မန္တလေးစာပေဖြတ်ပိုင်း
(ဓမ္မဗိမာန်မှသည် တောင်လေးလုံးသို့)
တကယ်တော့ မန္တလေးမှာ စာ, နယ်, ဇင်းလုပ်ငန်းနဲ့ စာအုပ်ထုတ်ဝေရေးတွေ ရှေးကတည်းက ဖြစ်ထွန်းအားကောင်းခဲ့တာပါ။ လက်လှမ်းမီသလောက်ပြောရရင် (၁၈၇၄) ရတနာပုံနေပြည်တော်သတင်းစာ။ (၁၈၈၆) မန္တလေးတိုင်းသတင်းစာ။ (၁၈၈၇)
မန္တလေးဟာရယ်သတင်းစာ။ (၁၈၉၉) အထက်ဗမာပြည်ဂေဇက်။ (၁၉၀၀) ဗမာ့တာရာသတင်းစာ။ (၁၉၀၇) ဘားမားခရစ်တစ်သတင်းစာ။ (၁၉၁၁) ရတနာပုံ မဂ္ဂဇင်း။ (၁၉၁၇) စီပီ မဂ္ဂဇင်း။ (၁၉၂၀) တိုင်းချစ်သတင်းစာ။ (၁၉၂၁) နေပြည်တော်ဂျာနယ်။ (၁၉၂၁) ဟုမ္မရူးသတင်းစာ။ (၁၉၂၇) မန္တလေးသူရိယ။ (၁၉၂၇) မြန်မာ့ဦးစွန်း။ (၁၉၄၀) ကြီးပွားရေးဂျာနယ်။ (၁၉၄၅) လူထုဂျာနယ်။ (၁၉၄၆) လူထုသတင်းစာ။ (၁၉၅၀) မန်းခေတ်သတင်းစာ။ (၁၉၅၀) မြန်မာ့လမ်းစဉ်။ (၁၉၅၀) ရွှေမန်းစာဆိုစာစောင်။ (၁၉၅၀) ရွှေမန်းအောင်စည်သတင်းစာ။ (၁၉၅၀) ဟစ်တိုင် သတင်းစာ။ (၁၉၆၀) ရွှေမန်းစည်တော်။ (၁၉၆၀) ရွှေမန်းပြည်ကျော်။ (၁၉၆၅) မန္တလာစာစောင်။ (၁၉၆၆) မန္တလေးဂျာနယ်(တိမ်ကြားမင်းခေါင် ဦးစီး)။… စတာတွေဟာ မန္တလေးမြို့ထုတ် သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်းတွေပါ။ စာအုပ်တိုက်တွေဆိုရင်လည်း (၁၉၄၀) မှာ ကြီးပွားရေး စာအုပ်တိုက်။ (၁၉၅၀) မှာ ချစ်ညိုတည်ထောင်တဲ့ မန္တလေးစာအုပ်တိုက်။ (၁၉၆၀) မှာ စိန်ပန်းမြိုင်စာအုပ်တိုက်။ (၁၉၆၀) မြဇော်စာအုပ်တိုက်။ (၁၉၆၀) သက်ပန်စာအုပ်တိုက်။ (၁၉၆၀) အေးဗိမာန်စာအုပ်တိုက်စတာတွေအပြင် မိုးဦးပန်းစာအုပ်တိုက်၊ ဖန်မီးအိမ်စာအုပ်တိုက်၊ ရဲရင့်စာအုပ် တိုက်၊ မြကန်သာစာအုပ်တိုက်တွေလည်း ရှိခဲ့ဖူးပါတယ်။
ဒီသတင်းစာ၊ စာစောင်၊ မဂ္ဂဇင်း၊ စာအုပ်တိုက်တွေကြည့်ရင်ကိုပဲ မန္တလေးမှာ စာ, နယ်, ဇင်းလုပ်ငန်း ဘယ်လောက်ဖွံ့ဖြိုးခဲ့တယ်ဆိုတာ မှန်းဆလို့ရတာပေါ့။ စာ, နယ်, ဇင်းလုပ်ငန်း ဖွံ့ဖြိုးမှုနဲ့အတူ စာရေးဆရာတွေလည်း ဘယ်လောက်ပေါများခဲ့တယ်ဆိုတာ သိသာလှပါတယ်။ စစ်ပြီးခေတ်ကာလ၊ လွတ်လပ်ရေးကြိုကာလ၊ လွတ်လပ်ပြီးကာလ၊ ပါလီမန်ဒီမိုကရေစီကာလများမို့ ပထမဦးပိုင်းသတင်းစာ၊ စာစောင်တွေဟာ လွတ်လပ်ရေးကြိုးပမ်းသူ မြန်မာပြည်သူ လူထုဘက်ကလား။ အုပ်စိုးသူနယ်ချဲ့ဘက်ကလား…၊ ဒီဘက် (၂)ဘက်။ ဂိုဏ်း (၂) ဂိုဏ်းပဲရှိပါတယ်။ ဒီလိုပါပဲ။ လွတ်လပ်ရေးအကြိုကာလ၊ လွတ်လပ်ပြီးစကာလနဲ့ ပါလီမန်ဒီမိုကရေစီခေတ်ကာလများဆီကလည်း အလုပ်သမား၊ လယ်သမား လွတ်မြောက်ရေးဆိုတဲ့ တိုးတက်တဲ့ဘက်ကလား။ အုပ်စိုးသူမြေရှင်ပဒေသရာဇ် အရင်းရှင်ဘက်ကလားဆိုတဲ့ ဘက် (၂)ဘက်၊ ဂိုဏ်း (၂) ဂိုဏ်းပဲရှိမှာပေါ့။
လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်ကလည်း ကုလသမဂ္ဂဝင်ခွင့်ရ…။ ဘန်ဒေါင်းမူ (၅)ချက်နဲ့ ဘက်မလိုက်အဖွဲ့ကြီးကိုလည်း ဦးဆောင်ဖွဲ့စည်းနိုင် … စတဲ့ အရေးပါမျက်နှာပန်းပွင့်လာတာနဲ့အတူ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိကရဲ့ လွတ်လပ်ပြီးစ နိုင်ငံများမှာ တက်ကြွ အားတက်ဖွယ် အယူအဆသစ်နဲ့ နိုင်ငံထူထောင်ရေး အားကောင်းမောင်းသန် လှုပ်ရှားနေချိန်လည်း ဖြစ်နေတယ်။ ကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်ဝါဒကို မကြောက်တရားတွန်းလှန်နိုင်ပြီး လွတ်လပ်စနိုင်ငံများရဲ့ စားဝတ်နေရေးနဲ့ အတွေးအခေါ်အားမာန်ကို ပေးစွမ်းနိုင်ခဲ့တဲ့ အယူအဆ၊ အတွေးအခေါ်က 'လမ်းပြကြယ်ရောင်' ဖြစ်နေလေတော့ လွတ်လပ်စမြန်မာနိုင်ငံတော်ရဲ့ စာပေတွေမှာ ကြယ်ရောင်ရိပ်တွေဖျပ်ဖျပ် တောက်နေချိန်ကာလပေါ့။
ဒီအခါ… စာနယ်ဇင်းလုပ်ငန်း အရှိန်ကောင်းနေဆဲ မန္တလေးမြို့ကြီးမှာလည်း ဂိုဏ်း (၂)ဂိုဏ်းအနက်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကို ဦးထိပ်ထားတဲ့ ပြည်သူ့ဘက်တော်သား စာပေအသိုင်းအဝန်းဟာ စုစည်းညီညွတ်စွာနဲ့ စာပေလုပ်ငန်းတွေ တရှိန်ထိုးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူ့ဒီမိုကရေစီရေး အလံတော်အောက်မှာ ညီညွတ်စွာနဲ့ အထက်ဗမာ(မြန်မာ) နိုင်ငံ စာရေးဆရာအသင်းကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ညီညွတ်စွာနဲ့ စာပေဟောပြောပွဲ၊ စာတမ်းဖတ်ပွဲတွေကျင်းပနိုင်ခဲ့တယ်။ ညီညွတ်စွာနဲ့ ပြည်သူ့ ဘဝလေ့လာရေးစာပေလှုပ်ရှားမှုတွေ လှုပ်ရှားနိုင်ခဲ့တယ်။
၁၉၆၀, ၆၁, ၆၂, ၆၃ …။
ပြောင်းလဲလာတဲ့ နိုင်ငံရေးစနစ်ကြောင့် ပုဂ္ဂလိကပိုင်ဆိုင်မှု အခန်းကဏ္ဍတွေကို ပြည်သူပိုင်အဖြစ် အသွင်ပြောင်းခြင်းနဲ့အတူ အမျိုးသား စည်းလုံးညီညွတ်ရေးမူအရ အသင်းအဖွဲ့စည်းပေါင်းစုံကို ချုပ်ငြိမ်းစေခြင်းဖြစ်ရပ်များနောက်ပိုင်း ၁၉၆၇ ခု ဇူလိုင် (၇) ရက်နေ့မှာ မန္တလေးရဲ့ တစ်စောင်တည်းသော ပုဂ္ဂလိကသတင်းစာအဖြစ် ကျန်ရစ်နေတဲ့ လူထုသတင်းစာလည်း ရပ်နားသွားတယ်။ အထက်ဗမာ(မြန်မာ)နိုင်ငံ စာရေး ဆရာအသင်းလည်း ဖျက်သိမ်းလိုက်တယ်။ ကမ္ဘာအေးစာပေညီလာခံမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ဖွဲ့တည်းသော စာရေးဆရာအဖွဲ့ အစည်းဖွဲ့ဖို့ စိတ်ကူးသန္ဓေတည်ခဲ့တယ်။
မန္တလေးမှာ သတင်းစာတွေမရှိတော့ပေမယ့် စာအုပ်တိုက်တချို့က စာအုပ်တွေထုတ်ဝေမှု အလျင်မပြတ်ခဲ့ပါဘူး။ အထူးသဖြင့်
လူထုကြီးပွားရေးစာအုပ်တိုက်က ပြည်သူ့ဘဝသရုပ်ဖော်စာပေတွေ၊ သမိုင်းမှတ်တမ်းတွေ၊ ပုံပြင်စာအုပ်တွေ အများဆုံး ထုတ်ဝေခဲ့တဲ့အပြင် စာပေစာတမ်း၊ စာပေဝေဖန်ရေးနဲ့ ကဗျာစာအုပ်၊ ခရီးသွားဆောင်းပါးစာအုပ်တွေလည်း ထုတ်ဝေခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဘွိုင်းကောက်ဋီကာ၊ ဒေါင်းဋီကာ၊ ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ လူထုဦးလှရဲ့ ထောင်စာစဉ်များ၊ သောင်းပြောင်းထွေလာရေးချင်ရာရာ (ပ၊ ဒု၊ တ)၊ ဘိန်းဖြူသမား၊ အရက်သမားစာစဉ်များ၊ ကျွန်တော်စာစဉ်များ၊ သတင်းစာများကပြောတဲ့ သမိုင်းနဲ့ စစ်အတွင်းမှတ်တမ်းစာအုပ်များ၊ လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များ၊ ရွှေရိုးဗကလေး၊ အငြိမ့် ပ, ဒု၊ ရွှေမန်း တင်မောင်၊ အောင်ဗလ ဖိုးစိန်၊ စိန်ကတုံး၊ ရွှေဒေါင်းတောင် ဆောင်းပါးများ၊ ကမ္ဘာ့အကြီးဆုံးစာအုပ်၊ အိုယန်ကီးတို့၊ ငွေနှင့်လက်နက်၊ ဘဝချင်းမတူသည့် တရုတ်ပြည်၊ တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော်မှတ်မိသမျှ … စတဲ့ စာအုပ်တွေအပြင်၊ ဝင်းဖေနှင့်လူထု၊ ရွှေစာလေး ကာတွန်းများ၊ လမ်းတရာကဗျာများ၊ အညာမြေခေတ်ကဗျာများ၊ ပြည်သူ့ရှုထောင့်စာအုပ်ဝေဖန်ချက်များ၊ အထက်ဗမာ(မြန်မာ)နိုင်ငံစာရေး ဆရာအသင်းက စာဆိုတော်ပွဲတွေမှာ တင်သွင်းတဲ့ စာတမ်းတွေကိုလည်း စာအုပ်အဖြစ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ဆိုလိုတာက ညီညွတ်စွာနဲ့ စာပေလုပ်ငန်းတွေ ဆောင်ရွက်လှုပ်ရှားနိုင်ခဲ့တဲ့ မန္တလေးက စာရေးဆရာတွေအဖို့ လူထုကြီးပွားရေးစာအုပ် တိုက်နဲ့ မန္တလေးတက္ကသိုလ်ကလောင်ရှင်များအသင်း၊ ဖန်မီးအိမ်စာအုပ်တိုက်၊ မိုးဦးပန်းစာအုပ်တိုက်၊ မြကန်သာစာအုပ်တိုက်များက စာအုပ် ထုတ်ဝေမှုလုပ်ငန်းတွေ ဆောင်ရွက်နေဆဲမို့ ကိုယ့်အရပ်၊ ကိုယ့်ဇာတ်မှာ ဣနြေ္ဒမပျက် ဟောတစ်အုပ်၊ ဟောတစ်အုပ် စာအုပ်တွေ ထုတ်နေနိုင်ပါတယ်။
၁၉၇၀ ကျော် ၈၀ ကာလမှာတော့ လူထုကြီးပွားရေး စာအုပ်တိုက်တစ်တိုက်ပဲ စာအုပ်ပုံမှန်ထုတ်နိုင်ခဲ့တယ်။ ကျန်စာအုပ်တိုက်တွေက ရန်ကုန်ပြောင်းသူပြောင်း၊ ရပ်နားသူနား၊ လုပ်ငန်းပြောင်းသူပြောင်းကုန်ပြီ။ ၁၉၆၉ ခု အောက်တိုဘာလမှာတော့ ရန်ကုန်မြို့က ပြည်သူပိုင်သတင်းစာတစ်စောင်ဖြစ်တဲ့ ဟံသာဝတီသတင်းစာဟာ မန္တလေးကို ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပါတယ်။ ဟံသာဝတီ မန္တလေးမှာ စတင်ထုတ်ဝေခြင်းဟာ မန္တလေးစာနယ်ဇင်းသမိုင်းမှာ မှတ်တိုင်တစ်တိုင်ပါ။ သတင်းစာ၊ ဂျာနယ်၊ စာစောင်တွေမရှိတော့တဲ့ မန္တလေးမှာ ဟံသာဝတီသတင်းစာရောက်လာတော့ မန္တလေးသားစာရေးဆရာတွေ အားတက်လာကြတယ်။ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆောင်းပါးတွေ ဟံသာဝတီမှာ ပြိုးပြက်တောက်ပလာတယ်။ ကလောင်သွေး ကာစစာရေးဆရာ၊ ကာတွန်းဆရာတွေလည်း လမ်းပွင့်လာတယ်။ ခေတ်ကိုအပြုသဘောနဲ့ ဝေဖန်ဖို့ စေတနာဆိုတဲ့ တစ်စိတ်တစ်ဝမ်းတည်းမှာ ညီညွတ်စွာ ပေါင်းစည်းကြတယ်။ ဘိုးဝဇီရခန်းမဟာ စေတနာမျိုးစေ့တွေ အပင်ပေါက်အရိပ်ရစေမယ့် ဘူမိနက်သန်ဖြစ်လာပါတယ်။
၁၉၇၈ ခုနှစ်ရောက်တော့ ဟံသာဝတီသတင်းစာ ရပ်နားလိုက်တဲ့အခါ အရှိန်ရနေတဲ့ ကလောင်တွေ၊ အားယူစကလောင်တွေဟာ
အရှိန်မသတ်နိုင်တော့ မန္တလေးမှာ ရာချီနီးပါးများပြားလှတဲ့ အငြိမ့်စင်တွေဆီကို ရောက်ကုန်တာပေါ့။ မန္တလေးအငြိမ့် အော်ပရာတွေဟာ ဒီအရှိန် ကြောင့် စူးရဲတောက်ပနေကြတယ်။ စာရေးဆရာတွေရဲ့ အနုပညာတွေဟာ စာမျက်နှာပေါ်ကနေ အငြိမ့်စင်ပေါ်ရောက်ကုန်ကြပြီ။ ဘယ်နှပွိုင့်၊ ဘယ်နှအင်၊ ဘယ်နှဖောင်၊ ဘယ်နှမျက်နှာအစား …၊ ကတ္တီပါကားအတင်အချ၊ ဇာတ်ကောင်အဝင်အထွက်၊ နောက်ခံဂီတအနှေးအမြန်၊ မီးချိန်ရှပ်တာ ချိန်းတွေနဲ့ သူတို့ကဗျာ၊ သူတို့ ဝတ္ထု၊ သူတို့ဆောင်းပါးတွေကို ရေးသားကြတာပေါ့။
