SueHnget.com

အစဉ်အလာလည်းရှိ၊ မင်္ဂလာလည်းရှိ…
အစဉ်အလာလည်းရှိ၊ မင်္ဂလာလည်းရှိ…

မန္တလေးနဲ့ပတ်သက်ပြီး ချစ်ခင်ကြတာ…ဂုဏ်ယူကြတဲ့နေရာမှာ မန္တလေးဈေးချိုတော်ရဲ့မြန်မာဆန်မှု၊ အမျိုးဘာသာ သာသနာအပေါ် မြတ်နိုးကာကွယ်မှု၊ ရိုးရာအစဉ်အလာအပေါ် သံယောဇဉ်ကြီးမှု… ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ်တွေ ကြီးမားခိုင်မာခဲ့ကြမှု ကြောင့်ဖြစ်တယ်။ ဒီစိတ်ဓာတ်တွေ၊ ဒီဂုဏ်သတင်းတွေဟာ “မန္တလေးရဲ့ရပ်တည်မှု”ဆိုတဲ့ အပိုင်းကဏ္ဍမှာလည်း အဓိကကျတဲ့အချက် ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း ‘ဈေးချိုတော်’ဟာ မန္တလေးရဲ့ အသည်းနှလုံးဖြစ်ခဲ့တာပါ။ မန္တလေးရဲ့ အမျိုးသားရေးဆိုင်ရာရေချိန်ဟာ ဈေးချိုရဲ့ပြဒါးတိုင်ပါပဲ။ ဒီပြဒါးတိုင်ဟာ ‘စီးပွားရေး’ပြယုဂ်တစ်ခုတင်မှ မဟုတ်ဘဲ…။ အဓိက ပင်စည်က ‘နိုင်ငံရေး’ပဲဖြစ်ပါတယ်။

မန္တလေး ရတနာပုံမ်နေပြည်တော် စတင်တည်ထောင်စဉ် မြန်မာပြည်က မြန်မာလူမျိုးတွေရဲ့ မင်းနေပြည်တော်ဖြစ်လေတော့ အဆောက် အဦးတိုင်းလိုလိုဟာ သစ်၊ ၀ါး တွေကိုပဲ အသုံးပြုခဲ့ကြတယ်။ ဒီတော့ မူလမြို့တည်ပန္နက်မှာကတည်းကပါခဲ့တဲ့ ‘ဈေးကြိုတော်’(ဈေးချိုတော်)ရဲ့ အဆောက်အဦးတွေကလည်း သစ်၊ ၀ါး အသုံးပြုတဲ့ ဈေးရုံအဆောက်အဦတွေပါပဲ။ ပူပြင်းခြောက်သွေ့ မိုးနည်းရေရှားရပ်ဝန်းမို့ မီးဘေးအကြိမ်ကြိမ် သင့်မှုကို ဈေးချိုတော်ဟာ တစ်လျှောက်လုံးခံစားခဲ့ရပေမယ့် ပြာပုံထဲက အကြိမ်ကြိမ်ရုန်းထနိုင်ခဲ့တာကလည်း အားမာန်တစ်ခုပါ။ ၁၂၃၆ခု၊ ကဆုန်လပြည့်ကျော် ၃ရက်နေ့မှာ မန်ကျည်းပင်ဈေးအရပ်က လောင်တဲ့မီးက ဈေးချိုကို ၀ါးမျိုသွားခဲ့တယ်။ ဒါကြောင့် ၁၂၃၈ခုနှစ်၊ ပြာသိုလဆန်း ၁၄ရက်နေ့မှာ ဈေးချိုတော်အသစ်ပြန်လည်တည်ဆောက် ခဲ့တယ်။ ဒီဈေးသစ်ကြီးကိုပဲ ၁၂၅၈ခုနှစ်မှာ မီးထပ်သင့်ပြန်ပါတယ်။ ၁၂၅၈ခုနှစ် နှောင်းတန်ခူးလဆန်း ၅ရက်နေ့မှာပါ။ ခရစ်နှစ်အလိုအရတော့ (၁၈၉၇)ခု ဧပြီ ၆ရက်ပေါ့လေ။ နောက် ၃နှစ်အကြာ ၁၉၀၀ပြည့်နှစ် ဧပြီ ၃ရက် မှာလည်း ဈေးချိုတော်ကို မီးထပ်လောင်ပြန်ပါတယ်။ နောက်ထပ် ၁၉၀၂ခုနှစ် ဧပြီ ၁၂ရက်နေ့မှာလည်း မီးထပ်လောင်တယ်။ ဒီမီးကြီးလောင်ပြီး မှပဲ… ကျွန်တော်တို့နဲ့ အများကြီးရင်းနှီးခဲ့တဲ့ ရုံကြီး ၁၂ရုံနဲ့ ဖွဲ့စည်းထားတဲ့ ဈေးချိုတော်ကြီးကို ပြန်လည်တည်ဆောက်ခဲ့တာပါ။ ဒါကြောင့်လည်း အခု ကျန်ကောင်းကျန်ရာကျန်ခဲ့တဲ့ ဈေးချိုတော် နာရီစင်ကြီးအောက်ခြေမှာ ‘မန္တလေးဈေးချိုကို ၁၂၆၂ခုနှစ်တွင် ပြန်လည်တည်ဆောက်၍ ၁၂၆၅ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။’ ဆိုတဲ့ ကမ္ပည်းကျောက်စာကို ယခုတိုင်မြင်တွေ့နေရတာပါပဲ။

ဒီလိုသဘာဝမီးဘေးကို အကြိမ်ကြိမ်ကြုံတွေ့ရပေမယ့် မူလသန္ဓေမပျက်ဘဲ ‘ဈေးချိုတော်’ဆိုတာ နလံထူ ထောင်မတ်ခဲ့တာ ချည်းပါပဲ။ ဒါပေမယ့် တိုင်းတစ်ပါးလက်အောက်ရောက်နေတဲ့ကာလမို့ ရန်သူမျိုးငါးပါးထဲက ‘မင်းဘေး’ဆိုတာလည်း ဈေးချိုတော် ကြုံရပါတယ်။ ‘မင်း’ဆိုတာ အာဏာပိုင်အစိုးရမျှသာမဟုတ်ဘဲ ဈေးကောင်စီလို၊ မြူနီစီပါယ်လို အဖွဲ့အစည်းတွေလည်း ပါဝင်တယ်။ ဒါကြောင့် ဈေးချိုတော်အုတ်တိုက် ဈေးရုံသစ်ကြီးတွေ တည်ဆောက်ပြီးနောက်ပိုင်း အင်္ဂလိပ်အစိုးရရဲ့ ပညာရေးဝန်ကြီးချုပ်ဆိုင်ရာ ဥပဒေပုဒ်မ ၁၁၇ အရ ထုတ်ပြန်တဲ့ ဈေးဆိုင်ရာအမိန့်နဲ့ကန့်သတ်ချက်တွေကို ဟိုက်ကုတ်လွှတ်တော်ရှေ့နေကြီး မစ္စတာပီလေးနဲ့ မြန်မာပညာရှိမင်း ဦးကျော်ရန်တို့ စတင်ဦးဆောင်ဖွဲ့စည်းခဲ့ကြတဲ့ ‘အခွန်ဝန်ထမ်းအသင်းကြီး’နဲ့ မန္တလေးဈေးချိုတော်တို့က ၁၉၂၀ပြည့်နှစ် ၀ါခေါင်လဆန်း ၈ရက်(၁၉၂၈ခု၊ ဇူလိုင်လ ၂၅ရက်)နေ့ အိမ်တော်ရာ ၁၄ခန်းဇရပ်မှာ ကျင်းပတဲ့ မြို့လုံးကျွတ်အစည်းအဝေးကြီးနဲ့ ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။ အလားတူ လွတ်လပ်ရေးကြိုးပမ်းမှုဒီရေအမြင့်ဆုံးဖြစ်ခဲ့တဲ့ ၁၃၀၀ပြည့် ကာလ(၁၉၃၉ ခုနှစ်)မှာလည်း နယ်ချဲ့ကို ဆန့်ကျင်သပိတ်ဆင်နွဲကြတဲ့ ရဟန်းပျိုအဖွဲ့၊ ဗဟိုအမျိုးသား အထက်တန်းကျောင်းသူ၊ ကျောင်းသားများနဲ့ မန္တလေးမြို့လူထုကို ဈေးချိုတော် က အထူးအားပေးပူးပေါင်းဂုဏ်ပြုလို့ အစိုးရက ဈေးချိုမှာ ပုဒ်မ၂၃(၇)ကို ထုတ်ပြန်ပြီး ဖိနှိပ်ခဲ့ပါတယ်။ ဒါကြောင့် ဈေးချိုသူ၊ ဈေးချိုသား တွေက ဈေးချိုရုံကြီး ၁၂ရုံကို သပိတ်မှောက်ကာ အိမ်တော်ရာဘုရားဝင်းထဲမှာ ဈေးသွားဖွင့်ပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာတည်း သမိုင်းဝင် ဖြစ်ရပ်တစ်ခုပါ။

ဒုတိယကမ္ဘာစစ်အပြီး၊ မြို့နယ်အုပ်ချုပ်ရေးအရာရှိ ‘မေဂျာကနေဒီ’က ဈေးချိုတော်ကို ဥပဒေအမိန့်တွေထုတ်ပြီး ကိုင်တွယ်အုပ်ချုပ်ပါ တယ်။ အခွန်အတုတ်၊ အမိန့် ဥပဒေတွေနဲ့ ထန်းကွပ်မှုအပေါ်၊ ရိုးသားစွာလုပ်ကိုင်စားသောက်ကြတဲ့ ဈေးချိုသူ၊ ဈေးချိုသားတွေအနေနဲ့ ငြိမ်ခံမနေခဲ့ ကြဘဲ ဒီအခွန်အတုတ်၊ အမိန့် ဥပဒေတွေအပေါ် ပြန်လှန်သုံးသပ်တတ်၊ ဝေဖန်တတ်ဖို့နဲ့ ရုံးပြင်ကနားဆိုင်ရာကိစ္စတွေ နားလည်တတ်ကျွမ်းပြီး ပြန်လည်ချေပနိုင်ဖို့ အဲဒီခေတ်၊ မန္တလေးကထုတ်ဝေတဲ့စာစောင်တွေကလည်း ၀ိုင်းဝန်းကူညီအားပေးကြတယ်။ မန္တလေး နဂါးနီစာစောင် အမှတ်(၃) မှာ ဆိုရင် ဈေးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးဦးဘတင် ကိုယ်နှိုက်က ‘ဈေးသည်များတာဝန်’ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးပြီး လှုံ့ဆော်ခဲ့တယ်။

၁၉၄၅ခုနှစ်မှာတော့ ဈေးချိုတော်အကျိုးဆောင်အသင်းကြီးကို ဖွဲ့စည်းပါတယ်။ တကယ့် မန္တလေးသား ဈေးချိုသူ၊ ဈေးချိုသားစစ်စစ် မျိုးချစ်ပုဂ္ဂိုလ်ကြီများနှင့် ဖွဲ့စည်းခဲ့တာပါ။ အသင်းရဲ့အမှုဆောင်လူကြီးတွေအဖြစ် တိုက်တန်းကြီး နဂါးနီဦးမောင်မောင်က ဥက္ကဋ္ဌနဲ့ တိုက်တန်းလေး ဦးရွှေက ငွေထိန်း၊ စီရုံ သခင်တင်က အတွင်းရေမှူး၊ ကိုယ်ပိုင်တန်း ဦးအောင်မြင့်၊ ငှက်ပျောတန်း ဦးဘသောင်းတို့က တွဲဖက်အတွင်းရေးမှူးတွေ ဖြစ်ကြတယ်။ ၅နံပါတ်ရုံဦးသိန်းညိုနဲ့ မြောက်ဖက်တိုက်တန်းကြီး ဦးထွန်းညွန့်တို့က စာရင်းစစ်နဲ့ ဒီရုံဦးဘရွှေက ဆော်သြရေးမှူးတာဝန်ယူကြတယ်။ အမှုဆောင်ကော်မတီလူကြီးတွေကိုလည်း ၃၄ဦးရွေးချယ်ခဲ့ကြသတဲ့။ ဈေးချိုရုံကြီး ၁၂ရုံအပြင် တိုက်တန်းကြီးတိုက်တန်းလေး၊ အခြားရုံများ ဈေးတန်းများက ကိုယ်စားလှယ်တွေသာမက နေသူရိန်နဲ့လူငယ်များ အစည်းအရုံးက ကိုယ်စားလှယ်တွေလည်း ပါဝင်ကြတာကို ကြည့်ခြင်းအားဖြင့် ဈေးချိုတော်အကျိုးဆောင်အသင်းကြီးဟာ ဈေးချိုတော်သာမက ပြင်ပမျိုးချစ် ပုဂ္ဂိုလ် ကိုယ်စားလှယ်များအထိ ဈေးအမှုဆောင်များအဖြစ် ထည့်သွင်းထားခြင်းဟာ အမြင်ကျယ်မှုအဖြစ် အတုယူစရာပါ။

