ပွဲကြည့်အနုပညာ
မြန်မာမှန်ရင် “ ပွဲ ” ကြိုက်ရမယ်တဲ့။
ဟုတ်ပါတယ်…။ မွေးကင်းစ ပုခက်ထဲကတည်းက “ အိုး….အေး…..အို…..အေးအို…. ” ဆိုတဲ့ သံစဉ်နဲ့ နားယဉ်ပျော်မွေ့ပြီး ဘဝ တစ်လျှောက်လုံး သီချင်းသံစဉ်တွေနဲ့ပဲ ကြီးပြင်းခဲ့ကြရတာပါ။ ယုတ်စွအဆုံး သေလွန်သည်အထိ ပတ်မကြီး၊ လင်ကွင်းကြီး၊ နှဲကြီးတွေနဲ့ ဗျိုင်းတောင်တီးပြီး ကိုယ့်လမ်းကိုယ်မြန်းကြရတဲ့ လူမျိုးမဟုတ်လား….။
တောက်တက် တောက်တက်ပြေး……၊ သူ့စကား ကိုယ့်စကားသိရှိနားလည်ချိန်မှာ အမေ့ရင်ခွင်ထဲကနေ ပုံတိုပတ်စ၊ ဇာတ်နိပါတ်တွေနဲ့ အိပ်ရာဝင်ရပြန်တော့ အရွယ်ရလာတဲ့အချိန် အမေ့လက်ဆွဲပြီး ပွဲခင်းထဲ ကောက်ကောက်ပါအောင် လိုက်တော့တာပါပဲ။ ဟုတ်ပါတယ်။ အမေ့ရင်ခွင်ထဲမှာ ကြားရတဲ့ ဇာတ်ကွက်ဇာတ်လမ်းတွေကို အငြိမ့်စင်၊ ဇာတ်စင်တွေပေါ်မှာ မင်းသား မင်းသမီးသရုပ်ဆောင် အဆို အငို အပြော၊ ဇာတ်ပို့ တီးလုံးတီးကွက်၊ ဆက်တင်အခမ်းအနားတွေနဲ့ တင်ဆက်ကပြမှုကို မိုးအလင်း တစ်ဝကြီး ကြည့်ရှုရတာ ဟုတ်လား။ အမေ့ရင်ခွင်ထဲမှာ နားနဲ့ဆတ်ဆတ်ကြားရတဲ့ အကြားအာရုံကို စက်္ခုအာရုံရော၊ နစ်္စဂီတနဲ့ရော ရသစုံခံစားရတော့ မွေးရာပါသန္ဓေကို ပိုမိုကြီးထွားဖွံ့ဖြိုးစေခဲ့တာပါ။ ဒါ့ကြောင့် မြန်မာမှန်ရင် “ ပွဲကြိုက်” ကြပါတယ်။
ဒီလို “ပွဲကြိုက်”ခဲ့ကြတဲ့ မြန်မာတွေ “ပွဲ” ကိုရော ကြည့်တတ်ကြပါရဲ့လားလို့ မေးရင် ဒီအချက်၂ချက်က ရှေ့နောက်မညီလို့ အဓိပ္ပာယ်မရှိဘူးလို့ ပြောကြပါလိမ့်မယ်။
ပြန်လှန်စဉ်းစားလိုက်တော့ ပွဲနဲ့သန္ဓေတည်ခဲ့တဲ့ မြန်မာတွေ မြေဝိုင်းဇာတ်တွေ၊ ရုပ်သေးစင်တော်ကြီးတွေ၊ အငြိမ့်ပွဲတွေ၊ ကြည့်ချင်ပွဲဇာတ်တွေ၊ ရုံဇာတ်ကြီးတွေ အနုပညာအား ကောင်းကောင်းနဲ့ ထွန်းကားခဲ့တဲ့ ကာလတွေ အတောအတွင်း ကောင်းကောင်း ပွဲကြည့်တတ်ခဲ့ကြပါတယ်။ ကျွန်တော်တို့သည်ပင်လျှင် ခြေဖျားလက်ဖျား ကလနားသတ်ပဲမီခဲ့တာပါ။ လမ်းဆုံလမ်းခွမှာ စင်ထိုးပြီး ကတဲ့အငြိမ့်မှာ သည်ပင်လျှင် စင်ပေါ်က အနုပညာရှင်များရဲ့ ညှို့ယူဖမ်းစားမှုအောက်မှာ နစ်မျောငြိမ်သက်ပွဲကြည့်တတ်ခဲ့ကြတယ်။