၁၉၈၀, ၈၁, ၈၂, ၈၃, ၈၄, ၈၅ …
ရန်ကုန်မှာတော့ အရင်က သွေးသောက်၊ မြဝတီ၊ ရှုမဝ၊ မိုးဝေ၊ ငွေတာရီဆိုတဲ့ မဂ္ဂဇင်းအသစ်တွေ အဖြိုင်ဖြိုင်ပေါ်လာပြီ။ ပထမဦးဆုံး အော့ဖ်ဆက်နဲ့ ရိုက်နှိပ်ပြီး မှောင်ခိုဝယ်ရတဲ့ စန္ဒာမဂ္ဂဇင်း၊ သပြေမဂ္ဂဇင်းတို့အပြင် … မဟေသီတဲ့၊ ချယ်ရီတဲ့၊ စစ်ပြန်တဲ့၊ သဘင်တဲ့၊ ဂီတပဒေသာ တဲ့၊ ပေဖူးလွှာတဲ့၊ သောင်းပြောင်းထွေလာတဲ့၊ စပယ်ဖြူတဲ့၊ ကလျာတဲ့၊ လုံမလေးတဲ့၊ မြတ်လေးတဲ့၊ တစ်သွင်ဆန်း ဒဂုန်တဲ့ …။ ရုပ်ရှင်နာမည်နဲ့ မဂ္ဂဇင်းတွေကလည်း ဟောတစ်အုပ်၊ ဟောတစ်အုပ် …၊ တရားဝင်ထုတ်ဝေခွင့်ကတ်ရထားတဲ့ မဂ္ဂဇင်းတွေအပြင် 'တင်ထုတ်' ဆိုတဲ့နာမည်နဲ့ မဂ္ဂဇင်းတွေလည်းထုတ်လို့ရသတဲ့ …။ မဂ္ဂဇင်းတွေနာမည်မမှတ်မိအောင် များပြားလာတော့ စာမူတွေလည်း အများကြီးလိုလာကြပြီလေ …။ ဘယ်မလဲကဗျာ ..၊ ဘယ်မလဲ ဝတ္တု၊ ဘယ်မလဲ ဆောင်းပါး…။ အရင်က မဂ္ဂဇင်း (၄) (၅) စောင်လောက်ရှိတုန်းက ပင်တိုင်ထိုင်ပြီးရေးနေတဲ့ ဆရာ့ဆရာကြီးများ စာမူနဲ့မလုံလောက်တော့ဘူး။
ကမ္ဘာကြီးမှာလည်း အတတ်ပညာတွေ၊ မီဒီယာတွေလည်း အားကောင်းလာပြီ။ ဝန်ကြီးပဒေသ ရာဇာကဘယ်လို…၊ ရှင်ဥတ္တမကျော်တောလားပါ စကားလုံးများလေ့လာချက်လောက်နဲ့ မဖြစ်တော့ဘူး။ ဒီအချိန်မှာ ထိုထိုဤဤသော မဂ္ဂဇင်းများရဲ့ အယ်ဒီတာကြီးများကိုယ်တိုင် စာမူရှာပုံတော်ခရီးဖွင့်ကြရတော့တာပေါ့။ စာတိုက်ကရောက် လာတဲ့ စာမူကို မှတ်ပုံတင်စာအုပ်ထဲသွင်းပြီး စာပွဲထိုင်ရွေးရုံနဲ့ အလျင်မမီတော့ဘူး။ ဒါကြောင့် ၁၉၈၃, ၈၄, ၈၅ ပတ်ဝန်းကျင်များ အယ်ဒီတာမင်းများ မန္တလေးကို အရောက်အပေါက်များလာပါတော့တယ်။
၁၉၈၄ ခုနှစ်၊ မတ်လ (၂၄)ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ မန္တလေးမြို့လယ် ဦးကျားကြီးဝင်းက စတင်လောင်ကျွမ်းလိုက်တဲ့ မီးဟာ မန္တလေးတစ်မြို့လုံးသာမက နိုင်ငံနဲ့အဝှမ်း တုန်လှုပ်ချောက်ချားသွားစေခဲ့တယ်။ မန္တလေးကို မြို့နယ် (၄)မြို့နယ်ပိုင်းခြားထားတဲ့ အနက် ဒီမီးက မြို့နယ် (၃)မြို့နယ်က အိမ်ခြေပေါင်း (၂၃၀၀)ကျော်ကို ပြာကျစေခဲ့တယ်။ အဲဒီခေတ်က ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း (၃၀၀၀) နီးပါးရှိခဲ့တယ်။ လောင်လိုက်တာကလည်း တကယ့်မန္တလေးရဲ့ အသည်းနှလုံး မြို့လယ်ခေါင် တောင်မြောက် တစ်နံတစ်လျားကြီးကိုး…။ မီးလောင်ခြင်းနဲ့ အတူ မီးလောင်ပြင်မှာ အသစ်, အသစ်ပြန်လည်နေရာယူလာကြတဲ့ ပိုင်ရှင်အသစ်၊ ပိုင်ဆိုင်မှုအသစ်တွေဟာ မန္တလေးသားတွေကို မျက်လုံးပြူး သွားစေတဲ့အပြောင်းအလဲကြီးတွေပါ။ ဘာသာတရားကိုင်းရှိုင်းပြီး မိရိုးဖလာလုပ်ငန်းနဲ့ တင်းတိမ်ရောင့်ရဲစွာ မန္တလေးမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့သူ ရွာနေပြည်ထိုင်တွေအဖို့ ပြာပုံဘဝရောက်ပြီးနောက် မထင်မှတ်တဲ့အပြောင်းအလဲကြောင့်…၊ မထင်မှတ်တဲ့ ငွေကြေးကြောင့် …၊ အသိုက်အမြုံပြောင်းကြ၊ ရွှေ့ကြ၊ ကွဲကြတဲ့ အဖြစ်သနစ်တွေဟာ မန္တလေးသားတွေရင်ထဲမှာ ခံစားကြရ၊ ပြောကြရ၊ ဆိုကြရတာပေါ့။ ဒါတွေဟာ အစွမ်းအစရှိတဲ့ စာပေဝါသနာရှင် လူငယ်လေးတွေအတွက် အရိုင်းတုံးကိုက လှပြီးသား၊ အဖိုးတန်ပြီးသား သယံဇာတတွေပါ။ အနည်းငယ်သွေးတတ်၊ ပြုပြင်တတ်သူလက်ထဲရောက်သွားတော့ တန်ဖိုးနှစ်ဆတိုးတာပေါ့။ အတွေးအခေါ်အခြေခံရှိသူ လက်ထဲရောက်ပြန်တော့ ပြည်တန်ပတ္တမြားပေါ့ …။
အကင်းပါးသော မဂ္ဂဇင်းအယ်ဒီတာမင်းများက ဒီအကွက်ကိုသိတယ်။ သူတို့ ဖားကန့်မှော်ကို မမက်ဘူး။ ဟုမ္မလင်းမှော်ကို မမက်ဘူး။ မန္တလေးမှာ ၁၉၈၄ မီးကြီးကြောင့် ပြောင်းလဲသစ်လွင်လာတဲ့ အနုပညာမှော်ကို သိတယ်။ 'တင်ထုတ်'၊ သူ့ 'သာရ' မှာ၊ သူကြီးကြပ်တဲ့ 'ရင်ခုန်ပွင့်' မှာ မန္တလေးက ကျောက်ကောင်းတွေကို ပြပွဲလုပ်လိုက်တာ အောင်မြင်သွားပါရော…,။ နောက် ပေဖူးလွှာ၊ စပယ်ဖြူ၊ မဟေသီ၊ ချယ်ရီ၊ ဒဂုန် …,။ ၁၉၈၆ ခုနှစ်တော့ ရန်ကုန်မဂ္ဂဇင်းကြီးတွေမှာ မျက်နှာပွင့်နေကြတဲ့ မန္တလေးဗဟိုပြု စာရေးဆရာ (၁၂)ဦးက ဝတ္တုတိုပေါင်းချုပ်တစ်အုပ် ထုတ်ဝေလိုက်ပါတယ်။ 'မီးသွေးခဲမို့ မည်းသကိုနှင့် ဆယ့်နှစ်မျက်နှာ နာရီစင်ဝတ္တုတိုစု' တဲ့။ မောင်မိုးသူက အမှာစာရေးပါတယ်။
''………,.ဆယ့်နှစ်မျက်နှာ ဝတ္တုတိုစုဟာ အထက်ပြောခဲ့တဲ့
အ တို င်း မ ဂ္ဂ ဇ င်း စာ မျ က် နှာ ေ တြ ေ ပၚ မွာ က ေ လာ င္ အ ေ ဟာ င္း၊