မျိုးချစ်ပုဂ္ဂိုလ်များရဲ့ဦးဆောင်မှုနဲ့ ဈေးချိုတော်ရဲ့ သမိုင်းအစဉ်အလာ ထိန်းသိမ်းမှုဟာ ခေတ်စံနစ်အပြောင်းအလဲ၊ အချိုးအကွေ့တိုင်းမှာ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ကြတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေမှာ ဈေးချိုတော်ဟာ မပါမပြီး ပါဝင်ကာ ရပ်တည်ချက်မှန်ကန်ခဲ့တယ်။ လွတ်လပ်ရေးခေတ် ပြည်တွင်းစစ်ကာလမှာလည်း မြို့သူ၊ မြို့သား တိုင်းသူ ပြည်သားလူထုဆန္ဒနဲ့ ကိုက်ညီ တဲ့ ပြည်တွင်းငြိမ်းချမ်းမှုကို ဈေးချိုသူ၊ ဈေးချိုသားတို့က ထောက်ခံခဲ့ကြတယ်။ ပါလီမန်ခေတ် အစိုးရအဖွဲ့ရဲ့ အပြောင်းအလဲတိုင်းမှာလည်း ဈေးချိုတော်ဟာ တံလျှပ်ရေထင်ပြီ လမ်းလွဲမလိုက်ခဲ့ဘူး။ ပြည်သူလူထုနဲ့ တစ်သားတည်းဆိုတဲ့ သမိုင်း အစဉ်အလာတွေရှိခဲ့တယ်။ ၁၉၆၂ခုနှစ် နိုင်ငံရေးအပြောင်းအလဲကြီးမှာတော့ ဈေးချိုရဲ့ တစ်ပိုင်တစ်နိုင်အမျိုးသားစီးပွားရေးတွေဟာ ချိနဲ့ ယိမ်းယိုင်သွားခဲ့ရတယ်။ ဒါပေမယ့် ဈေးချိုက မဖောက်ပြန်ခဲ့ဘူး၊ သာပေါင်းညာစား၊ ဘနဖူးသိုက်မတူးခဲ့ဘူး၊ အမိသော်လည်း သားတော်ခဲ မလုပ်ခဲ့ဘူး၊ ပွဲလန့် ဖျာမခင်းခဲ့ဘူး ရှိသမျှအင်အားနဲ့ လက်ချင်းတွဲပြိး ၁၉၇၂၊ ၁၉၇၄၊ ၁၉၇၆၊ ၁၉၈၈ စတဲ့ သမိုင်းမှတ်တိုင်ကြီးတွေမှာ ဈေးချိုရဲ့ အစဉ်အလာကို ထိန်းသိမ်းနိုင်ခဲ့ကြတယ်။ အထူးသဖြင့် ၁၉၈၈ရဲ့ သမိုင်းဝင် အရေးတော်ပုံကြီးမှာ ဈေးချိုတော်ဟာ ရဲရဲဝံ့ဝံ့နဲ့ ပြည်သူလူထုဘက်တော်သားဖြစ်ခဲ့ပြီး၊ ရဟန်း ကျောင်းသား ပြည်သူတွေရဲ့ လူထုတိုက်ပွဲတွေကို ရုပ်ဝတ္ထုအရရော စိတ်ဓာတ်အရရော အားပေးပူးပေါင်းခဲ့တယ်။ ဈေးချိုတော် ရုံကြီး ၁၂ ရုံနဲ့ အခြားဈေးရုံ ဈေးတန်းများရဲ့ ဖွဲ့စည်းတည်ရှိမှုသန္ဓေမပျောက်လို့လည်း စိတ်ဓာတ် အစဉ်အလာဟာ အမျှင်မပြတ်တဲ့ သဘောလည်းဖြစ်ပါတယ်။

၁၉၉၀ကျော်ကာလမှာတော့ ဒီအခြေခံရုပ်ပစ္စည်းတွေရဲ့ အဓွန့်ရှည်တည်ရှိမှုတွေ ရုပ်ခြည်းဖြိုဖျက်ခံလိုက်ပြီးနောက်၊ မူလ အခင်းအကျင်း ပျက်ယွင်းမှုများနှင့်အတူ ပိုင်ဆိုင်မှုပျက်၊ စီးပွားပျက်၊ အစဉ်အလာပျက်၊ သန္ဓေပျက်ပြီး နိုင်ငံရေးပျက်လုနီးနီးရောက်ခဲ့ရမယ့် အခြေအနေကို လည်း မူလလက်ဟောင်း အစဉ်အဆက် ဘိုးဘွားအမွေခံ ဈေးချိုသူ၊ ဈေးချိုသားတွေက ခါးစည်းခံပြီး ရသမျှအားနဲ့ ‘ဈေးချိုသွေး’ကို ဆက်လက်ထိန်းသိမ်းခဲ့ ကြတာလည်း ဂုဏ်ယူစရာပါပဲ။ ရုံကြီး ၁၂ရုံရဲ့ မူလအစဉ်အလာနဲ့ ယဉ်ကျေးမှုတွေကို အခြေခံတဲ့ ‘ဈေးချိုသွေး’ဈေးချိုစိတ်ဓာတ်’တွေဟာ ငွေကြေး၊ ရပိုင်ခွင့်၊ နေရာ၊ ရာထူး၊ အာဏာ စတာတွေနဲ့ နည်းမျိုးစုံထိုးနှက်မှု အဆောင်အယောင် တွေမှာ မိုးခါးရေသောက်သူတွေ ရှိကောင်းရှိ၊ များကောင်း များခဲ့ပေမယ့်လည်း ခိုင်မာလွန်းတဲ့ မူလဈေးချိုသွေး၊ ဈေးချိုစိတ်ဓာတ်တွေဟာ ခိုင်မြဲဆဲပါ။ ရှင်သန်ဆဲပါ။ အခါကောင်း၊ အခွင့်ကောင်း၊ အခြေ ကောင်း တစ်ခုဆိဦးတည်တဲ့ ပွင့်လင်းမှုနေခြည်နှင့် မိုးရေစက်တွေမှာ ကန္တာရထဲအောင်းနေတဲ့ မျိုးစေ့တွေ အညှောင့်ပေါက်၊ အပင်သန်၊ ရှင်သန်မှာ လည်း ဧကန်ပါပဲ။ အရင်လိုစိမ်းလန်းတဲ့ သစ်ပင်တစ်ပင်ကောင်း တွေပေါ် ငှက်သောင်းသိန်းကုဋေချီနားခိုအရိပ်ပေးနိုင်ဦးမှာပေါ့။

ဒီတော့… အစဉ်အလာကြီးမားတဲ့ဈေးချိုတော်ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေဟာ လွတ်လပ်ပွင့်လင်းမှု၊ အမျိုးသားစီးပွားရေး ကာကွယ်မှု၊ အများဆန္ဒအပေါ် အသိအမှတ်ပြု အကောင်အထည်ဖေါ်မှု ထောက်တိုင်တွေနဲ့ ပြန်လည်ထူမတ်ကြရပါမယ်။ တစ်ဦးတစ်ယောက် အကျိုးစီးပွား၊ တစ်ဖွဲ့တစ်စည်းအကျိုးစီးပွား၊ မျက်နှာလိုအားရအကျိုးစီးပွား၊ မြွေပူရာကင်းမှောင့် အကျိုးစီးပွား၊ ပွဲလန့်ဖျာခင်း အကျိုးစီးပွား၊ ကိုယ့်တပ်ကိုယ်ပြန်နင်း အကျိုးစီးပွား၊ ကိုယ်လှေကိုယ်ထိုး ပဲခူးရောက်ရောက် အကျိုးစီးပွား၊ လူများပွဲမစည် အကျိုးစီးပွား၊ အသားလို အရိုးတောင်း အကျိုးစီးပွား၊ အမြီးကျက်အမြီးစား အကျိုးစီးပွား၊ မြေနိမ့်ရာလှံစိုက် အကျိုးစီးပွား၊ ပန်းပဲသမား ဓါးကောင်းမကိုင်ရ အကျိုးစီးပွား၊ ဒီယုန်မြင်လို့ ဒီခြုံထွင် အကျိုးစီးပွား၊ ဇာတ်တူသားစား အကျိုးစီးပွား၊ ဆင်ဖြူတော်မှီကြံစုပ် အကျိုးစီးပွား၊ ငါးကြင်းဆီနဲ့ ငါးကြင်းကြော် အကျိုးစီးပွား… စတဲ့ ကိုယ်ကျိုးစီးပွားပေါင်းများစွာနဲ့ ဖျက်ဆီးမှုဘေးတွေကို ဘိုးဘွားမိဘ၊ ဈေးချိုသူ၊ ဈေးချိုသားတွေရဲ့ အမွေဆက်ခံကာ ရဲရဲဝံ့ဝံ့ ညီညီညွတ်ညွတ်ဖယ်ရှားပြီး ဈေးချိုသူ၊ ဈေးချိုသားအများစုရဲ့ ဆန္ဒအစစ်အမှန်နဲ့ ကင်းဝေးပြီး သမိုင်းဝင်ဈေးချိုအစဉ်အလာ၊ ဈေးချို စိတ်ဓာတ်၊ ဈေးချိုသွေးတွေ မပျက်မယွင်း ဆက်လက်တည်ရှိ အဓွန့်ရှည်ပါစေကြောင်း…။

Share on Facebook

မန္တလေးရင်ပြင် (၀ါ) မန်းရင်ပြင်
မန္တလေးရင်ပြင် (၀ါ) မန်းရင်ပြင်

နိုင်ငံအတော်များများ၏ မြို့ကြီးများတွင် နိုင်ငံနှင့်ပတ်သက်သော၊ လူမျိုးနှင့်ပတ်သက်သော၊ မြို့နှင့်ပတ်သက်သော လူထုဆိုင်ရာအခမ်းအနားကြီးများ ကျင်းပရန်အတွက် စကွဲယား (သို့မဟုတ်) လူထုရင်ပြင်ကြီးများ တည်ဆောက်ထားလေ့ ရှိသည်။ အထူးသဖြင့် တစ်ချိန်က လက်ဝဲနိုင်ငံကြီးများတွင် လူထုကိုယ်စားပြု အခမ်းအနားကြီးများအတွက် မြို့ကြီးတိုင်းလိုလိုတွင် စကွဲယား (သို့မဟုတ်) လူထုရင်ပြင်ကြီးများ ထားရှိသည်ကို ပိုမိုသတိပြုမိသည်။ တကယ်တော့ လက်ဝဲနိုင်ငံများ၌သာ မဟုတ်၊ ခေတ်မီမြို့ပြစီမံကိန်းကြီးများတွင် အဆိုပါရင်ပြင်ကြီးများ ထည့်သွင်းတည်ဆောက်မှုသည် နိုင်ငံတိုင်းလိုလိုတွင် ပါဝင်ကြမြဲ ဖြစ်ပါ၏။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် Time Square ရင်ပြင် ရှိသည်။ အင်္ဂလန်၊ လန်ဒန်မှာက Parliament Square တဲ့၊ Trafalgar Square တဲ့။ ရောမမှာတော့ St. Peter’s Square က သမိုင်းဝင်ဖြစ်သည်။ တရုတ်ပြည် ဘီဂျင်း မြို့တော်မှာ Tiananmen Square ရှိသည်။ ရှန်ဟိုင်းမှာက People’s Square တဲ့။ ရုရှားက မော်စကိုမှာ Red Square ကလည်း နာမည်ကျော်သည်။ ဟန်ဂေရီ ဘူတာပတ်(စ်)မြို့မှာ Roosevelt Square ရှိသည်။ နောက်ထပ် Heroes Square လည်း ဟန်ဂေရီမှာ ရှိသည်။ အီဂျစ်ပြည် ကိုင်ရိုမြို့က Tahrir Square ကတော့ လွန်ခဲ့သော လအနည်းငယ်မှသည် ယခုထက်တိုင် ကမ္ဘာ့သတင်း၊ စာမျက်နှာများ၌ ထင်ရှားနေရာယူဆဲ ဖြစ်ပါ၏။

