မန္တလေးအတွက် နှစ် ၁၅ဝ ပြည့်လက်ဆောင် ဘယ်သူတွေက ဂုဏ်ယူစွာ ပေးအပ်လေမလဲ

အသက်ကြီးလာမှ ပိုမိုကျယ်ပြန့်အင်အားကြီးလာတဲ့မန္တလေး၊

မန္တလေးအတွက် နှစ် ၁၅ဝ ပြည့်လက်ဆောင်
ဘယ်သူတွေက ဂုဏ်ယူစွာ ပေးအပ်လေမလဲ

““အရင်တစ်ခေါက်ကနဲ့ကို မတူတော့ဘူးနော်၊ မမှတ်မိလောက်အောင်ပြောင်းလဲသွားတာပဲ ”” ဟူသောစကားမှာ မန္တလေးသို့တစ် ကြော့တစ်ပြန် ပြန်လည်ရောက်ရှိလာသူတိုင်း၏ လက်သုံးစကားဖြစ်ခဲ့သည်။ မန္တလေး၌ နေထိုင်သူပင်လျှင် အိမ်တွင်းပုန်းနေမိပြီး မဖြစ်မနေ အပြင်ထွက်မိပါက ရုတ်ခြည်းပြောင်းလဲသွားသော မြင်ကွင်းကိုကြည့်ရှု၍ ပြောင်းလဲခြင်းတရားကို ဆင်ခြင် မိသူချည်းဖြစ်ကြရ၏။
တကယ်တော့ မန္တလေးသည် (၁၄၆) နှစ်သက်တမ်းကို ဖြတ်သန်းခဲ့သော မြို့တစ်မြို့ဖြစ်သည်။ ခရစ်နှစ် ၁၈၅၆ ခုနှစ်တွင် ရန်ကုန်မြို့၏မြောက်ဘက် ကီလိုမီတာ ၇ဝဝ အကွာ၊ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းခြေရှိ ကျယ်ပြန့်သော မြေအပြင်ရှိရာ မြောက်လတ္တီ ကျုဒ် ၂၁ံ- ၅၈ ၊ အရှေ့လောင်ဂျီကျုဒ် ၉၆ံ- ဝ၄ ဆုံရာအရပ်၌ မင်းတုန်းမင်းတြားကြီးက မန္တလေးကို စတင် တည်ထောင်ခဲ့သည်။ အမရပူရမြို့တော်ဟောင်း၌ မင်းတုန်းမင်းနန်းတက်သော ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက အောက်မြန်မာပြည်ရှိ မြို့တော်ရန်ကုန်ကို ကပ္ပတိန်ဖရေဇာက ခေတ်မီမြို့သစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်နေသောကြောင့်၊ ဝါးကပ်နှင့် သစ်သားအိမ်များပေါများကာ လမ်း များကျဉ်းမြောင်းပြီးဘေးအန္တရာယ်လည်းနီး၊ ကျန်းမာရေးနှင့်လည်းဆန့်ကျင်သော အမရပူရမြို့ဟောင်းကို စွန့်ခွာကာ အောက်မြန်မာပြည် နည်းတူမြို့သစ်နန်းသစ်တည်ထောင်လိုသောဆန္ဒမှာ မင်းပျိုမင်းလွင်တိုင်း ရှိနေမည်မှာ သေချာသည်။
ထို့ကြောင့် ဝန်ကြီးများအစုံအညီ သဘောတူညီမှုဖြင့် ခရစ်နှစ် ၁၈၅၆ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် မန္တလေးမြို့သစ်စီမံကိန်းကို ချမှတ်ခဲ့သည်။ ခရစ်နှစ် ၁၈၅၆ ခုနှစ်သည် သာသနာနှစ် ၂၄ဝဝ နှင့် ကိုက်ညီသဖြင့်လည်း ထိုနှစ်၌ ဆန္ဒတော်ကို အပြီးသတ်အဆုံးအဖြတ်အတည်ပြုခြင်းဖြစ်၏။