က ေ လာ င္ အ ေ ကာ င္း ေ တြ ႂ ကား ထဲ က ထိုး ထြ က္ ေ ပၚ ထြ န္း လာ တဲ့
အ ေ တြး သ စ် အား သ စ် လူ င ယ်ေ တွ ရဲ့ ဝ တ္တု တိုေ တွ ပဲြ ဖ စ် တ ယ်။
သူတို့ရဲ့ ဝ တ္တု တိုေ တွ ကို ' စ ည်း သုံး ချ က် ဝါး သုံး ချ က် '
နဲ့ မ ညီ ဘူး၊ ' အ ခ င်း၊ အ ခ က်၊ အ ေ ျ ဖ ' ေ တြ နဲ့ မ ကို က် ဘူး ဆို တဲ့
'ပေတံအဟောင်းကြီး' တွေနဲ့ တိုင်းလို့မရဘူး။
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - -
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - -
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - -
' ' ဟ န်ေ ဆာ င် အ ေ တြး ေ တြ ေ လာ က် နဲ့ ' '၊ ' ' ညာ တာ ပါေ တး
လု ပ်ြ ပီး ' ' အ တ တ် ပ ညာ နဲ့ ဖုံး ဖုံး ဖိ ဖိ လု ပ်ေ နြ က တဲ့ လ က်ေ ဟာ င်း
ဝ တ္တု တိုေ တွ နဲ့ စာ လျှ င် အား သ စ် လူ သ စ်ေ တွ ရဲ့ ဝ တ္တု တိုေ တွ ဟာ
' ' ထူးြ ခား တ ယ် ' ' ' ' စူး စူး ရဲ ရဲ ' ' ရှိ တ ယ် လို့ေြ ပာ လို က် တာ၊ သ တ် မှ တ်
လိုက်တာပဲဖြစ်တယ်'' …,. တဲ့။
ပြေ (ဆေး-၂)၊ ရဲသျှမ်း၊ စုထား၊ သိုက်ထွန်းသက်၊ ကိုကို (အမရပူရ)၊ ညီပုလေး၊ ဂျိုဇော်၊ ပိုင်စိုးဝေ၊ ကျော်စွာထက်၊ နုနုရည် (အင်းဝ)၊ လူမျိုးနော် … (၁၂)ဦးရဲ့ ဝတ္တုတို (၁၂) ပုဒ်ပါ. ပါတယ်။ ဒီစာအုပ်အရင် ၁၉၈၅ ခုနှစ်မှာ မန္တလေးလူထုကြီးပွားရေးစာအုပ်တိုက်က ထုတ်တဲ့ 'မိခင်မာရသွန်' ကဗျာစာအုပ်မှာ တက္ကသိုလ် မောင်စောလွင်ရေးလိုက်တဲ့ အမှာစာအဖွင့်က …ကဗျာတပ်ဦးက တပ်မှူးကြီးတွေဆိုတဲ့စကားကြောင့် ပွက်လောညံသွားတာ အရှိန်မသေသေးတော့ နောက်တစ်နှစ် မန္တလေး ထီးပေါင်းကားစာအုပ်တိုက်က ထုတ်တဲ့ (၁၂)မျက်နှာနာရီစင်ဝတ္တုတိုစုက မောင်မိုးသူရဲ့ အမှာစာ ''ထူးခြားတယ်'' ''စူးစူးရဲရဲ'' ရှိတယ်။ ''အတွေးသစ်'' တယ်ဆိုတဲ့ စံနဲ့ စာအုပ်ပါ ဝတ္တုတိုတွေအပေါ် ယှဉ်ထိုးဝေဖန်မှုမျိုး ရေးကြသားကြဖို့ မောသွားကြပုံရတယ်။ ဝေဖန်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပေမယ့် သဘင်မဂ္ဂဇင်းထဲက ''စာပေစင်မြင့်မှတဆင့် ဝေဖန်ရေး'' ကဏ္ဍမှာ ဒီစာအုပ်ကို ဝေဖန်တဲ့ ဝေဖန်ချက်တစ်ပုဒ်ပဲ တွေ့လိုက်ရပါတယ်။
ဘာလို့ ဝေဖန်လို့ကောင်းတာလဲ။ ကျွန်တော်တို့ဟာ မန္တလေးထုတ်စာအုပ်ဆိုရင် အရင်ဓမ္မဗိမာန် အလုပ်စခန်းတွေရဲ့ အသီးအပွင့်နဲ့ ရပ်တည်ချက်တွေအပေါ်မှာပဲ စွဲမြဲပျော်ဝင်နေပါတယ်။ အထူးသဖြင့် လူထုကြီးပွားရေးတိုက်ထုတ် စာအုပ်များဆိုရင် ဒီစံ, ဒီပေတံနဲ့ပဲ တိုင်းတာမိနေတာ အသားကျနေပါပြီ။ လူထုဒေါ်အမာစာအုပ်ဆိုရင် ဒီစံ, ဒီပေတံမှာ လိုက်လျော အဆင်ပြေတာချည်းမဟုတ်လား…။ ထီးပေါင်းကားစာအုပ်တိုက်ရယ်လို့ ဘယ်လိုပဲ သီးခြားဖြစ်ပါစေ။ ကျွန်တော်တို့အသိမှာ လူထုကြီးပွားရေး ရေမြေသိပဲ မှတ်ယူထားကြတယ်။ ဒါကြောင့် (၁၂)မျက်နှာနာရီစင်ဝတ္တုတိုစု ထွက်လာတော့ ကျွန်တော်တို့လည်း အရင်စံ, အရင်ပေတံနဲ့တိုင်းတော့တာပေါ့။ ဒီအခါ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့တာပေါ့။ တိမ်ကြားမင်းခေါင်ဆိုပြီး အပေါ်မော့ကြည့်မိတာပေါ့။ ဒါကြောင့် စာအုပ်ထွက်လာတဲ့အခါ ကျွန်တော် တို့ဟာ ဝေဖန်ချက်တစ်စောင်ချက်ချင်းရေးမိပါတယ်။ ဘယ်မဂ္ဂဇင်းကိုမှ ပို့ဖို့မဟုတ်ပါဘူး။ ကာယကံရှင် စာရေးဆရာ (၁၂)ဦး ဖတ်ဖို့ပေးတာပါ။ ဘယ်နှဦးက အရေးတယူဖတ်သလဲတော့ အခုထိမမေးဖြစ်ပါဘူး။
အမှာစာချီးမြှင့်တဲ့ ဆရာသမားညွှန်းခဲ့သလို အတွေးရဲရဲ၊ အရေးရဲရဲ ထူးထူးခြားခြားဝတ္တုတိုတွေ ဖတ်ရမလားလို့ မျှော်လင့်ပေမယ့် ပုံသဏ္ဌာန်ဆန်းသစ်တာကလွဲပြီး အတွေးသစ်တာမဟုတ်၊ အတွေးရဲတာမဟုတ်ကြောင်း အားမလိုအားမရဖြစ်မိတာပေါ့။ အထူးသဖြင့် ပြေ (ဆေး-၂)၊ စုထား၊ ကိုကို (အမရပူရ)၊ ပိုင်စိုးဝေ၊ ကျော်စွာထက်၊ နုနုရည် (အင်းဝ)၊ လူမျိုးနော်တို့ ဝတ္တုတိုအပေါ် အားမရပဲ ဖြစ်နေတယ်။ ရဲသျှမ်း၊ ညီပုလေးနဲ့ ဂျိုဇော်တို့ရဲ့ ဝတ္တုတိုတွေကိုလည်း အနုပညာအားနည်းမှုအတွက် ခံစားနေရတယ်။ ဒီဝတ္တုတိုစုအပေါ် သုံးသပ်ဝေဖန်တဲ့ စကားဝိုင်းလေးတွေဖွဲ့ဖြစ်တယ်။ ဒါဟာ သေချာတာတစ်ခုကတော့ ဆန့်ကျင်တာမဟုတ်သလို ဂိုဏ်းကွဲတာလည်း မဟုတ်ပါဘူး။ ဆရာတစ်ဦးစ နှစ်ဦးစက မကျေလည်စွာ စကားမခေါ်မပြောတဲ့ အချိန်လေးတစ်ခဏတာရှိတဲ့ အဖုအထစ်က လွဲလို့ ဘာမှမရှိဘူး။ ဘာမှ မဖြစ်ပါဘူး။