ကြည့်ချင်ပွဲဇာတ်ကြီးတွေမှာလည်း ညာဥ့်ဦးယံမှသည် မိုးစင်စင်လင်းဗျောခေါက်သိမ်းသည်အထိ အနုပညာစမ်းရေယာဉ်မှာ တငြိမ့်ငြိမ့်မျောပါ စီးဆင်းရင်း ကျေနပ်ပီတိ ဖြစ်ခဲ့ကြရသည်ချည်းပါ။ ရုံဇာတ်ကြီးတွေမှာဆိုရင် မပြောပါနဲ့တော့…..။ ရုံမခါမီကတည်းက ပရိသတ်ဟာ အဆင်သင့် ရောက်ရှိလာပြီး ပွဲဦးဧည့်ခံဆိုင်းအမီ ရုံထဲစနစ်တကျ သေသေဝပ်ဝပ် နေရာယူကြပြီး တလေးတစား ခံစားကြည့်ရှုခဲ့ကြတယ်။ အနုပညာရှင်များနဲ့ ပရိသတ်ဟာ သူ့အပိုင်း ကိုယ့်အပိုင်း ခွဲခြားတာဝန်ယူပြီး အပြန်အလှန်လေးစားသမှုနဲ့ ပွဲကြည့် “ရသ”ကို အပြည့်အဝပေးခဲ့၊ ခံယူခဲ့ကြတဲ့ ရွှေရောင်ကလာများပါပဲ…..။ လွမ်းစရာ…..။
ဒီကနေ့ မြန်မ့ာစင်တင်ပွဲလမ်း အခင်းအကျင်းတွေရဲ့ ရာခိုင်နှုန်းအတော်များများက ပြောင်းလဲသွားကပါပြီ။ အထူးသဖြင့် ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာတော့ တစ်ဆစ်ချိုးပြောင်းလဲသွားတယ်လို့ ပြောရမှာပေါ့..။ မန္တလေးမှာ ၁၂ ရာသီပတ်လုံး ဆိုင်းသံဗုံသံမပြတ်ခဲ့ရာက အခုတော့ ၁၂ရာသီပွဲလမ်းတော့ မပြတ်ပေမယ့် ဆိုင်းသံဗုံသံ အငြိမ့်သံ ဇာတ်သံ မဟုတ်တော့တာတော့ သေချာပါတယ်။ အများစု (ရာခိုင်နှုန်း ၉ဝနီးပါး) ပွဲလမ်းတွေဟာ မြန်မာကိုယ်ပိုင်လက္ခဏာ (Identity) ပျောက်ကုန်တာပါပဲ။
ကိုယ်ပိုင်လက္ခဏာပျောက်ကုန်လို့ အခြားအခြားသော ယဉ်ကျေးဖွယ်ရာတဲ့ လူမျိုးများရဲ့ ကိုယ်ပိုင်လက္ခဏာတွေဆီ ဦလှည့်သွားလေသလားလို့ ပြန်စဉ်းစားကြည့်ပြန်တော့ ဒီလိုလည်းမဟုတ်ပြန်ပါဘူး။ အားလုံးတစ်ပြေးညီ ဦးလှည့်သွားတာက ပွင့်ပွင့်လင်းလင်း ပြောမထွက်လေတော့ Sex Life အတွက်တွေချည်းပဲလို့ နားနဲ့မနာ ဖဝါးနဲ့နာ ပြောပါရစေတော့…။
စင်ပေါ်ကဖျော်ဖြေမှုပုံစံတွေကလည်း ကာမဂုဏ်အာရုံ (Sex Life) ဦးစားပေးမှုချည်း ဖြစ်နေတယ်။ ဒီနေရာမှာ စကားစပ်လို့ ပြောရရင် “ရိုးရာယဉ်ကျေးမှု” လို့ မြန်မာ့ကိုယ်ပိုင်လက္ခဏာ အသွင်ရဲရဲကြီး တံဆိပ်ကပ်ထားပြီးဖြစ်တဲ့ သင်္ကြန်မှာပင်လျှင် ဖျော်ဖြေမှု ပုံစံရာနှုန်းတော်တော်များများဟာ Sex Life တွေပဲဖြစ်နေတာ ဝမ်းနည်းဖွယ်ရာပါ။
