အဆင်မပြေဘူးပေါ့။ ဒီလိုနဲ့ မပြောဖြစ်ခဲ့တော့ပါဘူး။ မမဒေါ်တင်ဝင်းကတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အေးစက်စက် ဆက်ဆံရေးကိုကြည့်ပြီး မင်းတို့က အရင်တုန်းက မရင်းနှီးခဲ့ကြဘူးလား လို့ မေးတယ်။  ကျွန်တော်ကလည်း နည်းနည်းစဉ်းစားပြီးမှ ဟုတ်ပါတယ်။ မရင်းနှီးခဲ့ပါဘူး လို့ပဲ ဖြေလိုက်ရတာပေါ့။ မမကတော့ အံ့အားသင့်တဲ့အမူအရာနဲ့ သြော်… သြော် တဲ့။ ဒီအဖြေက အားလုံးအတွက် အဆင်ပြေသွားတာပေါ့။

ဒီလိုနဲ့ ကျွန်တော်လည်း လူထုတိုက်အယ်ဒီတာစားပွဲမှာ သူနဲ့အလုပ်တွေ ဆက်လုပ်ဖြစ်တယ်။ အတိတ်က အကြောင်းအရာတွေကိုတော့ တယ်မပြောဖြစ်လှဘူး။ လက်ရှိပစ္စက္ခတ်အခြေအနေနဲ့ အလုပ်အကြောင်းပဲ ပြောဖြစ်ကြတယ်။ ဒါပေမယ့် အချို့သောအလုပ်ကိစ္စတွေမှာ သူကကျွန်တော့်ကို ဟုတ်ကဲ့ခင်ဗျာ၊ ကိုဆူးငှက်နဲ့ပဲ ပြောလိုက်ကြပါ။ သူက ကျွန်တော့်ညီပါပဲ ဟု ယုံကြည်စိတ်ချရမှု စကားမျိုးကို ကြားရပြန်လျှင်ဖြင့် ကျွန်တော့်မှာ ကြက်သီးမွေးညှင်းထမျှ ၀မ်းသာ ကြည်နူးရတာပေါ့။

မည်သို့ဆိုစေ လွန်ခဲ့သည့် နှစ် ၂၀ ၀န်းကျင်က သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေးဝတ္ထုတိုများကို ဝေဖန်ခဲ့စဉ်က နိဂုံးချုပ်ခဲ့တဲ့ ကျွန်တော့် အယူအဆကိုတော့ အခုပြန်ဖတ်ကြည့်တော့ မငြင်းပယ်ချင်သေးဘူး။ အခုထက်ထိ မှန်တယ်လို့ ယူဆထားလို့ ပြန်ပြောပြချင်သေးတယ်။ ဒီလိုပါ….။

ဒီတော့ ညီပုလေးဝတ္ထုတိုတွေအပေါ် နောက်ဆုံးကောက်ချက်ချကြစို့ရဲ့ ညီပုလေးဟာ ၀တ္ထုတိုတွေတိုင်းကို အဖိုးမဖြတ်နိုင်တဲ့ ပြည်သူတွေထဲက ထုတ်ယူ သုံးစွဲတယ်။ ရေသောက်မြစ်ကိုတွေ့သွားလို့ အကြောင်းအရာမှာ စိတ်ချရပြီ။ ရေသောက်မြစ်က ထုတ်ယူတော့ သုံးစွဲပါရဲ့၊ အဖိုးတန် သယံဇာတတွေတော့ တွေ့ပါရဲ့၊ အကြည်လား အနောက်လား၊ အဖြုန်းလား အပွင့်လားဆိုတာ ခွဲခြားမှုအားနည်းတယ်။ အကြည် အနောက် အဖြုန်း အပွင့်ရောနေတယ်။.  ဖန်တီးလိုက်တဲ့ အနုပညာ ပစ္စည်းဟာ လက်ရှိဘ၀ထဲက ထုတ်ယူသုံးစွဲလိုက်ပေမယ့် လက်ရှိ ဘ၀ထက်  ပိုမိုလှပ ပိုမိုပြည့်စုံစေရမယ်။ .. ညီပုလေးဟာ သူ့ထက်ကဲ၊ ရွှေပြည်စိုးဖြစ်မှ  တာဝန်ကျေမယ် ….တဲ့။  ပြီးတော့ ကျွန်တော်ဆက်ရေးဖြစ်သေးတယ်။

ဘာပဲပြောပြော… ပြိုင်ဘီးလေးနဲ့ ညီပုလေးဟာ အလွှာအသီးသီးနဲ့ ပိုမို နီးစပ်သူသာမက ဝေးကွာပျောက်ကွယ်သွားတဲ့ ရွှေတချောင်းမြောင်းပေါ်က တဲအိမ် လေးတွေဆီက သူ့အစ်ကိုရဲ့ ဆွေးနွေးသံမျိုးကို လက်လက်ဆင့်ကမ်းယူပါ။

    ညီပုလေးဟာ ဟောပြောသူ၊ နာယူသူ၊ ပို့ချသူ၊ သင်ယူသူ၊ စီးဆင်းသူ၊ စိမ့်ဝင်သူဖြစ်စေချင်ပါတယ် တဲ့…။

ဒီချက်အလက်ကလည်း အခုထိကျွန်တော်လက်ခံနေဆဲပါ။

ကဲ ………..။

တစ်ပိုင်းတစ်စ နဂ္ဂတစ်များ…. (NPL နှင့်…)

ဆူးငှက်

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>