နောက်မကြာပါဘူး။ ထီးပေါင်းကားစာအုပ်တိုက်က အောင်ပင်လယ် လေပြည်ညှင်းဝတ္ထုတိုစုထွက်တယ်။ ဝသုန္ဓေရေ လက်ရေး ဝတ္ထုတိုစု တွေထွက်လာတယ်။ 'ဝသုန္ဓေရေလက်ရေး' ကလည်း တော်တော်လှုပ်ခတ်သွားပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ ၁၉၈၄ မန္တလေးမီးကြီးကြောင့် တုန်လှုပ်ဖွယ် အပြောင်းအလဲကြီးကို ခံစားရေးဖွဲ့ခဲ့တဲ့ ဝတ္ထုတိုတွေစုစည်းထားတာပါ။ ထူးခြားတာက မန္တလေးမြို့ခံ စာရေးဆရာမဟုတ်တဲ့ ခင်ပန်နှင်း (မြောင်းမြ)နဲ့ မိုးမိုး (အင်းလျား)တို့ရဲ့ ဝတ္ထုတိုတွေလည်း ပါ, ပါတယ်။ စာအုပ်က အတော်စိတ်ကူးကောင်းတဲ့ စာအုပ်ပါ။ ထုံးစံအတိုင်း ကျွန်တော်တို့မှာတော့ ပြောစရာတွေရှိလာပြန်ရောပေါ့။
'ဝသုန္ဓရေ ဆရာတွေဟာ ဝသုန္ဓရေပြဿနာ' ကို ကိုင်တွယ်ရာမှာ အခြေခံမကျလှဘူးလို့ သုံးသပ်မိတယ်။ ပြဿနာကို လူမျိုးရေးအမြင်နဲ့တင် ကိုင်တွယ်ထားတာကိုး…။ ဘယ့်နှယ် အခြေအမြစ်ကျပါ့မလဲပေါ့။ ဒါကြောင့်လည်း ဝသုန္ဓရေ စကားဝိုင်းတွေဖွဲ့ဖြစ်ပြန်ရော…။ ဆရာ မြသောင်းကတော့ မန္တလေးဂျာနယ်အတွဲ(၁)၊ အမှတ် (၂)မှာ 'ဝသုနြေ္ဒရေစီးကြောင်း'ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။ ဒါကတော့ သူ့အမြင်ပလေ….။ ဆရာ့ဆောင်းပါးမှာ ဝေဖန်မှုထက် ဂိုဏ်းဂဏကိစ္စက ထင်ရှားပေါ်လွင်နေတယ်။ 'ဝသုနြေ္ဒဟာ ဗာဒံရိပ်သီအိုရီပဲ'။ 'ဘဝသရုပ်ဖော် ဝတ္ထုများလို့ ပြောဆိုဖို့မပြည့်စုံဘူးလို့ ကျွန်တော်တို့က သဘောရတယ်။ မပြည့်စုံလွန်းမှုဟာ တစ်ခါတစ်ရံမှာ မှားယွင်းဖောက်ပြန်မှုဆီကို ပို့ဆောင်တတ်တယ်ဆိုတာ ကျွန်တော်တို့ ဗာဒံရိပ်ဆရာများ သတိပြုဖို့လိုမယ်ထင်တယ်'' လို့လည်း ဆရာမြသောင်းက ဝေဖန်ခဲ့တယ်။ ကံဆိုးသလား၊ ကံကောင်းသလားတော့မသိဘူး…။ ဝသုန္ဓရေကို ဝေဖန်တဲ့ကျွန်တော့ဆောင်းပါးကတော့ ပို့လိုက်တဲ့မဂ္ဂဇင်းတိုက်က ပျက်သွားလို့ စာမျက်နှာပေါ်ရောက်မလာပါဘူး။
'ထီးပေါင်းကား' ကပဲ ကဗျာစာအုပ်ထွက်လာပါသေးတယ်။ ၁၉၉၀ ပြည့်နှစ် ဇူလိုင်မှာပါ။ မန္တလေးက ကဗျာဆရာမောင်သင်းပန်နဲ့
ကိုငြိမ်း(မန္တလေး)ရဲ့ 'နွေရောင်ကောင်းကင်' ကဗျာများပါ။ ဒီစာအုပ်မှာလည်း ဆရာကိုလေး(အင်းဝဂုဏ်ရည်)က အမှာစာရေးထားပါတယ်။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)က ဆန်ရင်းနာနာဖွပ်တယ်။ မောင်သင်းပန်ကို ''မောင်သင်းပန်ရဲ့ကဗျာတွေဟာ တစ်ဟန်တည်း၊ တစ်လေတည်းပါလား၊ နည်းပညာကို ပေါ့မထားနဲ့၊ ဆက်လေ့ကျင့်'' တဲ့။ ကိုငြိမ်း(မန္တလေး)ကိုလည်း ''သူ့မှာ ပညာရှိတယ်။ ခြေပြင်းတယ်။ အလိမ်အလှည့်၊ အဆွဲအယူလက်ကျန်တွေရှိတယ်။ သက်လုံနဲ့ နည်းပညာအသစ်တွေ အားနည်းနေတာတော့အမှန်'' တဲ့။ ဒီကာလမှာပဲ မန္တလေးမှာ ထူးထူးခြားခြား ရှားရှားပါးပါး မန္တလေးမြို့မှာ အစအဆုံးရိုက်နှိပ်ထုတ်ဝေတဲ့ 'ရွှေဝတ်ရည်' မဂ္ဂဇင်းထွက်လာတယ်။ တာဝန်ခံအယ်ဒီတာက ဆရာမောင်သစ်လွင်(လူထု)ပါ။ 'ရွှေဝတ်ရည်' ထွက်လာတော့ မန္တလေးစာသမားတွေအတွက် တကယ်အားဆေးကြီးပါ။ အထူးသဖြင့် ရန်ကုန်မဂ္ဂဇင်းကြီးတွေမှာ အားယူစကလောင်သစ်များအဖို့ 'ထိုင်ကိုယ်တော်' တွေနဲ့ ဧည့်ခန်းမှာ နေရာမရဖြစ်နေလို့ စိတ်ပျက် အားလျော့နေချိန်မှာ ရွှေဝတ်ရည်ဟာ ကလောင်သစ်တွေအတွက် ဝက်သားတုံးလက်သီးဆုပ်လောက်နဲ့ 'ဘုံလောင်း' ပါပဲ။ ဆရာမောင်သစ်လွင် (လူထု)က ရွှေဝတ်ရည်အမှတ်(၄) မှာ မဂ္ဂဇင်းရဲ့ သဘောထားကို အယ်ဒီတာ့ 'ပြောပါရစေ' ကဏ္ဍကနေ ဖွင့်ပြလိုက်ပါတယ်။
လွတ်လပ်စွာ ငြင်းခုံပြောဆိုကြ
ဒါမှ ပန်းတိုင်းပွင့်တဲ့ ကာလ။
ပန်းတိုင်းပွင့်ပါမှ
'ရွှေ' ဆိုတာတွေ့ရမှာ ပ။… တဲ့။
ဒါကြောင့် မန္တလေးမှာ အသံသဲ့သဲ့ကြားစပြုလာတဲ့ ဗာဒံပင်အုပ်စု၊ မျက်သွယ်အုပ်စု၊ နန်းရှေ့အုပ်စု၊ ၃၁ လမ်းဂျပ်စ်အုပ်စု၊ တောင်ပြင် အင်းဝအုပ်စု ဆိုတဲ့ အသုံးအနှုန်းအညွှန်းအဆို အပိုင်းအခြားတွေကို ရွှေဝတ်ရည်မှာ သယ်ဆောင်လာပြီး ဘယ်အုပ်စု၊ ဘယ်ဂိုဏ်းဆိုတဲ့ လက်ညှိုး ထိုးမခံရအောင် ရွှေဝတ်ရည်က သဘောထားဖွင့်လိုက်ပုံရပါတယ်။ ဒီကာလမှာပဲ တောင်လေးလုံးရဲ့ ဦးပိန်တံတားညချမ်းမှာ ဝသုန္ဓေဆရာတစ်ယောက်က ကဗျာမှာတော့ အောက်မြန်မာပြည်က ဦးဆောင်ပါပေတယ်လို့ ပြောမှားဆိုမှားဖြစ်တော့ မန္တလေးကဗျာဆရာတွေလည်း နဂိုက ဂိုဏ်းဂဏအသံသဲ့သဲ့အပေါ် အသံပြတ်သားလာပြီး စည်းခြားဖို့ ပြင်ဆင်လာတာပေါ့။
နောက်မှ အချင်းချင်းနားလည်သဘောပေါက်သွားတာပါ။
ရန်ကုန်မဂ္ဂဇင်းကြီးတွေမှာလည်း အင်တာဗျူးတွေ ခေတ်စားလာတယ်။ အင်တာဗျူးတွေက စာရေးဆရာရဲ့သဘောထားနဲ့ ရပ်တည်ချက်ကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြနိုင်ခဲ့တယ်။ ၁၉၈၉ ခု ဒီဇင်ဘာ ပေဖူးလွှာက ကျော်စွာထက်ရဲ့ အင်တာဗျူးမှာ ..,.
