အညာစာလွှာ

အညာစာလွှာ

နှစ်သစ်ပွဲ
ပိတောက်ပန်းကြိုင်လှိုင်ဝေ
သင်္ကြန်အခါပေ၊
အတာရေစိုလို့ရွှဲ၊
တန်ခူးနှစ်သစ်ပွဲ၊
(တက်္ကသိုလ်မောင်ထွန်းဝေ)

သည်နှစ်ထူးထူးခြားခြား ဆောင်းကန့်လန်ကာအပိတ် နွေကန့်လန်ကာအဖွင့် ဇာတ်ပို့တီးလုံးမဆုံးခင်မှာပင် ဥသြငှက်တို့ သံပြိုင်သီကြွေးလာကြသည်။မန်္တလေးမှာ ဥသြငှက်သံမကြားရတာ အတော်ကြာပေါ့။သည်နှစ်တော့ လွမ်းစဖွယ် အသံလေး ကြားရပြန်တော့။ အိမ်လွမ်းဝေဒနာတွေကို တစိမ့်စိမ့်ပေါ်ပြန်သည်။ တကယ်တော့ အိမ်လွမ်းဝေဒနာဆိုတာ တစ်နယ်တစ်ကျေး ရောက်ပြီး ဇာတိကိုလွမ်းသည့် အလွမ်းပဲဖြစ်သည်။အခုအိမ်လွမ်းဝေဒနာက အိမ်မှာနေရင်းနှင့် ငယ်ဘဝ၏ပုံရိပ်များကို တမ်းတမ်းတတလွမ်းဆွတ်ရခြင်းဖြစ်ပါသည်။

သည်ဇာတ်ဝင်ခန်းမှာ ဥသြငှက်က ပီပြင်သောဇာတ်ပို့ဂီတကို ဖော်ကျူးသည့်မဟုတ်ပါလား။ အခုလို ဥသြငှက်သံတွန်ကျူးခဲ့သည့် ကာလတွေမှာပေါ့….။စာမေးပွဲကြီးကြောင့် တင်းကျပ်ပင်ပန်းနေသော ကိုယ်စိတ်နှစ်ပါးလည်း စာမေးပွဲနောက်ဆုံးဘာသာဖြေအပြီး စာသင်ခန်းထဲက ပြေးလွှားထွက်လာပြီးနောက် ကိုယ်ပေါ်မှာခါချလိုက်သလို ကျန်ရစ်ခဲ့သည်။ သူငယ်ချင်းတွေကတော့ ရုပ်ရှင်သွားကြည့်ကြမှာပဲ။ ရေကူးကန်သွားကြမှာပဲ။ ကျွန်တော်က အပြေးကလေးပဲအိမ်သို့ပြန်သည်။ လွယ်အိတ်ကိုဗုန်းကနဲပစ်ချပြီး အမေမေးသည့်“ဖြေနိုင်ရဲ့လား”ဟူသော စကားသံကိုပင် မတုံ့ပြန်နိုင်ဘဲ လမ်းထိပ်က ကိုဘစိမ်းလက်ဖက်ရည်ဆိုင်သို့ အပြေးအလွှားသွားခဲ့ပါသည်။ ကျွန်တော့် အသက်အရွယ်နှင့် လက်ဖက်ရည်ဆိုင် ထိုင်တာက ကာလသားကြီးတွေလို ပေါက်ကရ ရှစ်ဆယ်ပြောဖို့မဟုတ်။ အခုလို စာမေးပွဲပြီးသည်နှင့် လက်ဖက်ရည်ဆိုင်ဘေးက ကုက်္ကိုလ်ပင်ကြီးဘေးမှာ သင်္ကြန်အတွက်ကြော်ငာတွေ ကပ်ထားတာကို ကြည့်လိုစိတ်ဖြစ်သည်။ ပြီးတော့ ဆိုင်ထဲက ကာလသားတွေဝိုင်းထဲဘေးကငေးပြီး သူတို့ပြောသည့် သင်္ကြန်တွေအကြောင်း ပါးစပ်အဟောင်းသားနှင့် နားထောင်ဖို့ဖြစ်သည်။အဲဒီအချိန် ကျွန်တော်သိမှီနေသည်က ၁၉၇ဝ ကျော်ဝန်းကျင် မြို့မနှင့်ဝင်းဦးသင်္ကြန်၊ နဂါးမယ်သင်္ကြန်၊ ချစ်ပန်းနွယ်သင်္ကြန်၊ လှသူဇာသင်္ကြန်ပဲဖြစ်ပါသည်။သူတို့က ငြိမ်းချမ်းရေးသင်္ကြန်အကြောင်း ပြည်ထောင်စုသင်္ကြန်အကြောင်း အားရဝမ်းသာပြောတော့ ကိုယ်မမှီလိုက်သော အတိတ်က သင်္ကြန်တွေကို တအံ့တသြသိရှိရတော့သည်။
x        x        x        x        x
တကယ်တော့ မန်္တလေးသင်္ကြန်သည် ရတနာပုံခေတ်ကတည်းက ယဉ်ကျေးမှုနှင့်ဆက်နွှယ်သည့် ရိုးရာ သင်္ကြန် စစ်စစ်ဖြစ်ခဲ့သည်။ ပညာရှိသမားဟူးရားများ တွက်ချက်ပေးသည့် သင်္ကြန်တော်အချိန်ကာလနှင့်အညီ သင်္ကြန်ကျသည့်အချိန်ရောက်သည်နှင့် ရတနာပုံမန်္တလေးရွှေမြို့တော်၏ တံခါးဆယ့်နှစ်ရပ်မှ အမြောက်သံကြားသည်နှင့် သင်္ကြန်ပွဲသဘင် စတင်ဆင်နွှဲသည်တဲ့။ နန်းတော်တွင်း မင်းခမ်းမင်းနားနှင့်အညီ သင်္ကြန်ဆင်နွှဲကြသကဲ့သို့ ရွှေမြို့တော်လေးပြင်လေးရပ်၌လည်း အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းများဖြင့် ငွေဖလားထဲနံ့သာရည်ထည့်ကာ သပြေခက်ဖြ့င့် ရေပက်ခဲ့ကြသတဲ့။ မောင်ရင်းနှမအသွင်စိတ်ထားဖြင့် အပျိုလူပျိုအရွယ် ရေကစားကြမှုများကလည်း ယဉ်ကျေးဖွယ်ရာသော မြန်မာ့စရိုက်ကို ပီပြင်စေခဲ့သည်။ အပျိုလေးတစ်ယောက်ကိုပင် သပြေခက်ဖြင့်ရေပက်ကစားရန်အတွက် လူပျိုကာလသားက မိဘရပ်ထံခွင့်ပန်ပြီး မိဘကခွင့်ပြုမှသာ ရေပက်ကစားကြသတဲ့။ ထိုကဲ့သို့ အစဉ်အလာရှိခဲ့သည့် ရတနာပုံခေတ်သင်္ကြန်ကို ဘိုးဘွားအမွေနှစ်သဖွယ် လက်ဆင့်ကမ်း ခဲ့ကြခြင်းများက မန်္တလေးသင်္ကြန်၏ ထူးခြားသောအမှတ်လက်္ခဏာအဖြစ် တင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။                         ကြမ်းကြမ်းတမ်းတမ်းရေပက်ကစားခြင်း၊မဖွယ်မရာရေပက်ကစားခြင်း၊ တစ်ပါးသူ နာကျင်ထိခိုက်လောက်ဖွယ် ရေပက်ကစားခြင်း၊ မိန်းကလေးတို့၏ ကာယိနြေ်္ဒပျက်လောက်အောင် ရေပက်ကစားခြင်းတို့ကို မန်္တလေးသင်္ကြန်က ဘယ်သောအခါမှ ခွင့်မပြုခဲ့သည့် အစဉ်အလာရှိသည်။ ခွင့်မပြုဟု စည်းမျဉ်းစည်းကမ်းသတ်မှတ်ရလောက်အောင်လည်း ထိုကဲ့သို့ရေပက်ကစားခြင်းမျိုး ဘယ်မန်္တလေးသူ မန်္တလေးသား မိကောင်းဖခင်သားသမီးကမှ ပြုမူဆောင်ရွက်ခဲ့ခြင်းမျိုး မရှိခဲ့။ပါတော်မူပြီးနောက် တိုင်းတစ်ပါးအုပ်ချုပ်မှုနှင့်အတူ လူမျိုးကွဲဘာသာကွဲတိုင်းတစ်ပါးသားတို့ မန်္တလေးတွင်အခြေချနေထိုင်စီးပွားရှာခဲ့ကြသော်ငြားလည်း မန်္တလေးစရိုက်၊မန်္တလေးယဉ်ကျေးမှု၊မန်္တလေးလက်္ခဏာကို အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။

တိုင်းတစ်ပါးသားကုန်သည်ကြီးတို့ စီးပွားရေးအရအသုံးပြုလာခဲ့ကြသည့် မော်တော်ကားဆိုသည့်ပစ်္စည်း မန်္တလေးတွင် တွင်ကျယ်လာပြီးနောက်ပိုင်းမှသာ သင်္ကြန်အခါ၌ မော်တော်ယာဉ်ပေါ်ရေအိုးရေပုံးတင်ပြီး တစ်ပြဝင်တစ်ပြထွက် လှည့်လည်ရေကစားခြင်းဓလေ့ စတင်ထွန်းကားခဲ့ခြင်းဖြစ်သည်။မန်္တလေးသည် အနုပညာဖြင့် တွဲဖက်ပေါ်ထွန်းခဲ့သည့်မြို့ ဖြစ်သောကြောင့် အများစုလူငယ်လူရွယ်များက ဆိုတတ်၊ တီးတတ်၊ မှုတ်တတ်၊ ကတတ်၊ ခုန်တတ်ကြသည်။ ထို့ကြောင့် ရတနာပုံခေတ်က သင်္ကြန်အခါရောက်သည်နှင့် လေးပြင်လေးရပ်အိုးစည်သံတထိန်းထိန်း ကြားရသကဲ့သို့ ကိုလိုနီခေတ်တွင်လည်း မန်္တလေး၏လေးပြင်လေးရပ်တွင် ဘင်ဂျိုသ၊ံ မယ်ဒလင်သံ၊ တယောသံ၊ ဗျပ်စောင်းသံများ ကြားရခြင်းဖြစ်သည်။ ၁၉၂၅ ခုနှစ်နောက်ပိုင်းရောက်တော့ အနောက်တိုင်းမှဝင်ရောက်လာသော တူရိယာပစ်္စည်းများဖြင့် မြန်မာသီချင်းတေးသွားများ တီးမှုတ်ဖျော်ဖြေပြီး မန်္တလေးသင်္ကြန်ကို ဆင်နွှဲခြင်းကလည်း မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။
x        x        x        x        x
တစ်နှစ်လုံးဝမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသမျှ သင်္ကြန်ကာလရောက်ရင်ဖြင့် ပျော်ရွှင်ကြည်နူးစွာ နှစ်သစ်ကိုကြိုဆိုကြသည့်ဓလေ့အတိုင်း မန်္တလေးသင်္ကြန်၏ ညဥ့်ဦးယံများသည် သီချင်းသံဂီတသံများ ဖုံးလွှမ်းခဲ့သည် မဟုတ်ပါလော။ ဂီတသာမက ကျန်သည့်အနုပညာများလည်း ကျွဲကူးရေပါ ဆောင်ရွက်လာကြတော့ သင်္ကြန်အလှပြယာဉ်၊ သင်္ကြန်အလှပြမဏ္ဍပ် ဟူသော အနုပညာပစ်္စည်းများလည်း မန်္တလေးသင်္ကြန်တွင် ထွန်းကားခဲ့သည်။ထို့ကြောင့် သင်္ကြန်မတိုင်မီ တစ်လခန့်ကြိုတင်၍ ဒီနှစ်သင်္ကြန်မှာ ဘယ်လိုသီချင်းသစ်တွေစပ်လိုက်မယ်။ ဘယ်လိုတီးလုံးတီးကွက်တွေ ဖွဲ့သီလိုက်မယ်၊ဘ ယ်လိုကကြိုးကကွက်တွေနဲ့ ဆင်နွှဲလိုက်မယ်ဟူသော အနုပညာ တောက်စားကွန့်မြူးမှုများနှင့်အတူ ဘယ်လိုအလှပြယာဉ်တွေ ဖန်တီးလိုက်မယ်။ ဘယ်လိုအလှပြမဏ္ဍပ်တွေ တီထွင်လိုက်မယ်ဟူသည့် အနုစိတ်ဓာတ်များကလည်း သင်္ကြန်၏ကောင်းမွေများပဲ ဖြစ်သည်။
x        x        x        x        x
ထို့ကြောင့် မန်္တလေးသားများက သင်္ကြန်ကိုနှလုံးသည်းပွတ်ပမာ မြတ်နိုးခဲ့သည်။တွယ်တာခဲ့သည်။အမှတ်တရရှိခဲ့သည်။သင်္ကြန်မှာ မောင်းရင်းနှမစိတ်သွင်ဖြင့် တစ်မိသားနဲ့တစ်မိသားအတူတကွ ပျော်ရွှင်မြူးတူးကြရာမှ သံယောဇဉ်ကြိုးအမှတ်မထင်ရစ်ပတ်ပြီး ခွဲမရခွာမရဖြစ်ခဲ့ရသော သင်္ကြန်ဇာတ်လမ်းတွေကလည်း မန်္တလေးမှာယဉ်ယဉ်ကျေးကျေး ရှိခဲ့ဖူးလေတာ့ ပို၍အမှတ်ရတာပေါ့။ဒီလိုနှင့်ဆင်နွှဲခဲ့ကြသော မန်္တလေးသင်္ကြန်သည် ၁၉၄၂ ခုနှစ်ရောက်တော့ ကမ်္ဘာစစ်မီးကြောင့် ထီးမွေနန်းမွေမီးလောင် သာသနိကအဆောက်အအုံများ ဗုံးဆံထိ ရပ်ကွက်လူနေအိမ်ခြေတွေ ပြာပုံအတိရောက်ရလေသောအခါ သင်္ကြန်သည်မန်္တလေးမှခတ်္တခဏခွဲခွာရပြန်သည်။၁၉၄၅ ဒုတိယကမ်္ဘာစစ်ကြီးအပြီး ရန်ဘေးရန်စွယ်ကင်းရှင်းလေသောအခါ အနယ်နယ်အရပ်ရပ်သို့ ပြန့်ကျဲရောက်ရှိနေသည့် မန်္တလေးသားတွေ ကိုယ့်အိမ်ကိုယ့်ရာပြန်အဝင်မှာ လောကဓံ၏ထိုးနှက်ချက်ကြောင့် စိတ်ပျက်လက်ပျက်မဖြစ်ရလေအောင်““ မန်္တလေးဆိုရွှေမြို့၊တို့ရတနာပုံနေပြည် တင့်တယ် သာယာစည်ကား ဟိုတုန်းအခါကပေ အဲဒါတွေမတွေးကြနဲ့ ရှေ့ဆက်ခါစီမံကြံစို့လေ မေ့မေ့ပျောက်ပျောက်အောက်မေ့လို့နေ တိုက်တာအိမ်ခြေစည်းစိမ်ရှင်တွေ လူကြံရင်ခံနိုင်ဘူး