မြို့သစ်နန်းသစ်နှင့် ပတ်သက်၍ လုပ်ဆောင်ဖွယ်ရာအသီးသီးကို ဆောင်ရွက်ပြီးနောက် မြို့တည်မော်ကွန်းတွင် မြန်မာကောဇာ သက္ကရာဇ် ၁၂၂၁ ခု (ခရစ်နှစ် ၁၈၅၉ ခု၊ သာသနာနှစ် ၂၄ဝ၃ ခု)တွင် မန္တလေးမြို့တည်ပြီးကြောင်း မှတ်တမ်းတင်ရေးထိုးခဲ့သည်။ ၁၈၅၉ ခု သြဂုတ်လ (၁) ရက် (၁၂၂၁ ခု ဝါခေါင်လဆန်း ၃ ရက်) နေ့စွဲပါ “ ကောင်ဟင်နရီဒီစာစီ ” ထံမှ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး “ကောင့်ဝါလူး စကီ” ထံပေးစာတွင် “မကြာမီမြန်မာပြည်အကြောင်းအပြည့်အစုံကို ဝန်ကြီးမင်းထံတင်ဆက်ပါမည်။ ပြန်လည် ရေးဆွဲထားသော မြန်မာပြည် မြေပုံနှင့်တကွ မင်းနေပြည်တော်၏ ပန္နက်ပုံကိုပါပို့ပါမည်။ မင်းနေပြည်တော်သည် အင်္ဂလိပ်၏ အမြောက် ကျည်ဆံအန္တရာယ်မှ ဝေးစေရန် ရွှေ့ပြောင်းစံနေသော မြို့တော်ဖြစ်ပါသည်” ဟုဖော်ပြထားကြောင်း “
ဗီဗီယန်ဘ” က “ကောင့်ဟင်နရီဒီစာစီ၏ လျှို့ဝှက်သောပစ်ရှင်” စာတမ်းတွင် ရေးသားထားသည်။
အသစ်တည်မန္တလေးသည် ရွှေကြိုးသတ်နယ်မြေသဘောအရ တောင်အလား ဒုဋ္ဌဝတီမြစ်၊ မြောက်အလား မတ္တရာမြစ်၊ အရှေ့အလား နတ်ထိပ်တောင်ရိုးအထိ၊ အနောက်အလား ဧရာဝတီမြစ်တို့ဖြစ်ကြောင်း ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ ကောဇာသက္ကရာဇ် ၁၂၁၈ ခု တပို့တွဲလပြည့်ကျော် ၅ ရက်နေ့ထိုးကျောက်စာတွင် အသေးစိပ်ရေးထိုးထားသည်။ ကျောက်စာပါနယ်မြေဒေသများကို မြေပုံအမျိုးမျိုးဖြင့် အတိအကျပင်မြစ်၊ ချောင်း၊ အင်းနှင့် တူးမြောင်း၊ ဆည်၊ ကန်၊ ကျေးရွာအမည်များဖြင့် ပြည့်ပြည့်စုံစုံ ရေးဆွဲ ဖော်ပြထားကြ၏။ ရှေးမြန်မာ မြေပုံရေးဆွဲပုံစနစ်အတိုင်း စကေးကိုက်အကွာအဝေး၊ အကျယ်အဝန်းပြမဟုတ်ဘဲ ပကတိအရှိမျက်မြင်ကို သရုပ်ဖော်ရေးဆွဲသည့် မြေပုံများ ဖြစ်သည်။

ထိုမြေပုံများအရ မန္တလေးရွှေကြိုးသတ်နယ်နိမိတ်မှာ အလျားမိုင် ၃ဝ ၊ အနံ ၈ မိုင်မျှကျယ်ဝန်းသည်ကို တွေ့ရပေမည်။ ကျုံး လေးဘက် လေးတန် ကာရံ၍ အုတ်မြို့ရိုးကြီးဖြင့် စတုရန်းကျကျ တည်ဆောက်ထားသော နန်းမြို့တော်ကြီးမှာ တစ်ဘက်လျှင် တာ ၆ဝဝ အညီအမျှဖြင့် စုစုပေါင်း တာ ၂၄ဝဝ ရှိ၏။ မြို့တည်သည့် သာသနာသက္ကရာဇ် ၂၄ဝဝ ကို အမှတ်အသားပြုခြင်းဖြစ်သည်။ (တစ်တာလျှင် ခုနစ်တောင်၊ တစ်တောင် ၁၉ လက္မဖြင့်တွက်လျှင် မြို့ရိုးတစ်ဘက် ၁ မိုင် ၂ ဖာလုံ ၅၅ ကိုက်မျှရှိပြီး လေးဘက်ပေါင်း ၅ မိုင် နှင့် ၁ ဖာလုံရှိသည်။) မြို့တော်တွင်း၌ တာ ၅ဝ လျှင်တစ်ပြ (ပေ ၅၅ဝ ကျော်) ဖြင့် အရှေ့အနောက်တောင်မြောက် ၁၂ ပြစီဖြင့် စတုရန်း ပြကွက်ကြီးပေါင်း ၁၄၄ ကွက်လျာထားသည်။ မြို့ပြင်၌လည်း ၎င်းအတိုင်း အထွာပြများ အတိုင်းလမ်းများဖောက်ကာ အရှေ့အနောက်တောင် မြောက်ကန့်လန့်ဖြတ်လမ်းများဖြင့် စတုရန်းပုံဝင်းကြီးများကို ဖွဲ့စည်းသည်။