''တစ်ချိန်ကတော့ အကြောင်းအရာနဲ့ ပုံသဏ္ဌာန်မှာ အကြောင်းအရာသာ အဓိက၊ အကြောင်းအရာသာ ပဓာနဆိုတဲ့
အယူအဆတွေ တော်တော်လွှမ်းမိုးခဲ့တယ်။ 'ကဗျာရေးရင် အတတ်ပညာချို့တဲ့တာ၊ မချို့တဲ့တာ အရေးမကြီးဘူး၊ အရေးကြီးတာ
အဘိဓမ္မာ မချို့တဲ့ဖို့ပဲ' ဆိုတဲ့ စကားလုံးတွေနဲ့ လူတွင်ကျယ်လုပ်ခဲ့တဲ့ လက်ဝဲဝါဒီတွေဟာ စာပေလောကမှာ တော်တော်နေရာရခဲ့
ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကြောင့်ပဲ ကျွန်တော်တို့စာပေဟာ တော်တော်ပျက်စီးခဲ့ရတယ်'' လို့ ပြောဆိုခဲ့တော့ မန္တလေးမျာ အတော်ဂယက် ထသွားပါတယ်။ မန္တလေးရေခံမြေခံမှာ ဓမ္မဗိမာန်၊ တက္ကသိုလ်ကလောင်ရှင်အသင်းစတဲ့ မျိုးဆက်တွေနဲ့ ဒီမျိုးဆက်တွေအပေါ်'တရားမင်ပြီး ပုဂ္ဂိုလ်ခင်'ရသူ ကျွန်တော်တို့လို လက်သင်ကလောင်လေးတွေ ဆွေ့ဆွေ့ခုန် သွားတော့တာပေါ့။ ဆရာကျော်စွာထက်ခေတ်ရှေ့ပြေးတယ်ပြောရ မလားပဲ။ အခုတော့ ဒီအသံမျိုး မိုးမွှန်ဆူညံနေပြီပဲ၊ ကျွန်တော်တို့လည်း နားယဉ်နေပြီပဲ။ ဒါပေမယ့် ရွှေဝတ်ရည် မဂ္ဂဇင်းမှာ အင်တာဗျူးတွေက အဲဒီလိုသဘောထားမျိုးအသံတွေအပေါ်..,.''ဒီနေ့ အတွေးရဲတဲ့ မျိုးဆက်သစ်လို့ကြွေးကြော်..,.၊ ရွှေခေတ်ထူထောင် သူလို့ ဘိသေကခံ၊ မြန်မာစာပေလောကကြီးကို ကယ်တင်မဟေ့ဆိုပြီး လက်ညှိုးထောင် ကိုယ်ရောင်ပြနေကြသူ ပညာရှိမင်း စာရေးဆရာတချို့ကတော့ အရှေ့က နေဝန်းလို၊ သပိတ်မှောက်ကျောင်းသားလို၊ မြိုင်လို၊ မြစ်ဧရာပေါ်ဝယ်လို၊ မုန်တိုင်းထန်သော်လို၊ ကြာပန်းရေစင်လို၊ တို့ ခေတ်ရောက်ရမည်မလွဲပါလို၊ ဓမ္မဝိလာသလို၊ မြန်မာပြည် မြောက်ပိုင်းလို၊ မိုးမခသို့သူတို့အပြန်လို၊ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်လို၊ မသိန်းရှင်ဆီပို့ပေးပါလို … အကြောင်းအရာအားပြု ဝတ္တုတွေကြောင့် အကြောင်းအရာအားပြု စာပေတွေကြောင့် မြန်မာ စာပေလောကကြီးနွံနစ်၊ ပျက်စီးပါပြီလို့ ပါးစပ်သေနတ်ပစ်ရင်း သူတို့ ရေးတဲ့စာကို ဖတ်လို့ နားမလည်ဘူး ဆိုတာတော့ စာဖတ်သူမှာ ကိုယ်ခံအားကောင်းဖို့လိုဦးမှာပေါ့လို့ ပြောလိုပြော..,.'' ''အခုအခါ ရှုတ်ထွေးပွေလီနေတဲ့ ကမ္ဘာကြီးရဲ့ အခြေအနေအရပ်ရပ်မှာ အခြေခံကွဲပြားခြားနားမှုမရှိတဲ့ စာပေဂိုဏ်းတွေ မဆန့်ကျင်ကြဘဲ ခေတ်ကို သရုပ်ပီပီထင်ဟပ်နိုင်ဖို့ ပေါင်းစည်းကြမယ်ဆိုရင် ရလာမယ့်ရလာဒ်ဟာ လှပနေ ပါလိမ့်မယ်'' လို့လည်း သုံးသပ်ပြခဲ့ပါတယ်။ ဒါတွေဟာ ၁၉၉၀ ကျော်တဝိုက်မှာ မန္တလေးရဲ့ ဂိုဏ်းဂဏအသံပလံတွေနဲ့ အနေအထားတွေပါ။
စာအုပ်ထုတ်ဝေမှုနဲ့ ပုံနှိပ်မှုအတတ်ပညာပိုင်းမှာ မန္တလေးက ထိုးဖောက်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကွန်ပျူတာနဲ့ မြန်မာအက္ခရာ စာစီတာ မြန်မာပြည်မှာ အမေရိကန်သံရုံးပြီးရင် မန္တလေးလူထုကြီးပွားရေးစာအုပ်တိုက်က ပထမဆုံးအသုံးပြုခဲ့တာပါ။ ဆွမ်းဦးပုညရှင် သမိုင်းစာအုပ်ငယ်ကို ပထမဆုံးစမ်းသပ်ကာ ကွန်ပျူတာနဲ့စီပြီး တပြိုင်နက် လူထုဦးလှရဲ့ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များနဲ့ ညီပုလေးရဲ့ ကလေးလူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေးဝတ္တုတိုများကို ကွန်ပျူတာနဲ့ပဲ စာစီထုတ်ဝေခဲ့ပါတယ်။ ဒီနောက် ရန်ကုန်မြို့ထုတ် မဟေသီမဂ္ဂဇင်းရဲ့ ကဗျာများနဲ့ ဆောင်းပါးတချို့ကို မန္တလေးလူထုကြီးပွားရေးတိုက်ကပဲ ကွန်ပျူတာစာစီပေးခဲ့ရတာပါ။ ရွှေဝတ်ရည်မဂ္ဂဇင်း ထွက်နေတဲ့ကာလမှာ နတ်မောက်ထွန်းရှိန်က မန္တလေးယဉ်ကျေးမှုဂျာနယ်ကို (၈)ချိုးဆိုက်ဂျာနယ်အဖြစ် မန္တလေးမှာပဲ ခက်ခက်ခဲခဲထုတ်ဝေနေပါ တယ်။ တစ်ခါ … မန္တလေးကထုတ်ဝေသူတစ်ယောက်က ရန်ကုန်မှာပဲ အပြီးအစီးရိုက်နှိပ်ဖြန့်ချီတဲ့ 'ရွှေလှိုင်းခတ်သံ' ဆိုတဲ့ မဂ္ဂဇင်းတစ်စောင်လည်း ထုတ်ဝေခဲ့တယ်။ ရွှေဝတ်ရည်မှာ အစအဆုံးမန္တလေးမှာပဲ စာစီ၊ ဖလင်ရိုက်၊ ပုံနှိပ်၊ ချုပ်လုပ်၊ ဖြန့်ချိရတော့ ပုံနှိပ်ကိစ္စသာမက ရုံးကိစ္စကလည်း အတော်ခက်ခဲလှပါတယ်။ စာအုပ်စာဖောင်ရိုက်နှိပ်ခြင်းနဲ့ အလှမ်းကွာလှတဲ့ မန္တလေးကလုပ်ငန်းအသစ် အော့ဖ်ဆက်များဟာ စာအုပ်စာဖောင်ဆိုရင် နှာခေါင်းရှုံ့ငြင်းကြတယ်။ သူတို့က လွတ်လွတ်ကင်းကင်းပုံရှည်တံဆိပ်တွေပဲ မက်တာကိုး။ ဒီလိုနဲ့ ရွှေဝတ်ရည်လည်း တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ အမှတ် (၈)မှာ ရပ်သွားတော့တယ်။