ကျွန်တော် ငယ်ငယ်၊ ရန်ကုန်မြို့ကို စတင်ရောက်ဖူးသောအခါ ပြည်လမ်းမှတဆင့် အင်းစိန်ဘက်သို့ ဘတ်စ်ကား စီးသွားစဉ် တစ်နေရာအရောက် လမ်းဘေးရှိအဆောက်အအုံတစ်ခုကို အဖေကလက်ညှိုးထိုးပြပြီး အဲဒါ ဗိုလ်ရှုခံစင်မြင့် ပေါ့။ လွပ်လပ်ရေးနေ့ ဗိုလ်ရှုခံပွဲမှာ နိုင်ငံတော်သမ္မတကြီးကို စစ်တပ်တွေအပါအ၀င် လူထုကြီးက အလေးပြုကြတာပေါ့တဲ့။ ကþန်တော်ကတော့ အသေးစိပ် ရေရေရာရာမသိသော်လည်း အိမ်မှာ အဒေါ်တစ်ယောက် အမြဲသီဆိုလေ့ရှိသည့် သီချင်း တစ်ပုဒ်ကို သတိရမိသည်။

ဗိုလ်ရှုသဘင်ပွဲ၊ ဆင်ယင်နွဲကာအတည်၊

ကြည်းရေလေ .. စစ်သမီးတွေနဲ့

ဗမာ့တပ်မတော် စုံစုံညီ

ဦးတက်ကာပဲ၊ အလေးပြုကြသည်

လာလာချေပြီ ..

နောက်တော့ ဗိုလ်ရှုခံစင်မြင့်နေရာမှာ ပြည်သူ့လွှတ်တော် (ယခု-ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်)ကြီး ပေါ်ပေါက် လာပြီး၊ ပြည်သူ့ရင်ပြင်ကြီးလည်း ပေါ်ပေါက်လာ၏။

မြို့ပြကြီးများ၌ အများပြည်သူနှင့်သက်ဆိုင်သော လူထုရင်ပြင်၊ ပြည်သူ့ရင်ပြင်များ ရှိရန် လိုအပ်သကဲ့သို့၊ တိုင်းကျိုး ပြည်ကျိုးအတွက် ပြည်သူလူထု အမှန်တကယ် အသုံးပြုခွင့်ရရှိရန်လည်း လိုအပ်သည်။ အလားတူ အများပြည်သူနှင့် သက်ဆိုင်သော လူထုခန်းမကြီးများ၊ ကွန်ဗင်းရှင်းစင်တာကြီးများ၊ ဇာတ်ရုံကြီးများ ရှိရန် လိုအပ်သည်။ အဆိုပါ ခန်းမကြီးများ၊ စင်တာကြီးများ၊ ဇာတ်ရုံကြီးများသည်လည်း ရုပ်ပြဖြစ်ရုံသက်သက်ရှိကာ ၁၂ရာသီပတ်လုံးသော့ခတ်ထားသည့် ဟန်ပြများ မဖြစ်စေရဘဲ၊ အများပြည်သူအတွက်၊ အမျိုးသားရေးအတွက် အမြဲတမ်း အသက်ဝင်နေဖို့လည်း လိုအပ်သည်။

မန္တလေးမြို့သည် အထက်မြန်မာပြည်အတွက် အကြီးဆုံးမြို့ပြဖြစ်ခဲ့ကာ ဘာသာ၊သာသနာနှင့် အမျိုးသား ယဉ်ကျေးမှု အတွက်လည်း အချက်အချာနေရာ ဖြစ်ခဲ့သည်။ အမျိုးသားလွတ်လပ်ရေး၊ အမျိုးသားလွတ်မြောက်ရေး သမိုင်းစဉ်များ၌လည်း မှတ်တိုင်အသီးသီး စိုက်ထူခဲ့သောမြို့ကြီး ဖြစ်သည်။ ရှေးက မန္တလေး၏ လူထုသဘောဆောင်သော အခမ်းအနားကြီးများ အတွက် မန္တလေးအနောက်ပြင် သီရိဟေမာအရှေ့ရပ်ကွက်ရှိ မဟာလောကရံသီ အိမ်တော်ရာစေတီဝင်းကြီး အတွင်းရှိ ၁၄ခန်း ဇရပ်ကြီး နှင့် အိမ်တော်ရာဘုရားရင်ပြင်က အရေးပါခဲ့သည်။ လွတ်လပ်ရေး၊ အမျိုးသားရေး လှုပ်ရှားမှုများအတွက် “ အောင်မြေ”  ဟုပင် သတ်မှတ်ခဲ့ကြသည့် နေရာလည်းဖြစ်၏။ ၁၄ခန်း ဇရပ်ကြီးက အိမ်တော်ရာဘုရား ပရိဝုဏ်အတွင်း ရာဟု ထောင့် (အနောက်မြောက်)၌ ရှိသည်။ မူလဇရပ်ကြီးက ၁၃၀၉ခုနှစ် ကိုးတာမီးဘေးတွင် မီးသင့်ပျက်စီးယိုယွင်းသွားသောအခါ ၁၃၁၀ပြည့်နှစ် ၀ါဆိုလပြည့်နေ့၌ ရွှေကုန်သည် ကျောင်းအမကြီး ဒေါ်စိုး၊ သမီး ကြည်ကြည်၊ မြေး တင်တင်ဦး တို့က ပြန်လည် ဆောက်လုပ်လှူဒါန်းခဲ့ကြသည်ဟု ဇရပ်ကြီး ကမ္ပည်းစာအရ သိရှိရသည်။ ယခု မြေး တင်တင်ဦးကပင်လျှင် အသက်၇၀ကျော် ဇရပ်အမကြီး၊ ကျောင်းအမကြီး ဒေါ်တင်တင်ဦး အရွယ်ရောက်နေပါပြီ။ ၁၉၉၅ခုနှစ်ကပင် ဇရပ်အမကြီး ဒေါ်တင်တင်ဦး နှင့် ခင်ပွန်း ဦးခင်မောင်မြင့် တို့ကပင် အဆိုပါ မူလ သစ်သားဇရပ်ကြီးကို ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပါ၏။ အိမ်တော်ရာ ၁၄ခန်း ဇရပ်ကြီးတွင် အထင်ရှားဆုံး လူထုစည်းဝေးပွဲကြီးကို ၁၃၀၀ပြည့်နှစ် တပို့တွဲလပြည့်ကျော် (၆)ရက် (၉-၂-၃၉) နှင့် (၇)ရက် (၁၀-၂-၃၉)နေ့ တို့က ကျင်းပခဲ့သည်။ လူထုပရိသတ် နှစ်သောင်းကျော် တက်ရောက်ခဲ့သည့် စည်းဝေးပွဲကြီး ဖြစ်သည်။ တပို့တွဲလပြည့်ကျော် (၇)ရက် (၁၀-၂-၃၉)နေ့ မှာက အိမ်တော်ရာ ၁၄ခန်းဇရပ်တွင် လူထုစုဝေးပြီး နယ်ချဲ့အစိုးရ၏ မတရားသည့် အမိန့်အာဏာ ဥပဒေများကို ငြိမ်းချမ်းစွာ စီတန်းလမ်းလေûာက် ဆန္ဒပြခဲ့ကြသဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် ရဟန်းသံဃာ၊ ကျောင်းသားပြည်သူ ၁၇ဦး ကျဆုံးခဲ့ရသည်။ ကျဆုံးသူများကိုလည်း အိမ်တော်ရာ ၁၄ခန်းဇရပ်၌ပင် ဈာပန အခမ်းအနား ပြင်ဆင်၍ နိုင်ငံတ၀ှမ်းမှ အသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ မန္တလေးမြို့လူထုများက သိန်းချီ၍ ဂါဝရပြုကြပြီး ၁၃၀၀ပြည့် တပို့တွဲလကွယ်နေ့ (၁၇-၂-၃၉)နေ့တွင် တောင်ပြင် တမ္ပ၀တီ သူကြွယ်ကုန်းရပ် အာဇာနည်ဗိမာန်၌ တင့်တယ် ခမ်းနားစွာ သဂြုင်္ိဟ်ခဲ့ကြ၏။ အိမ်တော်ရာ ၁၄ခန်းဇရပ်တွင် ဘာသာရေးဆိုင်ရာ စည်းဝေးပွဲကြီးများ ကျင်းပခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ လူထုစည်းဝေးပွဲကြီးများ ကျင်းပခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကြီးများ ကျင်းပခဲ့သည်။ ဇူလိုင် ၁၉ရက် အာဇာနည်နေ့အခမ်းအနားကြီးများကိုလည်း လူထုပရိသတ် သိန်းချီတက်ရောက်ကာ နှစ်စဉ်မပျက် (၁၉၈၀ ၀န်းကျင်အထိ) ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ လူထုတရားပွဲများ ကျင်းပခဲ့သည်။ တရုတ်ဖြူဆန့်ကျင်ရေး နယ်ချဲ့ ဆန့်ကျင်ရေး လူထုအစည်းအဝေးပွဲကြီးများ ကျင်းပခဲ့သည်။ အိမ်တော်ရာ ၁၄ခန်းဇရပ်နှင့် အိမ်တော်ရာဘုရား ရင်ပြင်ကြီးသည် လူထုခန်းမ (၀ါ) လူထုရင်ပြင်ကြီး ဖြစ်ခဲ့သည်။

ထို့ပြင် မန္တလေး၌ မန္တလေးတောင်ခြေတွင် (၅၅)ဧက ကျယ်ဝန်းသော ကွင်းကြီးတစ်ကွင်းလည်း ရှိပါ၏။ တစ်ဖက်တွင် ကျုံးမြို့ရိုး ပြာသာဒ်များကို မျက်နှာပြုပြီး၊ တစ်ဖက်တွင် သာသနိက အဆောက်အအုံများ စောင်းတန်းအသွယ်သွယ်နှင့် မန္တလေးတောင်တော် တို့ကို နောက်ခံပြုထားသဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၏ ခံ့ထည်မှုကို ပြညွှန်းသည့် အကွက်အကွင်း ကောင်းသော နေရာကြီးဖြစ်သည်။ ကောဇာသက္ကရာဇ် ၁၃၂၁ခုနှစ်တွင် ပြည့်မြောက်ခဲ့သော မန္တလေးအနှစ် ၁၀၀ပြည့် ပွဲတော်ကြီးကို အဆိုပါကွင်းကြီး၌ ၀ှဲချီးကျင်းပခဲ့သဖြင့် “မန်းရာပြည့်ကွင်း” ဟု အမည်တွင်ခဲ့သည်။ နောက်ပိုင်း၌ ပြည်ထောင်စုနေ့ကဲ့သို့သော လူထုစည်းဝေးပွဲကြီးများနှင့် ပွဲတော်များ၊ မန္တလေး၏ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ အန္တိမဈာပနပွဲများ၊ နောက်ပိုင်း လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများ၊ ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေး လူထုစည်းဝေးပွဲကြီး များ ကျင်းပခဲ့သည့် နေရာကြီးလည်း ဖြစ်သည်။ မန္တလေး၏ သင့်တင့်လျောက်ပတ်သော လူထုရင်ပြင်ကြီးလည်း ဖြစ်ခဲ့သည်။ အဆိုပါ မန်းရာပြည့်ကွင်းကြီးမှာ ၁၉၉၀ ၀န်းကျင်တွင် ရတနာပုံ တိရစ္ဆာန်ဥယျာဉ် အဖြစ် အသွင်ပြောင်းသွားခဲ့ပါ၏။ ၁၉၉၀ နောက်ပိုင်း မန္တလေးတောင်ပြင်ရှိ ဆင်ဖြူကန်ကွင်း (ယခင်က သုဿန်) တွင်လည်း မြို့ပြဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပခဲ့ကြပါသေးသည်။ ယခုလည်း ဆင်ဖြူကန်ကွင်းကလည်း အသွင်ပြောင်းသွားပြန်ပါ၏။