မန္တလေးတောင်တော်၏ အရိပ်ကိုခိုလှုံသည့် နိမိတ်ကိုဆောင်သည့်အနေဖြင့် နန်းမြို့တော်ကမြောက်ဖျားမန္တလေးတောင်ခြေ၌ တည် ရှိပြီးမြို့၏ အခင်းအကျင်းက တောင်မြောက်အလျား ၆ မိုင်ခွဲခန့်၊ အရှေ့အနောက်အနံ ၄ မိုင်ခန့်ရှိသောကြောင့် စတင်တည်စဉ်က မန္တလေး၏ အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင် ၂၄.၆၅ ခန့်ရှိသည်။ မြို့ကို လေးပြင်လေးရပ်ခွဲခြားသတ်မှတ်ကာ အရပ်ဦးရေ(၅၄) ဌာနကိုအမည် သမုတ်ခေါ်တွင်စေခဲ့၏။ နန်းတော်ကို ဗဟိုပြု၍ နန်းမြို့ရိုး၏အရှေ့ဘက်ပိုင်းကို အရှေ့ပြင်၊ အနောက်ဘက် ကျသော အပိုင်းကို အနောက်ပြင်၊ မြောက်ဘက်ကျသောအပိုင်းကို မြောက်ပြင်ဟု အကြမ်းဖျဉ်းသတ်မှတ်သည်။
အတိအကျဆိုရပါမှု အရှေ့ဘက်မြို့ရိုးနှင့် အနောက်ဘက်မြို့ရိုးကိုမှုတည်ပြီး အရှေ့ဘက်မြို့ရိုးအတိုင်းတောင်မြောက်မျဉ်းဖြောင့် ဆွဲ၍ မျဉ်းအရှေ့ဘက်ကို အရှေ့ပြင်၊ မျဉ်းအနောက်ဘက်ကို တောင်ပြင်သတ်မှတ်သည်။ ထို့အတူ အနောက်မြို့ရိုးအတိုင်းတောင်မြောက် မျဉ်းဖြောင့်တစ်ကြောင်း ဆွဲစေပြန်ပြီး မျဉ်းအနောက်ဘက်ကို အနောက်ပြင်၊ မျဉ်းအရှေ့ဘက်ကို တောင်ပြင်သတ်မှတ်ပြီး၊ မြောက်ဘက်တွင် မှု အနောက်ဘက် မြို့ရိုးအလိုက်မဟုတ်ဘဲ မြောက်ဘက် မြို့ရိုးအတိုင်း အရှေ့သို့လေးပြ တိတိတက်ပြီးမှ မြောက်တည့်တည့် မျဉ်းဖြောင့် ဆွဲစေသည်။ထိုမျဉ်းဖြောင့်နှင့် အရှေ့မြို့ရိုးမျဉ်းဖြောင့်ကြားမှာ မြောက်ပြင်ဖြစ်၏။
ထို့ကြောင့် အရှေ့ပြင်တွင် ရပ်ကွက်ကြီး(၇)ကွက်၊ တောင်ပြင်တွင် ရပ်ကွက်ကြီး (၁၃)ကွက်၊ အနောက်ပြင်တွင် ရပ်ကွက်ကြီး (၂၉)ကွက်နှင့် မြောက်ပြင်တွင် ရပ်ကွက်ကြီး (၅)ကွက်ဖြင့်ဖွဲ့စည်းထားပြီး စုစုပေါင်းရပ်ကွက် (၅၄)ကွက်ရှိသည်။ (၅၄)ကွက်စလုံးလည်း လှပခံ့ညားနန်းဆံသော နာမည်များပေးခဲ့၏။ ယခုတိုင်ထိုရပ်ကွက်များမှာမူ နာမည်များတိမ်မြုပ်ပျောက်ကွယ်သွားကြ၏။ ဥပမာ- ဝိဇယမဟီ၊ ဇေယမင်္ဂလာ၊ ဘူမိဇေယာ၊ ဇမ္ဗူ့ကြငှန်း၊ တုလွတ်ရန်အောင်၊ ဘေးမဲ့လွတ်ရှောင်၊ ကျွန်းလုံးကြေညာ၊ ဘုန်းတော်ရောင်၊ မြကျွန်းတန်ဆောင်၊ မြနန်းအောင်မြေ၊ မြနန်းစံရာ၊ မြနန်းဘုံသာ၊ မြကျွန်းမြေငူ….ဟူသည့်အမည်နှင့်ရပ်ကွက်များဖြစ်သည်။ (၅၄)ကွက်သော ရပ်ကွက်ကြီးများ အပါအဝင် လေးပြင်လေးရပ်ဖြင့်ဖွဲ့စည်းထားသည်။ မြို့ကြီးကို ထုဆယ်တာ(ပေ ၁၂ဝ နီးပါး)ထိပ်ပြင်ခြောက်တာ(ပေ ၇ဝ ကျော်)၊ အမြင့် သံဆယ်တောင် (၁၈ ပေနီးပါး)ရှိပြီး တံခါး(၅၇) ရပ်ပါဝင်သည့်အပြင် မြေမြို့ရိုးကြီး ဖြင့်ကာဆီးထားသည်။