ဒီ “ ပွဲခင်း”များ အခြေခိုင်လာတာနဲ့အမျှ စင်ပေါ်ကဖျော်ဖြေတင်ဆက်တဲ့ အနုပညာသမားမှန်သမျှ ကာမသားကောင်(Sex object )များအဖြစ်ပဲ စွဲမြဲစွာ ထင်မှတ်ကုန်ပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရတဲ့ အဖြစ်မျိုးမဟုတ်ဘဲ တစ်လှေလုံးပုပ်လေတော့ ငါးခုံးမတစ်ကောင်တစ်လေပါ အပုပ်နံ့စွဲလေတာနဲ့ မြန်မာတို့ရဲ့ ဂုဏ်သရေရှိ ယဉ်ကျေးဖွယ်ရာတဲ့ “ ပွဲကြည့်အနုပညာ ”ပျက်စီးသွားပါတော့တယ်။
အထူးသဖြင့် ယဉ်ကျေးမှုမြို့တော်ရယ်လို့ တစ်ချိန်က ပါရမီရှင်အနုပညာရှင်ကြီးများရဲ့ ဂုဏ်သတင်းဆုလာဘ်ကြောင့် သတ်မှတ်ခံခဲ့ရတဲ့ မန္တလေးမှာ “ပွဲကြည့်အနုပညာ” ပျက်ယွင်းသွားတာ ပိုမိုသိသာထင်ရှားသွားပါပြီ။ စင်ပေါ်က ဖျော်ဖြေတင်ဆက်မှုပုံစံနဲ့ အနုပညာရှင်တိုင်းကို (Sexually)ပေတံနဲ့ပဲ တိုင်းကြတယ်။ ဒီပေတံနဲ့ စံမမီရင် အော်ဟစ် လှောင်ပြောင်မယ်။ အားမရစိတ်ပျက်မှုနဲ့ ပေါက်ကွဲမယ်။ ဒီပေတံနဲ့ စံမီရင် သွေးဆူပွက်ကာ အော်ဟစ်ပေါက်ကွဲရုံမက ကိုယ်အမူအရာ နှုတ်အမူအရာပါ ရိုင်းပျစော်ကားလာကြတယ်။
““ အမျိုးသားယဉ်ကျေးမှုလူထုပွဲတော်”” လို့ စံထားခဲ့ကြတဲ့ သင်္ကြန်ပွဲတော်မှာ အဆိုးဆုံးပါပဲ။ မန္တလေးက မြို့တော်ဝန် မဏ္ဍပ်လိုနေရာမျိုးမှာပဲ “ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်” ဆိုင်းဘုတ်အောက်မှာ ဖျော်ဖြေမှုအစီအစဉ်အများစုဟာ ကာမဂုဏ် အာရုံဆီ ဦးတည်စေတဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဖျော်ဖြေမှုပုံစံတွေ ဖြစ်ကုန်ပါပြီ။ တိုက်ပုံအင်္ကျီဝတ်၊ ပုဝါစုံချ မြို့မိမြို့ဖများ မျက်နှာကိုမျှ မထောက်ထား၊ မငဲ့ကွက်ကြတဲ့ သဘောပါပဲ။ ဒီတော့… တကယ်စစ်မှန်သော “အနုပညာပွဲတော်” “အထိမ်းအမှတ်ပွဲတော်” တွေမှာ တကယ့်ပရိသတ်အစစ်အမှန်နဲ့ “ပွဲကြည့်အနုပညာ” အစစ်အမှန်ကို မရနိုင်တော့ပါဘူး။ ဒီစင်မြင့်ပေါ်မှာ “အနုပညာစစ်စစ်” ဆိုတာကိုပဲ ရရှိမယ်။ သူတို့မြင်ချင်ကြားချင်တဲ့ “ပိုးတုံးလုံး” တွေ မမြင်နိုင်မကြားနိုင်ဘူးဆိုတာ သိထားတဲ့ အခြေခံစိတ်နဲ့ နှစ်သက်မှု၊ ကြည်နူးမှု၊ လေးစားကြည်ညိုမှုဆိုတာတွေ ပျောက်ကုန်ပြီး အလေးအနက်မထား ဂရုမပြုခြင်း အခြေခံစိတ်တွေနဲ့ပဲ ပွဲခင်းထဲရောက်လာကြတယ်။ စင်ပေါ်က အနုပညာရှင်စစ်စစ်တွေကိုလည်း အထင်သေးစိတ်နဲ့ သူတို့သွားနေကျ ကာရာအိုကေစင်မြင့်လိုပဲ သဘောထားပြီး၊ စိတ်ထွက်ပေါက်အဖြစ်နဲ့ရော၊ တလွဲမာနအနေနဲ့ရော ဆုတွေ အပြိုင်အဆိုင် ချကြခြင်း ခေတ်စားလာတာပါပဲ။
တစ်ဖက်ကကြည့်တော့ သူတို့နာမည် သူတို့လုပ်ငန်းတွေနဲ့ “အနုပညာချစ်သူ” တွေအဖြစ် ထင်မြင်လာစေချင် ကြတာလည်းပါတယ်။ တစ်ဖက်က လူအများမြင်ကွင်းမှာ ပိုက်ဆံတွေဗုန်းဘောလအော သုံးစွဲမှုအပေါ် အထင်ကြီးခံရမှုအတွက် ကျေနပ်ပီတိကို ခံစားချင်တာပါပဲ။ ဒါကလည်း “တဏှာ” တစ်ခုပဲ မဟုတ်ပါလား။ ဒီလိုအနုပညာစစ်စစ်ပွဲတွေမှာ မြန်မာပွဲကြည့်ပရိသတ်က နောက်ကျမှ ရုန်းရုန်းရုန်းရုန်း ဝင်လာဖို့လည်း ဝန်မလေးကြတော့ဘူး။ ပွဲခင်းထဲမှာ ရှေ့ဆုံးက ထိုင်ရတယ်ဆိုတဲ့ ဝံ့ကြွားမှုမျိုးနဲ့ တမင်နောက်ကျမှ ဝင်လာတာမျိုးတွေအထိ ပြုမူလာကြတာလည်း ရှိလာတယ်။ ငါတို့က လက်မှတ်အလကားရတာဆိုတဲ့ မာနနဲ့ ပွဲခင်းထဲမှာ အာလူးကြော်၊ ငါးမုန့်ကြော်ထုပ်တွေ ချိုးချိုးချွတ်ချွတ် အသံပေးဖောက်စားကြ၊ ရေဘူးပစ်ပေးကြ…။ အပြန်အလှန်စကားပြောကြ၊ ဖုန်းဆက်ကြ…၊ မလိုအပ်ဘဲ လက်ခုပ်တီးကြ၊ ဆုတက်ချကြ….။ (နည်းနည်းပွဲသေးရင်) ကိုယ်တိုင်တက် သီချင်းဆိုကြ။ သူ့အရပ်နဲ့သူ့ဇာတ်တော့ အကိုက်သား…။ ဂျာနယ်လစ်ဆိုသူတွေ အယောက်၃ဝ၊ ၄ဝလောက်ကလည်း ကင်မရာကိုယ်စီနဲ့ စင်ပေါ်က မဆင်းတမ်း၊ ဂန္ထဝင်အဆိုတော်ကြီးတွေ၊ ဂန္ထဝင်ပြဇာတ် ကဇာတ်ကြီးတွေအထိ ခွင်ထဲအလျှိုလျှိုဝင်ပြီး အားပါးတရ စင်ပေါ်အရှေ့အနောက်ကူးပြီး ဓာတ်ပုံရိုက်ကြတော့တာပါပဲ။ “ပွဲကြည့်အနုပညာ” ကတော့ အတော်ပါးလျားကုန်တဲ့သဘောပါပဲ။
အမျိုးသားစရိုက်လက္ခဏာ ထင်ဟပ်တဲ့ အနုပညာပွဲခင်းတွေကို မျှော်လင့်မိပါရဲ့။
ဒါနဲ့ ကျွဲကူးရေပါ ပွဲကြည့်အနုပညာ လည်း အစစ်အမှန်ထွန်းကားလာစေချင်ပါတယ်။