တကယ်တော့ မန္တလေးကဲ့သို့ မြန်မာပြည်၊ မြန်မာအမျိုးသားတို့အတွက် အရေးပါသော မြို့ကြီးတစ်မြို့တွင် အများပြည်သူလူထုအတွက် အမျိုးသားရင်ပြင် (၀ါ) လူထုရင်ပြင် တစ်ခု လိုအပ်ပါသည်။ အလားတူ အမျိုးသားဆိုင်ရာ ပွဲလမ်းများအတွက် လူထုခမ်းမကြီးတစ်ခုလည်း လိုအပ်နေပါ၏။ ဒီမိုကရေစီနိုင်ငံတော်သည် ပြည်သူလူထုကို ကိုယ်စားပြု ရမည်။ ပြည်သူလူထု စုစည်းမှု အသံနှင့် ပြယုဂ်ပုံရိပ်များကို အကဲဖြတ်ဆောင်ရွက်ပေးရမည် မဟုတ်ပါလော။

Share on Facebook

ဒါတွေကျန်သေးတယ်…
ဒါတွေကျန်သေးတယ်…

ရန်ကုန်မြို့က ၀န်ကြီးများရုံး(အတွင်းဝန်ရုံး)၊ ရှေးကအခေါ် စက္ကရီတေးရီးယတ် သမိုင်းဝင်အဆောက်အဦးကြီးကို ဟိုတယ်လုပ်ကိုင်ခွင့်မပေးဘဲ ပြခန်းအနေနဲ့ပဲ စဉ်းစဉ်းစားစားဆုံးဖြတ် ခွင့်ပြုပါမယ်ဆိုတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားကို သိရတဲ့အခါ အလွန်တရာ ၀မ်းသာပီတိဖြစ်ရပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနှစ်ပေါင်း(၆၀)အတွင်း၊ အထူးသဖြင့် ဒီဘက်နှစ်(၄၀)ကျော်အတွင်း နိုင်ငံနှင့်လူမျိုးဖြတ်သန်းမှုရဲ့ သမိုင်းဝင်ဆိုတဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ ၊ နေရာသေအထိမ်းအမှတ် အဆောက်အဦး ဗိမာန်ဆိုင်ရာတွေမှာ လိုရာဆွဲပြီး တစ်ဦးတည်း၊ တစ်ယောက်တည်း (သို့မဟုတ်)တစ်ဖွဲ့တစ်စည်းရဲ့ ငါနှင့်မတူ ငါ့ရန်သူ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ သဘောထားနဲ့ပဲ ဆုံးဖြတ်စီရင်ခဲ့ကြလို့ ကွယ်ပျောက် ပျက်စီး ဆုံးရှုံးခဲ့ရမှုတွေ များလာလို့ပါပဲ။

ဘုရားပြင်တယ်

ဒီနေရာမှာ သာသနိကအဆောက်အဦးတွေနဲ့ ပက်သက်ပြီး ရှေးဟောင်းသုတေသနဆိုင်ရာ ထိန်းသိမ်းမှုအပိုင်းနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပြုပြင်တည်ဆောက်မှုတွေအပိုင်းရဲ့ ပဋိပက္ခတွေလည်း အားကောင်းမောင်းသန် ကျန်ရှိနေပါသေးတယ်။ ကိုးကွယ်မှု ဆိုတဲ့ အမြင်တစ်မျိုးတည်းနဲ့ မျက်စိမှိတ်ပြီး မြန်မြန်ဆုံးဖြတ်တာမျိုး မဖြစ်သင့်တော့ဘဲ၊ သက်ဆိုင်ရာအသီးသီးသော ပညာရှင်များရဲ့ အမြင်တွေ၊ သဘောထားတွေ၊ နိုင်ငံတကာကမ္ဘာလုံးဆိုင်ရာအတွေးအခေါ်တွေနဲ့ပါ ချိန်ထိုးပြီးမှ စဉ်းစားဆောင်ရွက်ကြဖို့ကလည်း အရေးတကြီး လိုအပ်နေပါပြီ။ နောက်တစ်ချက်က အခု ပြည်ထောင်စုအစိုးရသစ်လက်ထက်မှာ အထိုက်အလျောက်အနေနဲ့ စတုတ္ထ မဏ္ဍိုင်ရဲ့ အရေးပါမှုနဲ့ မောင်းနှင်အားတွေ သိသာစေတာကလည်း ငြင်းလို့မရပါဘူး။ ဘာပဲပြောပြော…၊ အတွင်းဝန်ရုံးကို ဟိုတယ်အသွင်ပြောင်းဖို့ကိစ္စမှာ စတုတ္ထမဏ္ဍိုင်က အချိန်မဆိုင်းဘဲ ချက်ချင်း ထောက်ပြဝေဖန်လိုက်မှုကြောင့် အခုလို ဟိုတယ်ကိစ္စ တစ်ခန်းရပ်ပြီး တကယ်ဖြစ်သင့်တဲ့ သမိုင်းဝင်အဆောက်အဦးနှင့် ပြတိုက်ပိုင်းဆိုင်ရာစဉ်းစားမှုပေါ်ပေါက်လာတာကိုလည်း ၀မ်းမြောက်ရပါတယ်။

အရွက်ဖုံးတဲ့ မန္တလေး

ဟုတ်ပါတယ်။ ဘယ်လိုမှ မမေ့ပျောက်၊ မတိမ်မြုပ်၊ မဖုံးကွယ်နိုင်တဲ့ နိုင်ငံသမိုင်းနဲ့ ပက်သက်တဲ့ လူပုဂ္ဂိုလ်၊ အထိမ်းအမှတ် အဆောက်အဦးဗိမာန်တွေ လျစ်လျူရှု ပစ်ပယ်ဖုံးအုပ်ထားခံရမှုတွေ၊ ပျက်စီးဖျက်ဆီးခံရလို့ ပျောက်ကွယ်သွားတဲ့ကိစ္စတွေကို အရင်က အတော်များများ ရေးကြ သားကြမှုတွေဟာ စာမျက်နှာထက်မှာ ရောက်မလာခဲ့ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ မန္တလေးမြို့ဟာ နောက်ဆုံးမင်းနေပြည်၏ မြို့တော်ကြီး ဖြစ်ခဲ့ဖူးပြီး၊ ၁၉ရာစုလယ်ပိုင်းမှာ တည်ဆောက်ခဲ့တဲ့ မြန်မာမှုစစ်စစ် မြို့ပြဗိသုကာဆိုင်ရာကို အခြေခံပြီး၊ မြန်မာမှု လူနေမှု စရိုက်လက္ခဏာဖော်တဲ့ ရှေးဟောင်းမြို့ကြီးမို့ ဒီမြို့ရဲ့ ပကတိအရှိ အခင်းအကျင်း ကိုယ်နှိုက်က ရှေးဟောင်းပစ္စည်း တစ်ခုဖြစ်ပြီး မြန်မာပြည်မှာ တစ်ခုတည်းသာကျန်တော့တဲ့ မြို့တော်ဟောင်းကြီးအဖြစ် မတို့မထိ ပကတိအတိုင်းထိန်းသိမ်းနိုင်ဖို့ သဘောထားတွေအပြင်၊ မန္တလေးမှာရှိတဲ့ သာသနိက အဆောက်အဦးများသာမက နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး အထင်ကရရှိနေတဲ့ ဗိမာန်တွေ၊ အဆောက်အဦးတွေကိုလည်း တည်ဆောက်ပြုပြင် အားကောင်းတဲ့ကာလမှာ မထိမခိုက်၊ မပျက်မစီး ရှိစေဖို့ မြို့ခံပညာရှင်ကြီးတွေ၊ မြို့ခံစာရေးဆရာတွေ ရေးသားတင်ပြမှုတွေဟာ စာမျက်နှာထက် မပါရှိခဲ့ရုံသာမက အရာမထင်ခဲ့ပါဘူး။

ပျောက်ကုန်ပြီ

ဒါကြောင့် ရှေးဟောင်းမန္တလေးရဲ့ မြို့ပြဗိသုကာ အခင်းအကျင်း ပျက်စီးခဲ့ပါပြီ။ သမိုင်းဝင်ဈေးချိုတော်ကြီးလည်း ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက် တသွေးတသံတမိန့်နဲ့ ပျောက်ကွယ်ခဲ့ရပါပြီ။ အချုပ်အခြာအာဏာ ဆုံးရှုံးမှုနှင့် ပက်သက်ပြီး နှလုံးသားထိအောင် ခံပြင်းတက်ခေါက်ကာ သေသော်မှတည့် သြော်ကောင်း၏လို့ နာကျည်းခဲ့တဲ့ ဆီးပန်းနီဆရာတော်ရဲ့ ၇၈လမ်း ခင်စောမူကွေ့နေရာက သမိုင်းဝင် ဗိမာန်တော်လည်း မြေထိုးစက်အောက်ရောက်ရပါပြီ။ ဒါ့အပြင်… ပဒေသရာဇ်စံနစ်ရဲ့ သားကောင်ဖြစ်ရသူ ခေတ်မီ တိုးတက်ရေး ခေတ်ပြင်အမြင်ရှိတဲ့ ကနောင်မင်းသားကြီးရဲ့ ဂူဗိမာန်လည်း တူရွင်းပေါက်ပြား တွေနဲ့ ထိုးကော်ဖယ်ခွာခြင်း ခံခဲ့ရပါပြီ။ မြို့ပြသာယာရေး အကြောင်းပြချက်နဲ့ စနစ်တကျပြောင်းရွေ့ ပြီး အစားထိုးနေရာပေးခြင်း မခံခဲ့ရဘဲ ရွှေဥဒေါင်း၊ မြမျိုးလွင်၊ နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း စတဲ့ ပညာရှင်ကြီးများရဲ့ အထိမ်းအမှတ်အုတ်ဂူတွေလည်း ကွယ်ပျောက်ခဲ့ရပါပြီ။

ရှေးဟောင်းမြေကွက်လည်းချမ်းသာမပေး

အမရပူရခေတ်မှာ ထင်ရှားခဲ့တဲ့ ဘိုးတော်ဘုရားက နိုင်ငံတ၀ှမ်း အတိုင်းအတာ၊ အချင်အတွယ်၊ အကျယ်အ၀န်း စတဲ့ ပမာဏဆိုင်ရာ ကွဲပြားနေမှုအပေါ်တစ်ညီတစ်ညွတ်တည်းရှိစေဖို့ ညှိနှိုင်းပြီး စံအဖြစ် အက္ခရာစာသားအသွင် ကျောက်ထက်အက္ခရာတင်ခြင်း၊ စံအဖြစ် ပယ်အကျယ်အ၀န်း ဆိုင်ရာကို ဧရိယာအကျယ်အ၀န်း ပကတိအရှိ အမှတ်အသား ပြကျောက်တိုင် စိုက်ပြီး မြေဧရိယာအလွတ်အဖြစ် ထင်ရှားစေခြင်း စတဲ့ ကျောက်စာ၊ ပယ်မြေတွေထိန်းသိမ်းထားရှိတဲ့ ပယ်ပုံတော်ကျောက်စာဝင်းကြီး ကိုလည်း အမရပူရခေတ်က ပယ်ပုံတော်မင်းသမီး၊ မဟာမုနိဘုရားဖူးစဉ် ခေတ္တစံတဲ့နေရာဆိုတဲ့ သမိုင်းအမှားနဲ့ ဖုံးကွယ်ကာ  မြေကွက်ရိုက်၊ တိုက်ခန်းဆောက် လိုက်ကြပြန်ပါပြီ။