ထိုစဉ်က မန္တလေးမြို့ရှိလူဦးရေမှာ တစ်သိန်းကျော်မျှရှိသည်ဟုဆို၏။ သက္ကရာဇ် ၁၂၄၆ ခု၊ သီတင်းကျွတ်လ သီပေါဘုရင် မင်းမြတ်၏ သမီးတော်နားတွင်းမင်္ဂလာအခမ်းအနားတွင် ဆုတော်သနားရန် မြို့တွင်းမြို့ပြင်နေကျားယမယကြီးယငယ်လူဦးရေတစ်သိန်း ကျော်စာရင်းကိုလည်း ဆက်သွင်းစေသည်ဟု ကုန်းဘောင်ဆက်မဟာရာဇဝင်တွင် ရေးသားထားသည်။ ထို့ကြောင့် လက်ထက်တော်ကြီးနှင့် လက်ထက်တော်လေးတွင် မန္တလေးလူဦးရေစာရင်းမှာ မကွာခြားလှပေ။
ပါတော်မူပြီးနောက် ၁၈၈၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အင်္ဂလိပ်ကော်မရှင်နာမင်းကြီး မစ္စတာဘားနဒ်သည် မန္တလေးသို့ ရောက်လာပြီး မြို့ပြအုပ်ချုပ်ရေးကို ဒဗြူတီကော်မရှင်နာလက်အောက်ထားလိုက်သည်။ ၁၈၈၇ ခုနှစ်တွင် မန္တလေးမြူနီစီပယ်ကို စတင်ဖွဲ့စည်း ကာ လမ်းများကို ကျောက်ခင်းသည်။ တယ်လီဖုန်းသွယ်သည်။ မြို့ကို တိုင်းတာသည်။ လေးထောင့်စပ်စပ်ဝင်းများ အလယ်တွင် မြန်မာမင်း စိုးရာဇာများက နေထိုင်ပြီး အပြင်တန်းမှ အေ>ခအရံများက တဲအိမ်လေးများဖြင့်ဖြစ်သလိုနေထိုင်ကာ အမြဲတစေညစ်ပတ်ပေရေနေသောမြို့အား တဲအိမ်များကို  ဖျက်သိမ်းကာ အိမ်ကြီးအိမ်ကောင်းများ တည်ဆောက်စေခြင်း၊ ဥရောပတိုက်သားများ၏ နေအိမ်နှင့်ရုံးပြင်ကန္နားများကို တိုက်တာ အိမ်ရာများဖြင့်ဂရန်ချထားပေးခြင်းများဆောင်ရွက်ခဲ့သည်။ လမ်းမိုင် ၆ဝ ကို ကျောက်ခင်းသလို တပင်တိုင်မှန်အိမ်လမ်းမီးများလည်းထွန်းညှိ ပေး၏။ ပထမတန်းစားရေမြောင်းများလည်း အရှည်မိုင် အတော်များများ ဖောက်ပေးထားသည်။ ၁၈၈၉ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မှ မီးရထားလမ်းဖောက်လုပ်ဖွင့်လှစ်ခဲ့သည်။ ၁၉ဝ၄ ခုနှစ်တွင် ဓာတ်ရထားများလည်း ပြေးဆွဲစေခဲ့သည်။ ထိုနှစ်တွင် ဈေးချိုတော်ကိုလည်း အီတလီမီလစ်မြို့မှ နမူနာယူကာ အုတ်တိုက်ရုံကြီးများတည်ဆောက်ခဲ့သည်။
အင်္ဂလိပ်ခေတ်ဦး မန္တလေးတွင် မင်းပြောင်းမင်းလွဲကြောင့် မြို့လူထုအချို့မှာ ဇာတိရပ်ရွာများသို့ ရှောင်တိမ်းဆုတ်ခွာကြသလို ၁၉ဝ၄-ဝ၅ ခုနှစ်ဝင်းကျင်ကစ၍ နှစ်စဉ်ပလိပ်ရောဂါကြီးမှန်မှန်ဖြစ်ပွားသောကြောင့် လူဦးရေ၏ ၃ ပုံ ၁ ပုံမှာ အထက်ပိုင်းမြို့များသို့ ပြောင်းရွှေ့ကြသည်။
၁၉၄၂ ခုနှစ် ဧပြီ ၃ ရက်နေ့ ဂျပန်ဗုံးကြဲပြီး မေလ (၁) ရက်နေ့တွင် မန္တလေးကို ဂျပန်သိမ်းပိုက်သည့် တစ်လအတောအတွင်းမှာပင် ဆေးရုံများ၊ ဂတ်တဲ(ရဲဌာန)များ၊ ကြေးနန်းရုံများ၊ ဘူတာ၊ မီးသတ်၊ ဓာတ်အားပေးရုံ၊ စာသင်ကျောင်းများနှင့် လူနေအိမ်ခြေအများအပြား မီးလောင်ပျက်စီးခဲ့ရပြီး မြို့နေလူအများလည်း မြို့အားစွန့်ခွာကြရသည်။