အထူးပင်မှတ်ကြပေ။အရင်လိုပျော်ပျော်ရွှင်ရွှင်နေ မြို့မအသင်းက ပြောပေဖြစ်ဟဲ့ဆိုဖြစ်ရမယ်တဲ့ တက်ခေတ်လူငယ်များ အားအင်တောင့်တင်းပေ ””ဟု စိတ်ဓာတ်မြှင့်တင်ပေးခဲ့သည်။ဒါပေမယ့် ၁၉၄၅ နှင့် ၁၉၄၆ သင်္ကြန်ကိုတော့ အရင်လိုပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနိုင်ဖို့ အရှိန်ယူဆဲကာလဖြစ်သည်။၁၉၄၇ ခုနှစ်ရောက်တော့ မန်္တလေးသင်္ကြန်၏အစဉ်အလာကောင်းတွေ ပြန်လည်ဖော်ထုတ်ဖို့မြို့မိမြို့ဖများနှင့် ပညာရှင်များ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ခဲ့ကြသည်။မည်သူ၏ တိုက်တွန်းချက်မှမပါဘဲ မည်သူ၏စည်းရုံးလှုံ့ဆော်မှုမှမပါဘဲ မန်္တလေးသင်္ကြန်အတွက် မန်္တလေးသားတိုင်း အားတက်သရောကြိုတင်စီစဉ်ကြသည်။တစ်လကျော်မှကြို၍ သီချင်းသစ်တွေစပ်ကြ၊ တီးလုံးသစ်တွေဖွဲ့ကြ၊ အကသစ်တွေတိုက်ကြ၊ ယာဉ်တွေမဏ္ဍပ်တွေ ကြိုတင်စီစဉ်စိတ်ကူးကြသည်။

တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြိုင်ကြဆိုင်ကြမှာမို့ အားလုံးလျှို့လျှို့ဝှက်ဝှက်……။မန်္တလေးပရိသတ်ကတော့ သည်အရာတွေ အားလုံးသိလိုကြသည်။ ထို့ကြောင့် မန်္တလေးမြို့ထုတ် လူထုသတင်းစာက သင်္ကြန်အဖွဲ့များ၏သတင်းတွေကို သင်္ကြန်မတိုင်မီ တစ်ဖွဲ့ချင်းအလိုက် ထုတ်ပြန်ပေးခဲ့သည်။ လွတ်လပ်ရေးအကြိုကာလမို့ အများစုသင်္ကြန်အဖွဲ့တွေက လွတ်လပ်ရေးနှင့် ဆက်နွှယ်သည့် အမှတ်လက်္ခဏာများပါသော အနုပညာများဖြင့် ၁၉၄၇ သင်္ကြန်ကိုဆင်နွှဲကြမည်ဆိုတာ လူထုသတင်းစာ၏ သတင်းပေးချက်မှ သိရှိရသည်။သုံးရောင်ခြယ်အလံတွေပါသည်။

ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းကို ပြန်လည်အမှတ်ရစေမည့် အထိမ်းအမှတ်တွေပါမည်။ လွတ်လပ်ရေးကိုတိုက်ယူကြဖို့ လှုံ့ဆော်မှုတွေပါသည်။ အမျိုးသားလက်္ခဏာဖြစ်သော ဥဒေါင်းရုပ်၏ အပြင်အဆင်မျိုးစုံပါသည်။ထို့ပြင် သီချင်းတွေ သံချပ်တွေကိုလည်း ကြိုတင်ဖော်ပြသတင်းပေးလာသည်။၁၉၄၇ ခု ဧပြီလ၁ဝရက်နေ့ လူထုသတင်းစာမျက်နှာဖုံးမှာတော့ မန်္တလေးသင်္ကြန်တွင်နှစ်စဉ်ဆင်နွှဲခဲ့သော မြို့မအသင်း၏အလှပြယာဉ်ဒီဇိုင်းပုံနှင့် ထိုနှစ်အတွက်သီဆိုမည့်သီချင်းသစ်တွေ၏ စာသားများလည်းပါဝင်သည်။ယနေ့တိုင်မြန်မာသင်္ကြန်၏ အမှတ်လက်္ခဏာဖြစ်နေသော ရွှေမန်းတောင်ရိပ်ခို(မြနန်္ဒာ) သီချင်း၏ စာသားများလည်း လူထုသတင်းစာမျက်နှာဖုံးတွင် ပါရှိခဲ့သည်။
ထိုသီချင်းနှင့်အတူ ““အေးအေးချမ်းချမ်းလောင်းစမ်းအတာရေ”အစချီ အေးအေးချမ်းချမ်းသီချင်း၊“ရေလောင်းရေပက်ခံလာတယ် သူငယ်ချင်းရင်းရယ်တဲ့ လုံမေရယ်” အစချီ ရေလောင်းရေပက်သီချင်းစာသားတွေလည်း ပါဝင်၏။ ထိုသီချင်းများအားလုံး မြို့မငြိမ်းက ရေးစပ်ခဲ့သည်။ ထို့အတူ ““ပျော်ပါစေမယ် သင်္ကြန်မယ်အလှရယ် ရေပက်ခံမယ်”အစချီ သင်္ကြန်သီချင်းလည်း ပါသည်။ ထိုသီချင်းကို ဦးဘသိန်း(မန်္တလေး)က ရေးစပ်ခဲ့သည်ဟု သိရှိရသည်။ ၁၉၄၇ ခုနှစ် တစ်နှစ်တည်းမှာပင် အသင်းပေါင်းများစွာအတွက် ဆရာမြို့မငြိမ်းက သင်္ကြန်သီချင်းပေါင်း အပုဒ်နှစ်ဆယ်ကျော် စပ်ပေးခဲ့သည်ဟု သိမှီသူများက ပြောပြသည်။ထိုနှစ်က မန်္တလေးမှာ သင်္ကြန်အဖွဲ့ပေါင်း ရာကျော်ရှိသတဲ့။ လေးပြင်လေးရပ်အပြတိုင်းမှာ သင်္ကြန်အဖွဲ့တွေရှိနေသည့် သဘောဖြစ်သည်။ တစ်မြို့လုံးသင်္ကြန်တေးသံတွေ ကောင်းကင်ယံကိုပင့်တင်ထားမည့်အချိန် ဖြစ်မှာပေါ့။
x        x        x        x        x
၁၉၅ဝ ခုနှစ်မှာတော့ မန်္တလေးမှာထိုစဉ်ကနိုင်ငံတော်သမ်္မတကြီးကိုယ်တိုင် လာရောက်ပြီး ငြိမ်းချမ်းရေးသင်္ကြန်အဖြစ် ဝှဲချီးကျင်းပပြန်၏။သည်နှစ်မှာလည်း တစ်မြို့လုံးသင်္ကြန်အဖွဲ့ပေါင်းရာကျော်ဖြင့် ခြိမ့်ခြိမ့်သဲခဲ့သည်။ ထိုနှစ်က ဆရာမြို့မငြိမ်း အပါအဝင် မြို့မအဖွဲ့သားအချို့က ရန်ကုန်သင်္ကြန်သို့လည်း သွားရောက်ခဲ့သည်။

ရန်ကုန်ရောက်မန်္တလေးသားများ ဦးစီးခဲ့သည့် ရွှေမန်းရေယာဉ်အမည်ရှိ အလှပြယာဉ်နှင့် မြို့မငြိမ်းကိုယ်တိုင်လိုက်ပါပြီး ရန်ကုန်သင်္ကြန်ကိုဆင်နွှဲခဲ့သည်။ရန်ကုန်တွင် ၁၉၄၇ ခုနှစ်က မြို့မငြိမ်းစပ်ဆိုခဲ့သော ရွှေမန်းတောင်ရိပ်ခိုသီချင်းကို မြို့အနှံ့လှည့်လည်ဖျော်ဖြေခဲ့ရာ လူကြိုက်များထင်ရှားသွားခဲ့သည်။ ထို့ကြောင့် ထိုသီချင်းကို ဘီဒီဘရားသားစ်အဖွဲ့က တက်ယူပြီး သူတို့ဘီဒီဘရားသားစ်အဖွဲ့နှင့်အတူ အဆိုတော်ကိုအံ့ကြီးက ပြန်လည်သီဆိုခဲ့သတဲ့။
 

၁၉၅၁ သင်္ကြန်က ပြည်ထောင်စုသင်္ကြန်တဲ့။ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် မန်္တလေးသင်္ကြန်ကို လာရောက်ဆင်နွှဲခဲ့သည်။

အသက်ခြောက်ဆယ်ကျော်ခုနစ်ဆယ်ကျော်အရွယ် မန်္တလေးသူမန်္တလေးသားတိုင်း ယနေ့တိုင်တသသဖြစ်ခဲ့ရသည့် သင်္ကြန်ပေါ့။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဦးစီးသည့် ကျားခေါင်းကြီးနှင့်အလှပြယာဉ်ကိုလည်း ယနေ့တိုင်သတိရကြဆဲဖြစ်သည်။ထို့နောက် အခြားသင်္ကြန်အဖွဲ့ပေါင်းများစွာ၏ မြင်ကွင်းတွေကိုလည်း အမှတ်ရကြဆဲ။သပြေခက်ဖြင့် ရေပက်ခဲ့ကြသည့် အစဉ်အလာရှိသော မန်္တလေးသင်္ကြန်ဟာ ထိုနှစ်တွေက မီးသတ်ပိုက်ဖြင့် ကြမ်းကြမ်းတမ်းတမ်းရေကစားခဲ့သော ဈေးချိုအနီးက ဒလကြမ်းရေပက်အဖွဲ့နှင့် ဝါးတန်းရပ်က ခင့်အသဲစွဲရေပက်အသင်းတို့ကိုလည်း အမှတ်ရကြဆဲဖြစ်သည်။ထိုနှစ်က ဝင်းလိုက်မယ်မှ နာမည်ကျော်သင်္ကြန်မယ်၊ရတနာနတ်မယ်ကိုလည်း မှတ်မိနေကြသည်။ မြို့မငြိမ်း၊ တောင်မြို့ဦးကိုလေးနှင့် မြို့မအသင်းသားအချို့က တောင်မြို့အမှတ်(၈)ဘတ်စ်ကားလိုင်းမှ ဒရိုင်ဘာ၊စပယ်ယာတွေကို ဘူးသီးခြောက်၊ ဝါးပုလွေ၊ သံစည်ပိုင်းများဖြင့် ဝိုင်းဖွဲ့တီးမှုတ်ပြီး ထူးခြားစွာရေသဘင်ပွဲဆင်နွှဲခဲ့သော အဖွဲ့ကိုလည်း ယနေ့တိုင်ပြောစမှတ်ဖြစ်ကြဆဲ……။
x        x        x        x        x