မကြာခင်ပျောက်တော့မယ်

လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ မန္တလေးက ၁၃၀၀ပြည့်ကာလ အာဇာနည်(၁၇)ဦးအရေးတော်ပုံဟာ အလွန်ထင်ရှား ခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် အရေးလည်း ပါလှပါတယ်။ အဲဒီအချိန် အုပ်စိုးသူ အင်္ဂလိပ်အစိုးရက ချမှတ်ထားတဲ့ မတရားမိန့်တွေ ဖြစ်တဲ့ ပုဒ်မ ၂၃(၇) နဲ့ ပုဒ်မ ၁၄၄ တို့ကို ဆန့်ကျင်ကြတယ်။ ၁၉၃၈ခု ဒီဇင်ဘာ ၃၁ရက်နေ့မှာ ကျောင်းသားများသမဂ္ဂက ပြဋ္ဌာန်းခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ခံတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့၁၉၃၉ခု ဖေဖော်ဝါရီ ၁၀ရက်၊ ၁၃၀၀ပြည့် တပို့တွဲလပြည့်ကျော် ၇ရက်နေ့ရောက်တော့ မဟာလောကရံသီ အိမ်တော်ရာ ဘုရားဝင်းထဲက (၁၄) ခန်းဇရပ်ကြီးမှာ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေစုဝေးပြီး ၂၆ဘီလမ်း(အာဇာနည်လမ်း) အတိုင်း အရှေ့တက်ကာ ပုလိပ်ရုံး (ယခု စည်ပင်သာယာရုံး)ဆီ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြပါတယ်။ ဒီဆန္ဒပြမှုကို ကြေးနန်းရုံး (ယခု ဆက်သွယ်ရေးရုံး) တောင်ဘက်မှာ တစ်ကြိမ်၊ အပ်ပီရီယမ်ဘဏ်ရှေ့ (ယခု ဟောင်ကောင်စတိုး)ရှေ့မှာတစ်ကြိမ်၊ ရိုးကုမ္ပဏီတိုက်ရှေ့ (ယခု မြန်မာ့စီးပွားရေးဘဏ်-၁) မှာတစ်ကြိမ် ပစ်ခတ်နှိမ်နင်းလို့ ရဟန်းတော်(၇)ပါးနဲ့ ကျောင်းသား အရပ်သား (၁၀)ဦး ကျဆုံးခဲ့ပါတယ်။ ဒီအာဇာနည်တွေကို မြို့သူမြို့သားတွေက နေမျိုးမဟာသီဟသူရဘွဲ့များနှင်းအပ်ပြီး မန္တလေး၊ တမ္ပ၀တီ သူကြွယ်ကုန်း ရပ်မှာ ခမ်းနားစွာသဂြုင်္ိဟ်ခဲ့ပါတယ်။ ဒီနေရာကို မန္တလေး ၁၃၀၀ပြည့် အာဇာနည်(၁၇)ဦးဗိမာန် ဆိုပြီး သမိုင်းကျောက်စာ၊ အာဇာနည်တစ်ဦးချင်းစီရဲ့အတ္ထုပ္ပတ္တိနဲ့ ဂူ၊ ကျဆုံးတဲ့နေရာ မြေပုံ ကျောက်စာ စသည်ဖြင့် ခမ်းနားစွာတည်ဆောက်ကာစနစ်တကျ ဂုဏ်ပြုခဲ့ကြပါတယ်။ နှစ်စဉ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ ဇူလိုင် (၁၉) ရက်နေ့ရောက်ရင် အိမ်တော်ရာ ၁၄ခန်း ဇရပ်ကြီးမှာ အာဇာနည်နေ့ အခမ်းအနားကြီးကို လူထုပရိတ်သတ်ကြီးနဲ့ ကျင်းပပြီးတဲ့နောက် တမ္ပ၀တီသူကြွယ်ကုန်းက မန္တလေး ၁၃၀၀ပြည့် အာဇာနည်(၁၇)ဦးဗိမာန်မှာလည်း လွမ်းသူပန်းခွေချ အလေးပြုအခမ်းအနား ကျင်းပလေ့ ရှိခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကျော်က စပြီး မန္တလေးအာဇာနည်ဗိမာန်ကို သော့အထပ်ထပ်ခတ် ပိတ်ထားပါပြီ။ ပြုပြင်ရှင်းလင်းမှု မရှိတော့လို့ ခြုံနွယ်ပိတ်ပေါင်း အထပ်ထပ်ဖုံးအုပ်ပြီး တော ဖြစ်နေပါပြီ။ မကြာခင် အုတ်ဂူများ၊ သမိုင်းကျောက်စာများ၊ မှတ်တမ်းကျောက်စာများ ပျက်စီးပါတော့မယ်။

မန္တလေး၁၃၀၀ပြည့် အာဇာနည်(၁၇)ဦးဗိမာန်ကြီး ပြန်လည်ဖွင့်လှစ် ထိန်းသိမ်းဖို့ ကျွန်တော်ကိုယ်နှိုက်ကပင် အကြိမ်ကြိမ် ရေးသားခဲ့ဖူးသော်လည်း စာမျက်နှာထက် ရောက်ခွင့်မကြုံခဲ့ပါ။ ယခု ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရများထံ ထပ်မံပြီး တင်ပြရတာပါ။

ဒါတွေကျန်သေးတယ်

နောက် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲများအတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ဗဟိန်း (၀ါ) သခင်ဗဟိန်းဟာ အလွန်ထင်ရှားသူ တစ်ဦးပါ။ လူပုံစံချောမောနူးညံ့သိမ်မွေ့သလောက် တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် အလွန်ယုံကြည်ချက်ပြင်းထန်၊ အလွန် တက်ကြွ၊ အလွန်မာကြောတဲ့ သံမဏိ စိတ်ဓာတ် ပိုင်ရှင်တစ်ဦးပါ။ လွတ်လပ်ရေးအတွက် မော်စီတုံးရဲ့ တရုတ်တပ်နီတော်နဲ့ ဆက်သွယ်ဖို့ စာရေးဆရာကြီး ဒဂုန်တာရာနှင့်အတူ ရှမ်းပြည်နယ်ကတဆင့် သွားရောက်ကြိုးပမ်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ချောက်ရေနံမြေသပိတ်ကာလအတွင်း မြင်းခွာတစ်ချက်ပေါက်ရင်၊ မီးဟုန်းဟုန်းတောက်စေရမယ်ဆိုတဲ့ သခင်ဗဟိန်းရဲ့ ရဲရဲတောက်မိန့်ခွန်းကလည်း ထင်ရှားလှပါတယ်။ လွတ်လပ်ရေးအတွက် အပြင်းအထန်ကြိုးစားကြဆဲကာလ ငှက်ဖျားရောဂါနှင့် ဆေးရုံတက်ပြီး အသည်းအသန်ဖြစ်နေချိန် ရဲဘော်ရဲဘက်အချင်းချင်း ယုံကြည်ချက်တစ်ခုကြောင့် သဘောထားကွဲလွဲခဲ့ကြတဲ့ ကိစ္စတစ်ခုအတွက် နာကျည်းခံပြင်းစွာနှင့် အသက်ကုန်ဆုံးရတဲ့ အဖြစ်အပျက်ကလည်း ရင်နာစရာပါပဲ။

၁၉၄၆ခု နိုဝင်ဘာ ၂၀ရက်နေ့က မန္တလေးစိန်ပီတာဆေးရုံကြီးပေါ် ကွယ်လွန်ခဲ့တဲ့ ရဲဘော်ဗဟိန်း (၀ါ) သခင်ဗဟိန်းကို မန္တလေး ရွာဟိုင်းသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ် ခဲ့ပါတယ်။ ရဲဘော်ဗဟိန်းဂူလည်း ၁၉၉၀၀န်းကျင် ရွာဟိုင်းသုသာန် ဖျက်သိမ်းချိန်မှာ သမိုင်းကိုတန်ဖိုးထားသူ ရဟန်းတော်များနဲ့ လုပ်ဖော်ကိုင်ဖက်များက မပျောက်မပျက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အခု ဒီအုတ်ဂူဟာ ရွာဟိုင်းသုသာန်နေရာမှာ အသစ်တည်ဆောက်ထားတဲ့ မဟာအောင်မြေကျောက်မျက်ဈေးကြီးရှေ့ စားသောက်ဆိုင်များအကြားမှာ မထင်မရှား အုတ်ပုံသာသာတည်ရှိနေရာက ပျောက်ကွယ်သွားပါပြီ။ ကျွန်တော်တို့တစ်တွေ သတိမမူလိုက်မိတော့ လက်မတင်လေးပဲ အဖိုးတန်ရတနာတစ်ခု ဆုံးရှုံးသွားပြန်တာပေါ့။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ကိုယ်ကျိုးစွန့်အနစ်အနာခံခဲ့တဲ့ သူရဲကောင်းတစ်ဦးရဲ့ သမိုင်းဝင်နေရာတစ်ခုလည်း စားသောက်ဆိုင်တစ်ခုရဲ့ နောက်ဖေးနေရာတစ်နေရာက လူမသိသူမသိ အပြီးတိုင် ဆုံးရှုံးသွားရပြန်ပါပြီ။

အခုလည်း ခြုံနွယ်ပိတ်ပေါင်းတွေအောက်က သော့အထပ်ထပ်ခတ် မန္တလေး ၁၃၀၀ ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်ဆိုတာလည်း…။

Share on Facebook

တစ်ဖွဲ့၊ တစ်စု၊ တစ်သင်းမှသည် … ကြီးစွာသော ညီညွတ်ငြိမ်းချမ်းမျှတရေးဆီသို့
တစ်ဖွဲ့၊ တစ်စု၊ တစ်သင်းမှသည် … ကြီးစွာသော ညီညွတ်ငြိမ်းချမ်းမျှတရေးဆီသို့

ရုက္ခဿ-သစ်ပင်၏၊ ဆာယာ-အရိပ်သည်၊ သုခံ-ချမ်းသာ၏။

တတော-ထိုသစ်ပင်အရိပ်ချမ်းသာသည်ထက်၊ ညာတိမာတိပိတု-မိဘဆွေမျိုး၏အရိပ်သည်၊ သုက္ခံ-ချမ်းသာ၏။

တတော-ထိုမိဘဆွေမျိုးတို့ အရိပ်ချမ်းသာသည်ထက်၊ အာစရိယော-ဆရာ၏အရိပ်သည်၊ သုခံ-ချမ်းသာ၏။

တတော-ထိုဆရာ၏ အရိပ်ချမ်းသာသည်ထက်၊ ရညော-မင်း အရိပ်သည်၊ သုခံ-ချမ်းသာ၏။

တတာ-ထိုအရိပ်သုံးခုထက်၊ ဗုဒ္ဓဿ-မြတ်စွာဘုရားသခင်၏ သာသနာဆုံးမတော်တည်းဟူသော အရိပ်သည်၊ အတိသုခံ- အလွန်ချမ်းသာ လှပေ၏။ … တဲ့။

ဒီနေရာမှာ သစ်ပင်ရဲ့အရိပ်က ချမ်းသာတယ်။ မိဘဆွေမျိုးရဲ့ အရိပ်က ချမ်းသာတယ်။ ဆရာရဲ့အရိပ်က ချမ်းသာတယ် ဆိုတာကို လွယ်လင့်တကူ လက်ခံကြတယ်။ ကျေနပ်ကြတယ်။ ဒါထက်မက မြတ်စွာဘုရားသခင်၏ သာသနာ အဆုံးမတော်တည်းဟူသော အရိပ်ကပိုပြီးတာ့ ချမ်းသာတယ်ဆိုတာလည်း ခြွင်းချက်မရှိ လက်ခံကြမှာပေါ့။ ‘မင်းရဲ့အရိပ်’ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမဆို မျက်မှောင်လေးကြုတ်ပြီး စဉ်းစားကြမှာကတော့ ဧကန်ပါပဲ။ ဘာလို့လဲဆိုတော့ ‘ရန်သူမျိုး(၅)ပါး’မှာ .. ‘ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ် မနှစ်သက်သောသူ’လို့ ဆိုထားတာကိုး။ သစ်ပင်အရိပ်၊ မိဘဆွေမျိုးအရိပ်၊ ဆရာ့အရိပ် ဆိုတာတွေကို ကြုံဖူးကြသူတွေတိုင်း အေးမြချမ်းသာတယ်ဆိုတာ ငြင်းမယ့်သူမရှိဘူး။ သာသနာရဲ့ အဆုံးအမက ပိုပြီး အေးမြချမ်းသာတယ် ဆိုတာကလည်း မြေကြီးလက်ခတ်မလွဲကိုး…။ ‘မင်း ရဲ့ အရိပ်’ဆိုတာကတော့ ကြုံကြဖူးသူတိုင်း ‘သုမနကျောမှာ ဒဏ်ရာတွေနဲ့’ ချည်း ဆိုတော့ ရုတ်ခြည်း လက်မခံနိုင်ကြတာကတော့ အပြစ်မဆိုသာဘူးပေါ့။