ထိုစဉ်က လူဦးရေမှာ တစ်သိန်းခွဲခန့်ပင်ရှိပြီး အိမ်ခြေ ၂၂ဝဝဝ ခန့်မျှရှိခဲ့ရာ စစ်ကြီးကြောင့် အိမ်ခြေ ၂ဝဝဝဝ ခန့်ပျက်စီးခဲ့ရသည်။
၁၉၄၅ ခုနှစ်ရောက်မှ မန္တလေးမှာ ပြန်လည်စည်ကားခဲ့၏။ ၁၉၄၅ ခု ဒီဇင်ဘာ (၁၉)ရက်နေ့တွင် မြို့လူထုကြီးအား အင်္ဂလိပ်အာဏာပိုင်များက မန္တလေးမြို့ပြစီမံကိန်းကို ရှင်းလင်းပြကြသည်။ ထိုလ (၃ဝ)ရက်နေ့တွင် မြို့မိမြို့ဘများနှင့် မြို့သူမြို့သားများက မြို့လုံးဆိုင်ရာအစည်း အဝေးကြီးကို နေသူရိန်ရုံကြီး၌ ကျင်းပပြီး ခေတ်မီနည်းအရ မန္တလေးမြို့ကြီးပြန်လည်တည်ဆောက်ရန် တောင်းဆိုစည်းဝေးကြသည်။
လွတ်လပ်ရေးရပြီးနောက် မန္တလေးတွင်လွတ်လပ်ရေးကျောက်တိုင်၊ သာသနာ့ဗိမာန်၊ ဆရာအတတ်သင်သိပ္ပံ၊ ဆေးသိပ္ပံ၊ ပြည်သူ့ဆေးရုံကြီးများပေါ်ထွန်းလာပြီး မန္တလေးတက္ကသိုလ်သည်လည်း သီးခြားတက္ကသိုလ်ဖြစ်လာခဲ့သည်။ ၂၄.၆၅ စတုရန်းမိုင်မျှရှိသော မြို့ဧရိယာ တွင် နန်းမြို့၏ အကျယ်စတုရန်းမိုင် ၆ မိုင်နှင့် ¤င်း၏အရှေ့ဘက်၊ မြောက်ဘက်တို့မှ ၆ မိုင်စတုရန်းမျှရှိသော နယ်မြေကိုစစ်မြေ(ကန်တော် မင်ဧရိယာ)အဖြစ် နှုတ်ကာ ကျန်မြေ ၁၂.၆၅ စတုရန်းမိုင်ကို မြူနီစီပယ်နယ်မြေအဖြစ်သတ်မှတ်ခဲ့သည်။ မြူနီစီပယ်ဧရိယာတွင် အရှေ့ပြင်၌ ရပ်ကွက်(၃)ကွက်၊ တောင်ပြင်၌ (၁၂) ကွက်၊ အနောက်ပြင်၌ အကွက်(၂ဝ) နှင့်မြောက်ပြင်မှ (၃)ကွက်၊ စုစုပေါင်း (၃၈)ကွက်ရှိသည်။
၁၉၅၁ ခုနှစ် ပါလီမန်ရွေးကောက်ပွဲကာလတွင် မန္တလေးကိုရပ်ကွက်အလိုက်မသတ်မှတ်တော့ဘဲ မန္တလေးမြို့မအရှေ့၊ မန္တလေးမြို့မ အနောက်ဟုသာ နှစ်ပိုင်းခွဲသတ်မှတ်ခဲ့သည်။ မြို့၏ဈေးများ၊ ရေပေးဝေပုံစနစ်၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးတို့တွင် သူ့အိုးသူ့ဆန် တန်ကာလုံလောက်နိုင်နင်းခဲ့သည်။
မန္တလေးမြို့တည်နန်းတည်နှစ် (၁ဝဝ)ပြည့်သော ၁၉၅၉ ခုနှစ်တွင် မြို့အကျယ်အဝန်းမှာ ၁၉.ဝ၈ စတုရန်းမိုင်၊ ရပ်ကွက်ကြီး ၃၈ ကွက်၊ အကွက်ပေါင်း ၉ဝဝ၊ အိမ်ခြေ ၃၅ဝဝဝ နှင့်လူဦးရေပေါင်း ၂ သိန်းခွဲနီးပါးရှိသည်ဟု ဆိုသည်။ ၁၉၅၂ ခုနှစ် သန်းခေါင်စာရင်းအရ စုစုပေါင်း ၁၈၅၈၆၇ ယောက်ရှိခဲ့သည်။