အဆိုပါသင်္ကြန်များက ကျွန်တော်မမှီလိုက်သော သင်္ကြန်များဖြစ်သည်။ဦးလေးအရွယ်၊အကိုအရွယ်တွေပြောသမျှ တအံ့တသြ နားထောင်ရသည်။ ၁၉၈ဝကျော်ကာလရောက်မှ ကျွန်တော်လည်း လောက်လောက်လားလားဖြစ်သည်။ သည်တုန်းကတော့ ဝင်းဦးသင်္ကြန်ပေါ့။ အဲဒီကာလဝင်းဦးဆိုတာ နံပတ်ဝမ်းတစ်ဂဏန်းတစ်ဖြစ်သည်။ ဒါပေမယ့် သည်လိုအနုပညာရှင်ကြီးက ဘယ်ရွေ့ဘယ်မျှရမှ သီချင်းဆိုမယ် လာရောက်ဖျော်ဖြေမယ်ဆိုတာမျိုး မရှိခဲ့။ ကိုယ့်စားရိတ်ကိုယ်စားပြီး မြို့မအသင်းသို့ပင် အချို့သောပစ်္စည်းများလှူဒါန်းကာ မန်္တလေးသင်္ကြန်ကို လာရောက်ခဲ့ခြင်းဖြစ်သည်။ ဆိုလိုတာက အနုပညာရှင်စစ်စစ်က အနုပညာစစ်စစ်၏တန်ဖိုးကို သိနားလည်သောကြောင့် တန်ဖိုးထားပူးပေါင်းခြင်းပဲ ဖြစ်ပါသည်။

စီးပွားရေးမပါ၊ကြော်ငြာသဘောမသက်ရောက်ခဲ့။
x        x        x        x        x
ထိုစဉ်က မန်္တလေးသင်္ကြန်ဆိုတာကလည်း လေးပြင်လေးရပ်မြို့လုံးကျွတ် ဝှဲချီးစည်ကားခဲ့သော ဂီတပွဲတော်သင်္ကြန်ကြီး ဖြစ်ခဲ့သည်။ သီချင်းဂီတတို့နှင့်အတူ ခေတ်ကိုထိမိစွာ ဖော်ထုတ်သရော်နိုင်သည့် သံချပ်တွေလည်း ခေတ်စားခဲ့သည်။ယနေ့တိုင် လေလှိုင်းမှ ကြားနေရသော သင်္ကြန်သံချပ်သည် ၁၉၈ဝ ကျော်ဝန်းကျင် မန်္တလေးသင်္ကြန်၏ သံချပ်အမွေအနှစ်ပဲဖြစ်သည်။ထိုစဉ်က အမျိုးသမီးမဏ္ဍပ်တွေကလည်း ကြီးမားခံ့ညားစွာ မန်္တလေးသင်္ကြန်ကို ဂုဏ်တက်စေသည်။ မြို့မကဲ့သို့သော ဂီတ အလှယာဉ်များကလည်း အပြိုင်အဆိုင်ဖြစ်သည်။ တစ်သက်နှင့်တစ်ကိုယ် မှတ်မှတ်ရရဖြစ်ခဲ့ရသည့် မန်္တလေးသင်္ကြန် မြင်ကွင်းများကိုလည်း အဆိုတော်ရုပ်ရှင်မင်းသားဒါရိုက်တာ စာရေးဆရာ ဝင်းဦးက ဆယ်စုနှစ်တစ်နှစ်စွန်း မန်းသင်္ကြန်ဟူသော စာအုပ်ထူကြီးဖြင့် ထိထိမိမိမှတ်တမ်းတင်ခဲ့သည် မဟုတ်လော။
x        x        x        x        x
လတ်တလော ကျွန်တော်တို့ဖြတ်သန်းနေရသည့် ဆယ်စုနှစ်သင်္ကြန်များကိုရော နောင်လာနောင်သားများအတွက် မည်သည့် မြင်ကွင်း၊ မည်သည့်သီချင်း၊ မည်သည့်အနုပညာ၊ မည်သည့်အကြောင်းအရာများဖြင့် မှတ်တင်းတင်ကြရပါ့။ ဒါထက် မနှစ်ကသင်္ကြန်မှာ ဘယ်သူတွေဘယ်မှာဘာသီချင်းတွေ……..မမှတ်မိတော့။မသိတော့….။…… တော့။…………….တော့။…………..

 

သံဝရ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>