ကောင်းပါပြီ။ ‘မင်း’ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ‘မင်း’နေရာ ရောက်ရတဲ့သူ၊ ရောက်သင့်ရောက်ထိုက်တဲ့သူကိုမှ ‘မင်း’လို့ တစ်ညီတစ်ညွတ်တည်း သတ်မှတ်ရတာပါ။ သစ်ပင်အရိပ်၊ မိဘဆွေမျိုးအရိပ်၊ ဆရာ့အရိပ်ထက် အေးမြတယ်ဆိုတာ တကယ့်ဖြစ်သင့်ဖြစ်ထိုက်၊ ရောက်သင့်ရောက်ထိုက်၊ ယူသင့်ယူထိုက်တဲ့ ဂုဏ်ပုဒ်ရှိတဲ့ ‘မင်း’ကို ဆိုလိုတာပါ။ ဇာတ်ထဲကလို ကိုယ့်အခန်းရောက်မှ အိပ်ရာထဲက လူးလဲထပြီး ခေါင်းပေါင်း ပေါင်း၊ တောင်ရှည် ၀တ်၊ ပလ္လင်ပေါ် ထိုင်၊ သံလျက် ကိုင်ပြီး မင်းကြီးများ… လို့ အာလုတ်သံပြုရတဲ့ မင်းမျိုးကို ဆိုလိုတာမှ မဟုတ်တာ။ ‘မင်း’လို့၊ ‘ရာဇာ’လို့ ခေါ်သင့်ခေါ်ထိုက်တဲ့၊ ခေါ်ထိုက်ကြောင်း ပြဋ္ဌာန်းဖွင့်ဆိုတဲ့ အချက်တွေညီသူကိုပဲ ဆိုလိုတာကိုး…။

‘မင်း’၊ ‘ရာဇာ’၊ ‘ရှင်ဘုရင်’တို့ လိုက်နာအပ်တဲ့ ကျင့်ဝတ်တရားတွေနဲ့ ညီမှသာ ‘မင်း’၊ ‘ရာဇာ’၊ ‘ရှင်ဘုရင်’လို့ ဆိုလိုပြီး တိုင်းသူပြည်သားတွေအပေါ် အေးမြချမ်းသာခြင်းအရိပ်ကို ပေးစေတာပါ…။ ‘မင်းကျင့်တရား(၁၀)ပါး’ တဲ့။ ‘သင်္ဂဟတရား(၄)ပါး’ တဲ့။ ‘အပရိဟာနိယတရား(၇)ပါး’ တဲ့။ ရှေးရှေး .. မင်းကောင်းမင်းမြတ်တွေမှန်သမျှ ဒီတရားတွေနဲ့အညီ၊ ကျင့်ကြံအားထုတ်ကြတယ်။ ဒီ အကျင့်အကြံတရားတွေဟာ ရာဇပလ္လင်ထက်မှာ ခတ္တိယဘိသိတ်၊ ရာဇဘိသိတ်၊ မုဒ္ဓါဘိသိတ်ခံပြီး ရှင်ဘုရင် (၀ါ) မင်းဖြစ်သူမှသာ ကျင့်ကြံလိုက်နာရမှာလား။ အခုခေတ်က ပဒေသရာဇ်ခေတ်မှ မဟုတ်တော့တာ။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ ‘ပြည်သူ့အစိုးရ’ မဟုတ်လား။ လိုအပ်သလားလို့ မေးစရာရှိပါသေးတယ်။ တကယ်တော့ ‘သင်္ဂဟတရား(၄)ပါး’ ဆိုတာ သိင်္ဂါလောဝါဒ ခေါ်တဲ့ လူ့ကျင့်ဝတ်ထဲမှာ အတိအလင်းပါတာပဲ။ လူမှန်ရင် ကျင့်ကြံရမယ့် တရားပါပဲ။

ချစ်ဖွယ်စကား၊ ပြောကြားလေလင့်၊ ချီးမြှင့်ပေးဝေ၊

ဆောင်လေကျိုးကို၊ ကိုယ်တူပြုငြား၊ ဤလေးပါး၊

မှတ်သား ဓမ္မ သင်္ဂဟာ … လို့ ဖွင့်ဆိုခဲ့တဲ့ တရားပါ။

တိုင်းပြည်ခေါင်းဆောင် (၀ါ) လူထုကိုယ်စားလှယ်ခေါင်းဆောင် (၀ါ) တိုင်းပြည်တာဝန်ကို ရယူထားသူတစ်ဦးက ဓားဓားချင်း၊ လှံလှံချင်း၊ တုတ်တုတ်ချင်း၊ တွေ့ရာသင်္ချိုင်းဓားမဆိုင်း ဆိုပြီး စိမ်ခေါ်လို့မရဘူးလေ။ စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင်မဖောက်ဘူး၊ ပစ်ရင် တည့်တည့် ပစ်တာ လို့လည်း မခြိမ်းခြောက်၊ မပေါက်ကွဲရဘူးလေ။ ဘယ်သူတွေ ဘာပြောပြော၊ ကျွန်တော်တို့က နောက်မဆုတ်ဘူး၊ မဖြစ်ဖြစ်အောင် လုပ်မှာ လို့လည်း အများဆန္ဒကို ဥပက္ခာပြုပြီး တာဝန်မဲ့ မပြောရဘူးလေ။ ဒီ ‘သင်္ဂဟတရား(၄)ပါး’က အုပ်ချုပ်သူ (၀ါ) မင်း မှ မဟုတ်ဘူး၊ ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခုမှသာ မဟုတ်ဘူး၊ အကြီးအကဲနေရာ ရောက်သင့်ရောက်ထိုက်သူတိုင်း ကျင့်ကြံရမယ့် တရားပါပဲ။

အလားတူ ‘အပရိဟာနိယတရား(၇)ပါး’ဆိုတာကလည်း မင်းဧကရာဇ်တို့မှ လိုက်နာရမယ့်တရား မဟုတ်ပါဘူး။ ၀ိဇ္ဇီဓမ္မအပရိဟာနိယတရား မင်းဧကရာဇ်မှ တစ်ပါးသော ပုဂ္ဂိုလ်များလည်းပဲ လိုက်နာကြရမယ့်၊ လိုက်နာအပ်တဲ့ တရားတွေပါပဲ။ ဒီနေရာမှာ ‘အပရိဟာနိယတရား(၇)ပါး’ရဲ့ တစ်ပါးချင်းအလိုက် ယာဝကိဝဉ္စ လိစ္ဆ၀ီ အဘိဏှံ သန္နိပါတာ ဘ၀ိဿန္တသန္တိပါတ ဗဟုလာ၊ ၀ုဒ္ဓိယေ၀ လိစ္ဆ၀ီ ၀ဇ္ဇိနံ ပါဋိကင်္ခါ နောပရိယာနိ အစရှိတဲ့ ပါဠိနဲ့ မဖွင့်ဆိုတော့ပါဘူး။ အများနားလည်လွယ်တဲ့ စကားနဲ့ပဲ ခပ်လွယ်လွယ်ပြောပါရစေတော့။ ဒီ ‘အပရိဟာနိယတရား(၇)ပါး’ကို ညောင်တုန်းမြို့ ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ကြီးက ‘လူ့ကျင့်ဝတ် ဂိဟိဝိနယ စာတမ်း’ထဲမှာ ‘ကြီးပွားကြောင်းတရား(၇)ပါး’လို့ ပြန်လည်ရေးသားဖော်ပြထားပါတယ်။ ဆရာတော်ကြီးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းရေးသားချက်မှာ (၁) မပြတ်မပြတ်၊ ထပ်ကာထပ်ကာ စည်းဝေးရာ၏ တဲ့။ ဟုတ်ပါတယ်။ အပရိဟာနိယတရားကို ဂေါတမမြတ်စွာဘုရားက ဝေသာလီပြည်ကို အုပ်စိုးကြကုန်သော ၀ဇ္ဇီလူမျိုးများ ဖြစ်ကြတဲ့ လိစ္ဆ၀ီမင်းသား(၇၀၀)ကျော် တို့ကို ဟောကြားတဲ့တရားတော်ပါ။ မင်းတို့ တိုင်းပြည်ကောင်းစားချင်တယ်ဆိုရင် ဒီလိုဒီလို လုပ်ဆောင်ကြဆိုတဲ့ ဟောကြားညွှန်ပြတဲ့ တရားတော်ပါ။ ဒါကြောင့် ပထမအချက်အနေနဲ့ အကြင်မျှလောက်သော ကာလပတ်လုံး စည်းဝေးတိုင်ပင်ကြကုန်သည် ဖြစ်ကုန်အံ့ လို့ ဟောကြားလေတော့ ညောင်တုန်း ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ကြီးက မပြတ်မပြတ်၊ ထပ်ကာထပ်ကာ စည်းဝေးရာ၏ လို့ လိုရင်းတိုရှင်း ဖွင့်ဆိုထားပါတယ်။

မှန်ပါတယ်။ မင်းတုန်းမင်း အမရပူရနန်းကို သိမ်းပိုက်စံပြီး မန္တလေးရတနာပုံနေပြည်တော် အသစ်တည်ဖို့အတွက် တံဆိပ်တော်ရ၊ မရ  ရဟန်းပညာရှိတွေ၊ လူပညာရှိတွေ အရပ်ရပ် အကြိမ်ကြိမ် ညှိနှိုင်း၊ ငြင်းခုန်၊ စည်းဝေး စေပါတယ်။ ဒီလိုစည်းဝေးငြင်းခုန်ပြီးမှသာ မြို့သစ်တည်ရေး၊ မတည်ရေးကို ဆုံးဖြတ်စေခဲ့တာပါ။ အလားတူပါပဲ ရှေးရှေးကမြန်မာရှင်ဘုရင်များဟာ အနည်းဆုံး တစ်နေ့မှာ အစည်းအဝေး သုံးကြိမ် ပြုလုပ်ကြသတဲ့။ တစ်နေ့သုံးယံ၊ ညီလာခံမြဲ လို့ စာများမှာလည်း ပါရှိပါတယ်။

ကောင်းပြီ…။ ဘယ်လို စည်းဝေးကြမှာလဲ။ (၂) တစ်ဖြာထို့နည်း၊ စည်းဝေးညီညာ၊ ညီညာထခြင်း၊ လုပ်ခြင်းညီညာ၊ ဖြစ်တို့ရာ၏ တဲ့။ အကြင်မျှလောက်သော ကာလပတ်လုံး၊ အညီအညွတ် စည်းဝေးကြကုန်လော့၊ အညီအညွတ် စည်းဝေးရာမှ ထ၍သွားကြကုန်အံ့၊ အညီအညွတ် ပြုခင်းပြုဖွယ်မှန်သမျှကို ပြုကြကုန်အံ့၊ ထိုညီညွတ်သမျှ ကာလပတ်လုံး၊ လူမျိုးတို့၏ စီးပွားခြင်း တိုးတက်ခြင်းကိုသာလျှင် အလိုရှိကြကုန်၊ မဆုတ်ယုတ်နိုင်ကုန် ဆိုတဲ့ ဘုရားဟောရဲ့ အနှစ်ချုပ်ပါပဲ။  ညီညီညွတ်ညွတ် စည်းဝေးကြရမယ်။ ညီညီညွတ်ညွတ် ဆောင်ရွက်ကြရမယ်။ တစ်ကြောင်းတည်းသော ဦးတည်ချက်အတွက်၊ ရည်ရွယ်ချက်အတွက် ညီညွတ်စွာ စည်းဝေးကြရမယ်တဲ့။ ဘယ်လောက်ထိ ညီညွတ်ကြရမလဲဆိုရင် ဦးတည်ချက်၊ ရည်ရွယ်ချက်တစ်ခုတည်းအတွက် စည်းဝေးကြပြီး အစည်းအဝေးပြီးစီးရင်မှပဲ စည်းဝေးသူအားလုံး တစ်ညီတစ်ညွတ်တည်း ထသွားကြရမယ်။ အစည်းအဝေးခန်းက ထွက်သွားကြရမယ်တဲ့။ အစည်းအဝေးပြီးတာတောင် လူအချို့က ထွက်ခွာသွားပြီး၊ လူအချို့ကခန်းမတွင်း ကျန်ရစ်ဦးမယ်ဆိုရင် ထသွားသူတွေက ကျန်ရစ်သူတွေကို နောက်ဆံတတင်းတင်းနဲ့ သံသယ၀င်နိုင်ပါသတဲ့။