တော်လှန်ရေးအစိုးရလက်ထက် ၁၉၆၅ ခုနှစ်တွင် မန္တလေးကို (၄)မြို့နယ်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့၏။ (၁) အနောက်မြောက်မြိှု့နယ်၊ (၂) အနောက်တောင်မြို့နယ်၊ (၃) အရှေ့တောင်မြို့နယ်၊ (၄) အရှေ့မြောက်မြို့နယ်များဖြစ်သည်။ အမှတ်(၁)နယ်မြေ၊ အမှတ်(၂)နယ်မြေ၊ အမှတ်(၃)နယ်မြေ၊ အမှတ်(၄)နယ်မြေဟုလည်း သုံးစွဲသေး၏။ ၁၉၆၅ ခုနှစ်၏မြို့ပြဧရိယာမှာ ၂၅.၆၄ စတုရန်းမိုင်ရှိသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရလက်ထက် ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ (၁ဝ)ရက်နေ့တွင် မူလ(၄)မြို့နယ်ကို (၅)မြို့နယ်အဖြစ် အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သော မန္တလေးမီးကြီးများကြောင့် ရပ်ကွက်ဝင်းကြီးများအတွင်းမှ မူလအိမ်ခြေများအား ချမ်းမြသာစည် လေယာဉ်ကွင်းအရှေ့ဘက်ပဲဖြူကုန်းရွာအနီးနေရာချထားပေးရာမှ ကွက်သစ်များပေါ်လာခြင်းကို အခြေခံကာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မန္တလေးမြို့အတွင်းရွာနေပြည်ထိုင်ရပ် ကွက်ကြီးများ အလုံးအရင်းဖြင့် ရွှေ့ပေးကာ မူလကွက်သစ်များနှင့် တဆက်စပ်တည်းမြို့ကွက်သစ်များ ဖော်ထုတ်နေရာချထားပေးခြင်းများကြောင့် မန္တလေးမြို့အကျယ်အဝန်းဧရိယာမှာ ရုတ်ချည်း ပြောင်းလဲခဲ့သည်။ ထို့ကြောင့်လည်းမူလ(၄) မြို့နယ်ကို (၅)မြို့နယ်အဖြစ် တိုးချဲ့ခဲ့သည်။
၁၉၉၂ ခုနှစ်တွင် မြို့ဧရိယာမှာ ၄၁.၃၉ စတုရန်းမိုင်အထိကျယ်ဝန်းလာပြီး မြို့၏အရှေ့အနောက်ကန့်လန့်ဖြတ်လမ်းမကြီးများ ဖြစ်သော ၂၆ (ဘီ) (အာဇာနည်) လမ်း၊ ၃၅ အေလမ်း၊ သိပ္ပံလမ်းများကို အခြေခံကာမြို့နယ်များပိုင်းခြားခြင်းဖြစ်ပြီး၊ အောင်မြေသာစံ မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်ဟူ၍ အမည်သစ်မှည့်ခေါ်ခဲ့သည်။ ၁၉၉၇ ခုနှစ်အထိမြို့ကွက်သစ်များသို့မြို့တွင်းမှ အိမ်များနေရာချထားခြင်း၊ ဝန်ထမ်းအသီးသီးအား မြေကွက်သစ်များ ချထားခြင်း များကို အခြားစီမံကိန်းလုပ်ငန်းကြီးများထက်ပိုမိုဦးစားပေးဆောင်ရွက်ခဲ့သည်။ ဧကကွက်ကြီးများမှ အစပြုကာ ပေ ၁ဝဝ ပတ်လည် ပေ ၈ဝ_၆ဝ အကွက်၊ ပေ၄ဝ_၆ဝ အကွက်၊ ပေ ၃ဝ_၄ဝ အကွက်များအသီးသီးချထားပေးခဲ့ရာ အချို့မှာ ပေ ၁၅_၃ဝ အကွက်အထိ အသေးစိပ်ခဲ့သဖြင့် ပြောင်းရွှေ့နေထိုင်သူများအတွက် အခက်အခဲများလည်းရှိခဲ့သည်။ မန္တလေးသည် တစ်လျှောက်လုံး မြေကိုဖောသီစွာဖြင့် ကိုယ့်ဝင်းကိုယ့်ခြံ၌ ကိုယ့်သစ်ပင်ကိုယ်စိုက်ကာ အေးချမ်းစွာနေထိုင်ခဲ့ကြသည့်မြို့မို့ ယခုကဲ့သို့အသစ်ပြောင်းရွှေ့ရမည့်နေရာ၌ အနည်းဆုံး ပေ ၄ဝ_၆ဝ အကွက်များမှသာ အသက်ရှုဝကာ စိတ်လက်ကြည်သာစွာ နေနိုင်မည့်အကျယ်အဝန်းများဖြစ်သည်။ ယခုကဲ့သို့ ကွက်သစ်များ တိုးချဲ့ခြင်းနှင့်အတူ အနီးအနားအထက်မြန်မာပြည်တစ်လွှားမှ တောသူတောင်သားများကလည်းရေကြည်ရာမြက်နုရာဆိုသလို မန္တလေးသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာကြပြီး မြို့သစ်များ၌ ရရာနေရာတွင် စိတ်ပိုင်းဝယ်ယူနေထိုင်ကြ၏။