ရန်ကုန်မဂ္ဂဇင်းလောကမှာ စီးပွားရေးမဂ္ဂဇင်းတွေထွက်လာပြီ။ ဈေးကွက်မှာ တစ်ဟုန်ထိုးနေရာရလာပြီ။ ဈေးကွက် ကျယ်ပြန့်လာတာနဲ့ အတူ စာမူတွေလိုအပ်လာတယ်။ စီးပွားရေးဆောင်းပါးတွေကို ရသစာရေးဆရာတွေ ဝင်ရောက်ရေးလာကြတယ်။ ကနဦးရန်ကုန်မှာရှိတဲ့ ဘာသာပြန်ဆရာ၊ သတင်းစာဆရာတွေ ရေးလာတယ်။ ဒါပေမယ့် မလုံလောက်ဘူး။ ဒါကြောင့် မြန်မာ့ဓနမဂ္ဂဇင်းက မန္တလေးမှာရှိနေတဲ့ ကိုရိုးကွန့်ကို လာရောက်ကမ်းလှမ်းတယ်။ ကိုရိုးကွန့်က တပေါင်းလရွှေစာရံဘုရားပွဲအကြောင်း ဓာတ်ပုံတွေဝေဝေဆာဆာနဲ့ ရေးပေးတယ်။ ဒီအချိန်မှာ မန္တလေးက ဝတ္တုတိုဆရာတွေ ရွှေခေတ်ပြောရမယ့်အချိန်…၊ ကိုရိုးကွန့်ကလည်း ဝတ္တုတိုပေါင်းချုပ်တွေထွက်၊ အမျိုးသား စာပေဆုလည်းရ…။
ကျော်စွာထက်ကလည်း ဝတ္တုတိုပေါင်းချုပ် (၃)အုပ်နဲ့လှုပ်ခါ…၊ ဝင်းစည်သူကလည်း ဝတ္တုတိုပေါင်းချုပ် (၂)အုပ်၊ လုံးချင်း (၁)အုပ်၊
သိုက်ထွန်းသက်၊ ပိုင်စိုးဝေတို့လည်း ပေါင်းချုပ်ကိုယ်စီနဲ့..,.။ မဟေသီမှာ သူတို့ဘာပြောကြသလဲခေါင်းစဉ်နဲ့ စာအိုးရဲ့စာညွှန်းတွေက လည်း အောင်မြင်..,.။
စာအိုးဆိုတာ ဒီလူ, ဒီလူတွေပဲဆိုတာ ပြောစရာမလိုအောင် သိကြပြီးသားကိုး..,.။
မြန်မာ့ဓနမှာ ကိုရိုးကွန့်က မျက်နှာဖုံးဆောင်းပါးတွေရေးတယ်။ စီးပွားရေးဆောင်းပါးရဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ကောင်တွေနဲ့ ရောမွှေထားတော့ တစ်မူထူးပြီး ပရိသတ်ရှိလာတယ်။
ဓနမဂ္ဂဇင်းမှာလည်း မန္တလေးက သန်းဋ္ဌေး(ဥတ္တရလွင်ပြင်)၊ ကျော်စိုးဝင်းတို့အပြင် ကျော်ရင်မြင့်က မျက်နှာဖုံးဆောင်းပါးတွေရေးလာတယ်။ ကျော်ရင်မြင့်ကလည်း ၉၂ မော်ဒယ်မန္တလေး၊ စုံပါတဲ့မုံရွာစတဲ့ မျက်နှာဖုံးဆောင်းပါးတွေနဲ့ ပေါက်သွားတယ်။ နောက်တော့ မြန်မာ့ဓနမှာ ဗဟိန်းအောင်တို့၊ ကောင်းဇော်တို့လည်း ရေးလာတယ်။ ဓနမှာ ဆန်းကျော်မောင်တို့ ကိုကို(အမရပူရ)တို့လည်း ရေးကြတယ်။ ကိုကို(အမရပူရ) က အုပ်စိုးခိုင်ကလောင်နာမည်အသစ်နဲ့ စီးပွားရေး မျက်နှာဖုံးဆောင်းပါးတွေကို အားတက်သရေရေးလာတယ်။ ''ကောင်းကင်ယံကို 'အုပ်စိုးခိုင်' နဲ့ ပင့်တင်ထားမယ်'' လို့ ကြွေးကြော်ခဲ့တာပေါ့။ နောက် မြန်မာ့ဓနမှာ သံဝရ၊ ဆူးငှက်တို့လည်း ပင်တိုင်ရေးပြန်ရော…။ ကြော်ငြာနဲ့ဈေးဝယ် လမ်းညွှန်မဂ္ဂဇင်းမှာ ညိုထွန်းလူလည်း စီးပွားရေးဆောင်းပါးတွေရေးတယ်။ ချုပ်လိုက်ရင် မန္တလေးက ဝတ္တုတိုသမားတွေ ၉၀ ခုနှစ်နောက်ပိုင်းမှာ စီးပွားရေးမဂ္ဂဇင်းထဲ အကုန်နီးပါးရောက်ကုန်တော့တာပါပဲ။
ဒီအချိန်မှာ မန္တလေးကဗျာသမားတွေက တောင်ပြင်အင်းဝမှာစုရင်း၊ မျက်သွယ်မှာစုရင်း ပိတောက်ပွင့်သစ်ကို ဝန်းရံနေကြတယ်။ 'ကျစ်ဆံမြီးများရဲ့ ချည်တိုင်' ကိုစုစည်းကြတယ်။ ဖန်သားပြင်ထက်မှာက ကဗျာတွေဖွဲ့ဖို့ ကြိုးစားရင်း 'နွေဦးကာလမြူထသောအခါ' နဲ့ ဖြေသိမ့်နေကြရတယ်။
၁၉၉၀ ဝန်းကျင် ရန်ကုန်မဂ္ဂဇင်းများအရေအတွက်ပေါက်ကွဲမှုနဲ့ မန္တလေးမှာ ရွှေဝတ်ရည်ထုတ်ဝေမှုကာလအတွင်း ထူးခြားစွာ မန္တလေးမှာ အပြိုင်းအရိုင်းပေါက်ဖွားလာကြတဲ့ ဝတ္တုတိုစာရေးဆရာမတွေကတော့.. အမျိုးသားဝတ္တုတိုသမားတွေလို စီးပွားရေးဆောင်းပါးဘက် မတမ်းညွတ်ကြဘဲ ဝတ္တုတိုကိုပဲ ဖက်တွယ်ကာအရေးကျဲလာကြတယ်။ တစ်ခါတစ်ရံ ဆောင်းပါးတွေရေးကြတယ်။ လူမှုရေး၊ အနုပညာ၊ ဘာသာ ရေးဆောင်းပါးတွေပါ။
ဆရာဝန်စာရေးဆရာများကလည်း ကလောင်ပစ်ချပြီး နားကျပ်ကိုသာမက အာထရာဆောင်းတွေ၊ အိတ်စရေးတွေ၊ စီတီစကရင်တွေအထိ ကိုင်နေကြပြီလေ။