နောက် …  တတိယအနေနဲ့ အကြင်မျှလောက်သော ကာလပတ်လုံး၊ ညီညွတ်၍ ဥပဒေပညတ်မထားသေးသည်ကို ပညတ်လုပ်၍ မစီရင်ကုန်အံ့၊ လူတို့၏ ဥပဒေလုပ်ပြီးသည်ကိုလည်း မဖျောက်မဖျက်ကုန်ကြအံ့၊ မှုခင်းမရှိသည် ရှေးအဖို့၌ ညီညွတ်၍ ပညတ်၊ ဥပဒေခန့်အပ်ကုန်သော တရားတို့ကို ကောင်းစွာယူ၍ ကျင့်ကြကုန်တော့အံ့ ဆိုတဲ့အချက်ကို ညောင်တုန်း ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ကြီးက (၃) မြန်မာတို့နည်း၊ ပညတ်ပြီးကို၊ အပိုထည့်ခြင်း၊ နုတ်ပယ်ခြင်းမှ၊ ကင်းဝေးပ၍၊ ရှေးကတိုင်းသာ၊ ကျင့်ကြရာ၏ လို့ အနှစ်ထုတ်ပေးပါတယ်။ အများက စည်းဝေးဆုံးဖြတ်ပြီးတဲ့အတိုင်း မပြုမပြင် မပြောင်းမလဲ ဆောင်ရွက်ပါ၊ ကျင့်ကြံပါ၊ အကောင်အထည်ဖော်ပါ လို့ ဆိုလိုရင်းပါ။ တရားဝင်ပြောရေးဆိုခွင့်ရှိသူက အဖွဲ့ကိုယ်စား စည်းဝေးဆုံးဖြတ်ထားတဲ့အတိုင်း ထုတ်ပြန်ကြေညာပြီးကာမှ အဖွဲ့ဝင်တစ်ယောက်က သူ့သဘောဆန္ဒတစ်ခုတည်းကို လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်ကြေညာ တာမျိုး၊ ဆောင်ရွက်ပြုမူတာမျိုး မဖြစ်စေသင့်ဘူးလို့ ဆိုလိုတာပါ။ မူရှိပါလျက် လူပြောင်းတိုင်း မူကလိုက်ပြောင်းနေလို့ အလုပ်မဖြစ်ခဲ့တာလည်း ကြုံကြရပြီးသားပါ။ ဒါကြောင့် ရာဇာမင်းနဲ့ ပြည်သူကြား အယုံအကြည်မရှိနိုင်ဘဲ ‘မင်းမှာသစ္စာ၊ လူမှာကတိ’ဆိုတဲ့ ဆိုရိုးစကားပင်လျှင် ပျောက်ကွယ်မတတ်ဖြစ်ခဲ့ကြပြီး ဆုတ်ယုတ်ပျက်စီးနစ်နာမှုတွေရှိကြရခြင်းဟာ အပရိဟာနိယတရားအတိုင်း ကျင့်ကြံမှု ပျက်ပြားခဲ့ကြလို့ ဖြစ်ပါတယ်။

နံပါတ်(၄)အချက်ကိုတော့ ညောင်ကုန်းရွှေဟင်္သာဆရာတော်ကြီးက (၄) မြန်မာတို့တွင်၊ အကြင်သသူ၊ ကြီးပါမူကား၊ ထိုသူအားကို၊ ပြုငြားရိုသေ၊ ပြုလေလေးမြတ်၊ ပူဇော်အပ်လျက်၊ နှုတ်ထွက်စကား၊ မှတ်သားထိုက်စွာ၊ ထင်ကုန်ရာ၏ လို့ ဖွင့်ဆိုပါတယ်။ လူအိုဖြစ်ကုန်သော လူမျိုးတို့သည် အကြင်မျှလောက်သော ကာလပတ်လုံး အရိုအသေပြုကုန်အံ့။ အလေးအမြတ်ပြုကုန်အံ့။ မြတ်နိုးစုံမက်ကုန်အံ့။ ပူဇော်ချီးမြှောက်ကုန်အံ့။ ထိုလူအိုတို့၏စကားကိုလည်း နားထောင်ထိုက်သည် ဟူ၍ အောက်မေ့ကုန်ငြားအံ့။ ထိုမျှလောက်သော ကာလပတ်လုံး ကြီးပွားခြင်းကိုသာလျှင် အလိုရှိကြကုန်၊ မဆုတ်ယုတ်နိုင်ကုန် ဆိုတဲ့ အနက်ရဲ့ အနှစ်ချုပ်ပါ။ အသက်အရွယ်ကြီးရင့်လို့ မသုံးတော့ဘူး။ အသက်အရွယ်လည်း ကြီးရင့်၊ ကိုယ်နဲ့ သဘောထားချင်းလည်း မတူလို့ ဖယ်ရှားလိုက်တယ်၊ ချောင်ထိုးလိုက်တယ်၊ ဥပက္ခာပြုလိုက်တယ် ဆိုတာမျိုး မပြုမူ မဆောင်ရွက်ကြပါနဲ့တဲ့။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတဲ့ ဘက်ပေါင်းစုံမှာ သက်ကြီးဝါကြီးပုဂ္ဂိုလ်ကြီးများထံမှ အကြံဉာဏ်တွေ ရယူကောင်းပါတယ်။ သူတို့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေ ရှိကြတယ် မဟုတ်ပါလား။ ဒီနေရာမှာ ကြုံလို့ ပြောပါရစေ။ ယဉ်ကျေးမှုအနုပညာအစဉ်အလာ ကြီးမားခဲ့တဲ့ မန္တလေးက အသက် ၆၀၊ ၇၀၊ ၈၀ကျော် ပညာရှင်ကြီးတွေက သူတို့ပညာရပ်တွေရဲ့ အနှစ်တွေကို စုစည်းပြီး အနုပညာမှတ်တမ်း  ဗီစီဒီတစ်ချပ်ကို ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ပါတယ်။ ထုံးစံအတိုင်း စိစစ်ရေး ဆင်ဆာထံ တင်တော့  အသက် ၃၀ နဲ့ ၄၀ ၀န်းကျင် ပညာရှင်ဆိုသူ တာဝန်ရှိသူများက သူတို့ မသိဖူး၊ မကြားဖူး၊ မမြင်ဖူးတာတွေမို့ ခွင့်မပြုနိုင်ပါဘူး ဆိုတာမျိုး တစ်နေ့မနေ့ကပဲ ကြုံလိုက်ရပါသေးတယ်။ ဒီလို အဖြစ်အပျက်မျိုးက အသေးအဖွဲပါ။ အမျိုးသားရေးဆိုင်ရာ ပြဿနာကြီးတွေမှာအထိ သက်ကြီးဝါကြီးဝါရင့်တွေကို ပယ်ရှားခဲ့လို့ ခွက်ခွက်လန်ခဲ့တာတွေလည်း လူတိုင်းအသိပဲ မဟုတ်ပါလား။ နောက်နောင် ဒါမျိုးတွေ မဖြစ်ကြဖို့ ရှောင်ရှားကြရပါမယ်။

မြန်မာရှင်ဘုရင်တွေမှာ မှူးတော် မတ်တော် ၆၀ကျော်၊ ၇၀လောက်မှာ သက်ကြီးဝါကြီး၊ မှူးကြီး၊ မတ်ကြီးတွေက အများစုပါတဲ့။ သက်တော်ရှည် ဆိုပြီး မင်းတိုင်ပင်တွေအဖြစ်လည်း ခန့်ထားခဲ့ကြပါသတဲ့။ ဒါဟာ အပရိဟာနိယတရားနဲ့အညီ ကျင့်ကြံတာပါ။

အပရိဟာနိယတရား ပဉ္စမမှာ အကြင်မိန်းမတို့သည်လည်းကောင်း၊ အကြင်အမျိုးသမီးပျို တို့သည်လည်းကောင်း ရှိကုန်၏။ ထိုမိန်းမတို့ ကို ဆွဲငှင်၍၊ နှိပ်စက်၍၊ အကြင်မျှလောက်သော ကာလပတ်လုံး အစိုးရတို့အိမ်၌ မနေစေကုန်အံ့။ အကြင်မျှလောက်သော ကာလပတ်လုံး ကြီးပွားခြင်းကိုသာလျှင် အလိုရှိရကုန်၏။ မဆုတ်ယုတ်နိုင် လို့ ပါရှိပါတယ်။ ‘ကြီးပွားကြောင်းတရား(၇)ပါး’မှာ ဆရာတော်ကြီးက (၅)များစွာပေထ၊ မိန်းမကြီးငယ်၊ ရွယ်လတ်တို့ကို၊ အလိုမတူ၊ ရှိမူပယ်ခွာ၊ ရှောင်ကြဉ်ရာ၏ လို့ အနှစ်ချုပ်ထားပါတယ်။  ခေါင်းဆောင်ဆိုတာ၊ အကြီးအကဲဆိုတာ၊ အားကြီးတဲ့ယောက်ျားသားဆိုတာ အမျိုးသမီးများကို အနိုင်အထက်ယူခြင်း၊ သိမ်းပိုက်ခြင်းမပြုရဘူး။ ရှင်ဘုရင်မှအစ နောက်လိုက်ငယ်သား တပ်မှူးတပ်သားအထိ တစ်ညီတစ်ညွတ်တည်း လိုက်နာကြရမယ်။ သဘောမတူဘဲ အဓမ္မနည်းနဲ့  ပျိုပျိုအိုအို မည်သူ့ကိုမှ မသိမ်းပိုက်ရဘူး။ အခါမလတ် ‘မ’ဖက်ကိစ္စကိုချည်း မဖြစ်မနေ၊ မရမနေ ကြံဆောင်ခြင်း မပြုရဘူးလို့ ဆိုလိုတာပါ။

ဒီခေတ်မှာတော့ မိန်းမပျိုလေးတွေကို လက်နက်အားကိုးနဲ့ အဓမ္မဖျက်ဆီးတာ၊ သိမ်းပိုက်တာမျိုးဟာ ဒီတရားကို ဖောက်ဖျက်တာပါပဲ။ ဈေးကွက်စီးပွားရေးစံနစ် စတင်ကျင့်သုံးတဲ့ လွန်ခဲ့တဲ့ နှစ်၂၀ကျော် ၀န်းကျင်ကပဲ ကုမ္ပဏီပိုင်ရှင်၊ စတိုးဆိုင်ပိုင်ရှင်၊ မန်နေဂျာ စတဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက လက်အောက်ငယ်သား လခစား မိန်းမပျိုလေးတွေအပေါ် နိုင်ထက်စီးနင်း ပြုမူတာမျိုးတွေ ဖန်တရာတေ ကြားဖူးရတယ်။ အခုနောက်ပိုင်း နားမဆန့်အောင်ကြားရတာမျိုးက အလုံးအရင်းနဲ့ ၀င်ရောက်ကာ ဓနအား၊ လူအားနဲ့ လုပ်ဆောင်လာတဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေက မိန်းမပျိုလေးတွေအပေါ် အဖျော်ဖြေခံအဖြစ် သိမ်းသွင်းစော်ကားလာကြပြီး အမျိုးဖျက်လာတာမျိုးတွေပါ။ ဖက်ဆစ်ခေတ်က ဆောင်ကြာမြိုင်ခန်း၊ ဆောင်ကြာမြိုင်မယ်တွေ တစ်ကြော့ပြန်မလာနိုင်အောင် အမျိုး၊ဘာသာ၊သာသနာ ကို ထိပါးလာတဲ့ ကိစ္စတစ်ခုအသွင် တားဆီးကြရပါမယ်။ ဧရာဝတီမြစ်ညာပိုင်းဒေသတစ်ခုမှာ အလုံးအရင်းနဲ့ ၀င်ရောက် နေရာယူ လုပ်ကိုင်လာတဲ့  နိုင်ငံခြားကုမ္ပဏီတစ်ခုက ပညာရှင်မှသည် အလုပ်ကြမ်းဝန်ထမ်း နိုင်ငံခြားသား ထောင်ချီဦးရေတွေကြောင့် မြန်မာကျေးလက်မိန်းမပျိုလေးတွေ တိမ်းပါးရိမ်းပါး ဖြစ်ကုန်ကြတာ နားနဲ့ဆတ်ဆတ် ကြားခဲ့ရပါတယ်။