မြို့ပြင်ကွက်သစ်များ၌ မြန်မာအများစုဝင်ရောက်လာသကဲ့သို့ လစ်ဟာပြောင်းလဲသွားသော မြို့တွင်းသို့လည်း မန္တလေး-လားရှိုး လမ်းမကြီးအတိုင်း တိုင်းရင်းသားဆွေမျိုးပေါက်ဖော်အများစု ကူးသန်းရောင်းဝယ်ဖောက်ကားခြင်းအလို့ငှာ အများအပြားဝင်ရောက် လာကြသည်။ ၁၉၉၇ ခုနှစ်တွင် မန္တလေးမြို့၌ လူဦးရေ(၇၄၄၇၈၁)ဦးရှိသည်ဟု စာရင်းများကဆိုသည်။
မြို့၏အနောက်ခြမ်း၊ ဧရာဝတီမြစ်အရှေ့ခြမ်းတွင် ရတနာပုံခေတ် ကနောင်မင်းသားကြီးလက်ငုတ် ရတနာပုံသင်္ဘောကျင်းကြီးကို အခြေပြုပြီး အနီးအနားရပ်ကွက်များအတွင်း၌ သံရည်ကျိုအိမ်တွင်းမှုစက်မှုလက်မှုလုပ်ငန်းငယ်များအသီးသီးလည်း မြို့ပြအင်္ဂါနှင့်ညီညွတ် ရန်အတွက် စက်မှုဇုန်များအသစ်တည်ဆောက်ပြောင်းရွှေ့ခဲ့၏။ ဧရိယာအကျယ်အဝန်း ၉၆ဝ ဧကတွင် စက်မှုလက်မှုလုပ်ငန်းကြီး (၆ဝ)၊ အလတ် (၂၅)နှင့် အသေး (၆ဝဝ) ကျော်နေရာချထားပေးခဲ့သည်။ စက်မှုဇုန်များအတွက် မဂ္ဂါဝပ် (၁ဝ) စွမ်းအားရှိဓာတ်အားခွဲရုံလည်း ဖွင့်လှစ်ခဲ့သည်။
ထိုနှစ်မှာပင်ခန့်မှန်းဇုန်ကြီး (၈)ခုတွင် စီမံကိန်းအမျိုးအမည်ပေါင်း ၆၉ ခုပါဝင်ကာ ၁၈.၂၈ ဘီလီယံဒေါ်လာကုန်ကျပြီး ၂၅ နှစ် ကြာအကောင်အထည်ဖော်ရမည့် မဟာမန္တလေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကြီး (
The Greater Mandalay Structural Plan ) ကို ရေးဆွဲခဲ့၏။
မြို့၏အနောက်တောင်အစွန်၌ တက်သေးအင်းကြီးကို မန္တလေးကန်တော်ကြီးအမည်ပြောင်းပြီး ကန်တော်ကြီးစီမံကိန်း
Lake View City ကြီးအဖြစ် စတင်အကောင်အထည်ဖော်ခဲ့၏။ ယခုကမ်းနားမြို့ပတ် ၈ လမ်းသွားလမ်းမကြီးဘေး၊ ကန်တော်ကြီးအနောက် ခြမ်း ၄ ထပ်လူနေတိုက်ခန်းများမှာ ထိုစီမံကိန်းကြီး၏ကနဦးခြေလှမ်းများဖြစ်ခဲ့သည်။ ယခုအခါ မန္တလေးကန်တော်ကြီးမှာ ကန်လယ်လမ်း၊ ကန်ပတ်လမ်း၊ အပန်းဖြေဥယျာဉ်၊ ပျိုးခြံ၊ ပြည်ကြီးမွန်ဖောင်တော်များဖြင့် တင့်တယ်လှပနေပါပြီ။