ဝင်းဝင်းမြင့် (နန်းတော်ရှေ့)က အတိုပေါင်းချုပ်တစ်အုပ်နဲ့၊ လုံးချင်းတစ်အုပ်ထုတ်လာတယ်။ မန္တလေးလက်ဟောင်း ကဗျာသမားကြီး ထဲက ကိုငြိမ်း(မန္တလေး)ကတော့ ကဗျာကို ပစ်ချပြီး ဝတ္တုတိုတွေ ဒလဟော၊ ဒရကြမ်းရေးလာတယ်။ မော်ဒန်ဝတ္တုတိုတွေနဲ့ နာမည်ရနေတဲ့ 'နေမျိုး' လည်း ဝတ္တုတိုတွေအရေးစိပ်လာတယ်။ ကဗျာလည်း ရေး၊ ကာတွန်းလည်း ရေးတဲ့ နေမျိုးပါ။
လူထုကြီးပွားရေးစာအုပ်တိုက်က သူ့ထက်ကဲရွှေပြည်စိုးညီပုလေးဝတ္တုတိုများ၊ ခင်သန်းမြင့်ရဲ့ မိုးဒေဝါမလှရွှေ သူ့ဘဝနှင့်သူ့ဂီတ၊
အော်ပီကျယ်ကာတွန်းများ(၁)၊ ဒေါက်တာမြင့်မြင့်ခင်ရဲ့ လူတိုင်းအတွက်ထိုးတဲ့ ခေါင်းလောင်း၊ ရွှေဘိုမိမိကြီးရဲ့ ရွှေရည်မင်းစံဆောင်းပါး ပေါင်းချုပ်၊ မင်းသုဝဏ်ရဲ့ ဓမ္မပဒ၊ ဒေါက်တာသန်းထွန်းစုစည်းတဲ့ ပုဂံလက်သစ်၊ လူထုဒေါ်အမာရဲ့ အာဖရိကဝတ္တုတိုများ၊ ထိုင်ဝတ္တုတိုများ ၁,၂, နဲ့ လူထုဦးလှရဲ့ ခလောက်နို့ပုံပြင်များ၊ မျိုးမြင့်ဆွေရဲ့ မှန်ထဲကသစ္စာကဗျာစာအုပ်၊ မောင်စွမ်းရည်ရဲ့အမေခေါ်သံ၊ လူထုဒေါ်အမာရဲ့ အမေ့ရှေးစကား၊ ပြည်သူချစ်သောအနုပညာသည်များ(ပဉ္စမအကြိမ်)၊ တောင်လေးလုံးမှသည် နတ်ကျွန်းထိမှာစကား ပန်းချီဦးအောင်ခင်ရဲ့ မြန်မာရနံ့ပန်းချီစတဲ့စာအုပ်တွေ ဆက်တိုက် ထုတ်ဝေနိုင်ခဲ့တယ်။ ဥတ္တရလွင်ပြင်စာပေကလည်း ကြည်အောင်၊ ပိုင်စိုးဝေ၊ မြသန်းတင့်၊ အောင်မြင့်၊ ခင်မောင်ဆွေ(စိတ်ပညာ)တို့ရဲ့စာအုပ်တွေထုတ်လာတယ်။ ၁၉၉၄ ခုမှာတော့ မန္တလေးစာအုပ်တိုက်ကို ထူထောင်ခဲ့တယ်။ နောက်တော့ ယနေ့ မန္တလေးစာအုပ်တိုက် အမည်ပြောင်းတယ်။ မန္တလေးမှာ ထုတ်ဝေမှုအားကောင်းတဲ့ စာအုပ်တိုက်ပါ။ ၁၉၉၄ ခုနှစ်မှာ (၇)အုပ်၊ ၁၉၉၅ ခုနှစ်မှာ (၁၁)အုပ်၊ ၁၉၉၆ ခုနှစ်မှာ (၁၂)အုပ်၊ ၁၉၉၇ခုနှစ်မှာ (၁၂)အုပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ဒီအထဲက ကိုပညာ(အမရပူရ)ရဲ့ တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်ဟာ ၁၉၉၆ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ပိတောက်မင်းစာအုပ်တိုက် မန္တလေးမှာ ထူထောင်ပါတယ်။ စီးပွားရေးလမ်းညွှန်စာအုပ် (၂)အုပ်ဖြစ်တဲ့ မန္တလေး ယဉ်ကျေးမှု၊ မြန်မာ့လက်မှုအနုပညာပစ္စည်းဈေးဝယ်လမ်းညွှန်နဲ့ မန္တလေးတည်းခိုရေးခရီးသွားလာရေးနှင့် စားသောက်ရေးဈေးဝယ်လမ်းညွှန်တို့ကို ထုတ်ဝေပြီး ရသစာပေများအဖြစ် ဆူးငှက်ရဲ့ တစ်ဝက်မန်ကျည်းပင်ဝတ္တုတိုများ၊ မဝင့် (မြစ်ငယ်)ရဲ့ ခေတ်ဝတ္တုတိုများ၊ ဇော်ပုလဲ-ခင်ဝင်းနွယ် ပြုစုပြီး ဒေါက်တာသန်းထွန်း အင်္ဂလိပ်ဘာသာပြန်ဆိုတဲ့ ဗုံလေးလုံးသံစဉ်၊ ဂန္ထဝင်အကဗေဒသစ်နှင့် သြဘာသောင်း၊ မောင်ကိုကို (အမရပူရ)ရဲ့ ပွဲတော်ကဝါးမျိုသွားတဲ့ညဝတ္တုတိုများ၊ သိုက်ထွန်းသက်စုစည်းတဲ့ မြန်မာဝတ္တုတိုအဖွင့် (၁)တို့ ဖြန့်ချိခဲ့ပါတယ်။
ဒီနှစ်ထဲမှာပဲ မန္တလေး စာကောင်းကင်စာအုပ်တိုက်က မြို့မငြိမ်းဘဝနှင့်သူ့အနုပညာစာအုပ်ထုတ်ဝေခဲ့ပါတယ်။
မန္တလေးမှာ မန္တလေးသားအနုပညာရှင်၊ စာပေပညာရှင်ကြီးနဲ့ ပတ်သက်ပြီး လက်မနှေးတမ်းထုတ်ဝေနိုင်ခဲ့တာလည်း ပြောစမှတ်ရှိပါ တယ်။
ရွှေမန်းတင်မောင်၊ လူထုဦးလှ၊ သူရိယဦးထွန်းရင်၊ မိုးဒေဝါမလှရွှေ၊ မျိုးမြင့်ဆွေ၊ ပေါ်ဦးသက်၊ ပန်းချီဦးအောင်ခင်တို့ စာအုပ်တွေဟာ နမူနာပြစရာတွေပေါ့။
အခုတော့ မန္တလေးမှာ နိုင်ငံတော်အဖွဲ့အစည်းပိုင် သတင်းစာ (၂)စောင်ရှိတယ်။ စာအုပ်တိုက်ကြီးတွေပြန်လည်အရှိန်ယူနိုင်ပြီ…။
မန္တလေးအခြေစိုက် ဂျာနယ်(၂)စောင်၊ မဂ္ဂဇင်း (၁) စောင်ရှိနေပြီ။ ရန်ကုန်ဂျာနယ်တိုက်ကြီးတွေလည်း မန္တလေးမှာ ရုံးခွဲဖွင့်ပြီး လုပ်ငန်းတိုးချဲ့လာပြီ။ မန္တလေးသတင်းတာဝန်ခံဆိုတာမျိုးလည်း ခန့်ထားဆောင်ရွက်လာကြပြီ။
ဒါတွေက ၁၉၉၇ ခုနှစ်အထိ မန္တလေးစာပေဖြတ်ပိုင်းပုံရိပ် အချို့ပါ။ မပီမပြင်ဝိုးတဝါးပဲဆိုပါစို့။ ကောင်းပြီ ..,. ဒီပုံရိပ်ကို ၁၉၉၇ မှာပဲ
ဟပ်ဖ်တိုင်း (HaTlfime) ပေးပြီး နားဦးမယ်။ ၁၉၉၇ က ဒီကနေ့အထိ ကာလအပိုင်းအခြားက လောလောဆယ်နီးနေသေးတော့ ဝါးသွားမှာ စိုးလို့မပြောတသးတာပါ။ ကြုံတော့ ဆက်ပြောတာပေါ့။ ပိုလည်း စိတ်ဝင်စားစရာကောင်းမှာပေါ့။