၂ဝဝဝ ခုနှစ်နောက်ပိုင်းတွင် မြို့ကွက်သစ်များတိုးချဲ့ကာနေရာချထားမှုတွင် စက်မှုဇုန်များဆက်လက်အကောင်အထည်ဖော်မှု၌ ပိုမိုအားသာခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် မန္တလေးလူဦးရေမှာ (၈၃၇၆၈၅)ဦးအထိ တိုးတက်လာခဲ့၏။ ၂ဝဝ၃ ခုနှစ်တွင် မြို့ဧရိယာမှာ ၄၃.၉၄ စတုရန်းမိုင်ကျယ်ဝန်းလာပြီး ၂ဝဝ၄ ခုနှစ်၌ ၄၅ စတူရန်းမိုင်ရှိလာသည်။ လူဦးရေမှာ အောင်မြေသာစံမြို့နယ်၌ (၂၃၅၅၆၇)ဦး၊ ချမ်းအေးသာစံ မြို့နယ်၌ (၂၂၄၂၁၆)ဦး၊ မဟာအောင်မြေမြို့နယ်၌ (၂ဝ၅ဝ၃၂)ဦး၊ ချမ်းမြသာစည်မြို့နယ်၌ (၁၅၇၈ဝ၅)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်၌ (၅၂၆၃၂)ဦးနှင့် စုစုပေါင်းလူဦးရေ (၈၇၅၂၅၂) ဦးရှိသည်။ စက်မှုဇုန်များ၌ စက်မှုဇုန်(၁)တွင် လုပ်ငန်းကြီး (၆၅)၊ အလတ် (၂၈)၊ အသေး (၆၁၃)နှင့် စက်မှုဇုန်(၂)၌ လုပ်ငန်းကြီး (၃၈)၊ အလတ် (၈၈)၊ အသေး (၅၈ဝ)ရှိကာ ခေတ်မီသံရည်ကျိုစက်ရုံကြီးများပင် တည်ဆောက် လုပ်ကိုင်နေကြသည်။
မန္တလေးသည် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များ၏ ကုန်စည်စီးဆင်းမှုဆုံမှတ်သာမက တရုတ်နှင့်အိန္ဒိယ၏ နယ်စပ်ကုန
်သွယ်ရေးကုန်စည်ဖလှယ်ရေးအတွက် အချက်အချာကျသောနေရာဖြစ်သောကြောင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ မြို့ပြ၏ပြောင်းလဲမှုများ ကျွဲကူးရေပါဆက်စပ်ခဲ့သည်။ မန္တလေးမြို့သက် (၁ဝဝ) ၏ရှေ့ပိုင်းကာလများကား မြို့အပြောင်းအလဲကစစ်နှင့် သဘာဝဘေးဒဏ်ကပ်ရောဂါများကြောင့်သာ လှုပ်ခတ်ပြောင်းလဲခဲ့သော်လည်း ပြန်လည်တည်ငြိမ်သည်နှင့် မူလနေရာ အခြေမပျက်၊ လိပ်စာ မပျက်နေမြဲအတိုင်းတည်ရှိခဲ့ကြ၏။
မြို့သက် ၁၅ဝ ပြည့်ကာနီးသည်ဖက် ဆယ်စုနှစ်များတွင်ကား မန္တလေးအပြောင်းအလဲသည် နိုင်ငံရေး၊ စီးပွားရေးနှင့် တိုက်ရိုက် ပတ်သက်နေသည်။ ကမ္ဘာနှင့်အဝှမ်းဖြစ်ထွန်းပြောင်းလဲမှုကလည်း မြန်ဆန်သကဲ့သို့ ဂယက်ရိုက်ခတ်မှုကလည်း အားကောင်းသည်။ ထိုရိုက်ခတ်မှုအား တုံ့ပြန်နိုင်ရန် ကိုယ်ခံအားပြည့်နေကြဖို့လိုသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု…..၊ ရိုက်ခတ်မှုနှင့် တုံ့ပြန်မှုပဋိပက္ခတိုင်း၌ မန္တလေးသည် ရုတ်ခြည်းပြောင်းလဲခဲ့ပေသည်။
နောင်လာမည့် လေးနှစ်အတွင်း နှစ် (၁၅ဝ) တင်းတင်းပြည့်မည့်မန္တလေးသည် ယခုနှစ်ထက် ပိုမိုကျယ်ဝန်း၊ ပိုမိုလူဦးရေများ၊ ပိုမိုစည်ကား၊ ပိုမိုတိုးတက်လာမှာသေချာသည်။ ထိုအချိန်တွင် မန္တလေးသားများကိုယ်နှိုက်က မန္တလေးကိုထွေးပိုက်ပွေ့ဖက်ခါ အောင်စည် ရွမ်း၍ ဂုဏ်ပြုလိုခြင်းဆန္ဒကိုယ်စီရှိမှာသေချာသည်။ ဒါကတော့ မန္တလေးကလည်း မန္တလေးသားများကို ရင်နှစ် သည်းချာကဲ့သို့ ချစ်ခင် စောင့်ရှောက်ဖို့လည်းလိုပေသည်။

 

ဆူးငှက်

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>