လူမျိုးတို့၏ မြို့တွင်း၌မူလည်း ဖြစ်ကုန်သော မြို့ပြင်၌လည်းဖြစ်ကုန်သော အကြင်မြို့တော် ရွာစောင့်နတ်တို့သည် ရှိကုန်၏။ အကြင်မြို့စောင့်၊ ရွာစောင့်နတ်တို့ကို အကြင်မျှလောက်သော ကာလပတ်လုံး အရိုအသေပြုကြအံ့၊ အမြတ်တနိုးပြုကြအံ့ လို့ အပရိဟာနိယတရားမှာ ဆဋ္ဌမအချက်အနေနဲ့ အနက်ပေးထားပါတယ်။ ညောင်တုန်း ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ကြီးက (၆) မြန်မာရှေးက၊ ပူဇော်ကြအပ်၊ အရပ်တွင်းပ၊ ထိုဌာနကို၊ ပြုကြရိုသေ၊ ပြူလေစမြဲ၊ ရှေးနည်းတိုင်းလား၊ တရားနှင့်သာ၊ လျော်စွာပသ၊ ပူဇော်ကြ၏ လို့ ဖွင့်ဆိုထားပါတယ်။ ဒီအလွယ်ဆုံး အရှင်းဆုံးအနေနဲ့ မြို့ရွာတိုင်းပြည်မှာရှိတဲ့ မိရိုးဖလာနတ်တွေ၊ နတ်ကွန်းတွေကို ပူဇော်ပသရမယ် ဆိုတာမျိုးပါ။ မင်းတုန်းမင်းကြီးဆိုရင် ရတနာပုံ မန္တလေးရွှေမြို့တော် တည်စဉ်ကပဲ မန္တလေးတောင် ဘိုးဘိုးကြီးနတ်ကအစ ရွှေဖျဉ်းညီနောင်နတ်အလယ်၊ မြို့စောင့်ရွာစောင့် သက်ဆိုင်ရာ နတ်တွေကို ပူဇော်ပသတယ်။ ဒါမျှမက နန်းတော်ထဲမှာလည်း လွန်လေပြီးတဲ့ ဘေးလောင်းတော်၊ ဘိုးလောင်းတော်တွေရဲ့ ရွှေသားရုပ်ထုတွေကို ပူဇော်ပသတယ်တဲ့။

ဒီနေရာမှာ မြန်မာပညာရှိကြီး ရွှေပြည်ဦးဘတင်က ထပ်မံဖွင့်ဆိုရာမှာ အပရိဟာနိယာတရား ဆဋ္ဌမအချက်မှာပါတဲ့ ‘စေတိယာနိ’ကို ဖွင့်ဆိုရာမှာ စေတီထိုက်တယ်ဆိုတဲ့ အထွဋ်အမြတ်တွေမှာ နိုင်ငံနဲ့လူမျိုးနဲ့ ချီပြီး သက်ဆိုင်တဲ့ လွတ်လပ်ရေးကျောက်တိုင်သည်ပင်လျှင် စေတီထိုက်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကနေ ဆင့်ပွား စဉ်းစားလိုက်တဲ့အခါ နိုင်ငံနဲ့လူမျိုးနဲ့ သက်ဆိုင်တဲ့ ဗိမာန်တွေ၊ အထိမ်းအမှတ်အဆောက်အအုံတွေ ကလည်း စေတီထိုက်နိုင်တာပါပဲ။ ဒါကြောင့်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာ မထင်မှတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ ကျဆုံးတော့ ၀မ်းနည်းပက်လက် မချိတင်ကဲနဲ့ သြော်… အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က၊ အောင်စာတမ်းချို့စေဖို့၊ အောင်ပန်းညှို့ရရှာတဲ့၊ တောင်တမန်းတို့ဗမာမှာ၊ အဟောင်းသံသရာအငုတ်တွေနှင့်၊ အောင်ဆန်းတို့ မသာမယာဟာ၊ ၄င်းကံကြမ္မာအလုပ်ပေထင့် … လို့အစချီတဲ့ ‘အာဇာနည်ဗိမာန်’လေးချိုးကြီးမှာ …

သြော် … အမှောင်စရိုက်ကယ်နှင့်

ပြောင်ပြောင်ပဲ မိုက်မပေါ့လို့

ဗြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့

ဇာတာမှိန်လို့မို့ …

ဂဏာမငြိမ် တာဝတိံယွန်းကြပေါ့၊

ဖြေမကြည် နေရီတော့ လွမ်းစေဖို့

မြန်မာပြည်ပေါ်ကို ဓမ္မစည်တော် ရွမ်းချိန်မို့

အစွမ်းကုန်သည် တစ်ခါဖြင့်

ပြည်ရွာညီညာဖို့ အလုပ်ပေပေါ့

သုဿန်တံခွန် စောင်းရရှာတဲ့

ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်

အလွန်ကောင်းစွာ ကမ္ဘာတည်မည့်

အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်

ပါရမီအဓိဋ္ဌာန်တစ်မျိုးရယ်နှင့်

ရှိခိုးကာဆရာကန်တော့ချင်ရဲ့… လို့ ရေးစပ်ခဲ့ပါတယ်။

ဒါကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကလည်း နိုင်ငံလုံးဆိုင်ရာ၊ အမျိုးသားလုံးဆိုင်ရာ အထွဋ်အမြတ်ထားရမယ့် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများရဲ့ အာဇာနည်ဗိမာန်ကိုလည်း စေတီထိုက်ပြီး တော်လွန်းတဲ့တပည့်အတွက် ဆရာကိုယ်နှိုက်က ရှိခိုးကန်တော့ လိုက်ချင်ပါတယ် လို့မှပင် ဂုဏ်ပြုစပ်ဆိုထားတာဟာ ဆရာကြီးရဲ့ စိတ်ဓာတ်မြင့်မားမှုပြယုဂ်ပါပဲ။

ဒါကြောင့် ကျွန်တော်တို့ မန္တလေးမြို့ တမ္ပ၀တီသူကြွယ်ကုန်းမှာရှိတဲ့ ‘အာဇာနည် ၁၇ဦး ဗိမာန်’ ဆိုတာကိုလည်း ပစ်ပယ် မထားသင့်ပေဘူးပေါ့။ လွတ်လပ်ရေးတိုက်ပွဲကာလအတွင်း ၁၉၃၉ခု ဖေဖော်ဝါရီ ၁၀ရက်နေ့က မန္တလေးမြို့မှာ ရဟန်းရှင်လူ ကျောင်းသားတွေဟာ အသက်ကိုဗဓာနမထားဘဲ စွန့်လွှတ်တိုက်ပွဲဝင် ကျဆုံးခဲ့ကြရာမှာက အာဇာနည်အဖြစ် အသိအမှတ်ရပြုပြီး ဗိမာန်တည်ထား ဂုဏ်ပြုခဲ့တာပါ။ အခုတော့ မန္တလေး ‘အာဇာနည် ၁၇ဦး ဗိမာန်’ဟာ သော့အထပ်ထပ်ခတ်၊ ခြုံနွယ်ပိတ်ပေါင်း ဖုံးလွှမ်းပိတ်ဆို့ပြီး တိမ်မြုပ်ပျောက်ကွယ်မတတ် ဖြစ်နေခြင်းကလည်း အပရိဟာနိယတရားနဲ့ မညီညွတ်ဘူးပေါ့။ အလားတူ သခင်ဗဟိန်းဆိုတဲ့ ပုဂ္ဂိုလ်ကလည်း လွတ်လပ်ရေးတိုက်ပွဲ ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ လက်တွဲပြီး ကျန်းမာရေးကိုပင် ဂရုမပြုနိုင်ဘဲ အရိုးကျေကျေ အရေခန်းခန်း စိတ်ဓာတ်နဲ့ နိုင်ငံအကျိုးဆောင်ရွက်ခဲ့တာပါပဲ။ လွတ်လပ်ရေးမရမီ ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် အသည်းအသန် အလုပ်ရှုပ် အလုပ်များနေကြတဲ့ကာလ ၁၉၄၆ခု နိုဝင်ဘာ ၂၀ရက်နေ့မှာ ငှက်ဖျားရောဂါနှင့် မန္တလေး စိန်ပီတာဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ရှာတာပါ။ သခင်ဗဟိန်းရဲ့ ဂူဟာ ရွာဟိုင်းသုဿန်မှာ ရှိပါတယ်။ ယခုထိတော့ ရွာဟိုင်းသုဿန်တစ်ဖြစ်လဲ မဟာအောင်မြေ ကျောက်မျက်ဈေးရှေ့ ဆိုင်ခန်းတွေကြား လူမသိမထင်ရှားအရာမျှလောက်သာ ရှိပါတော့တယ်။ သခင်ဗဟိန်းဂူဟာလည်း ‘ဗိမာန်’အသွင် အလေးအမြတ်ပြုရမယ့် နေရာတစ်ခုပါပဲ။

အပရိဟာနိယတရားရဲ့ နောက်ဆုံး သတ္တမအချက်မှာ (၇) ကိုးကွယ်သောရဟန္တာတို့သည်လည်း အဘယ်အခါ လာပါကုန်အံ့နည်း၊ လာရောက်ကုန်ပြီးသော ရဟန္တာတို့သည်လည်း နိုင်ငံတော်၌ ချမ်းသာစွာ သီတင်းသုံးကုန်ကြပါအံ့နည်း လို့ အနက်ပေးပါတယ်။ ညောင်တုန်း ရွှေဟင်္သာ တောရစံကျောင်း ဆရာတော်ကြီးကတော့ ထိုမှတဖန်၊ နိုင်ငံမြို့ရွာ၊ ဤဌာနသို့၊ မလာသေးငြား၊ ရဟန်းများတို့၊ လားငြားဖို့ရန်၊ တဖန်လာပြီး၊ ဘုန်းကြီးသံဃာ၊ ချမ်းသာနေရန်၊ ကြံဖန်၍သာ၊ သံဃာတို့အား၊ ဘေးရန်များမှ၊ တားဆီးသမှု၊ ပြုလုပ်ကြရာ လို့ အနှစ်ချုပ်ပါတယ်။ ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်နိုင်ငံမှာ သူတော်ကောင်းတွေ လာအောင် ကြိုးစားကြပါ။ ဒီမှာ ရှိပြီးသား သူတော်ကောင်းတွေလည်းပဲ ဒီမှာပျော်အောင်၊ မနေသာလို့ အဝေးကိုထွက်ခွာမသွားအောင်၊ စိတ်မပျက်အောင် ပြုစုစောင့်ရှောက်ကြရမယ်။ သူတော်ကောင်းကို မင်းအစိုးရတို့က မွေးထားရမယ်။ တိုင်းခြားအဝေးမှာရှိရင်မှပင် ကိုယ့်ဆီပင့်ခေါ်ရမယ်၊ ပြုစုစောင့်ရှောက်ရမယ်လို့ဆိုလိုတာပါ။

ပုဂံခေတ်က နရသူဘုရင်ဟာ အလွန်ဆိုးသွမ်း ကောက်ကျစ်တဲ့ ဘုရင်ပါ။ သူ အာဏာရရေးအတွက် ပံ့သကူမထေရ်ကိုပင် လိမ်ညာချဉ်းကပ် ခုတုံးလုပ်ပြီး အသုံးချရဲခဲ့တဲ့၊ အသုံးချရက်ခဲ့တဲ့ အတွက် ဆရာတော်က ဒီအကြောင်းကို သိသည်နှင့် တစ်ပြိုင်နက် ခပ်မဆိပ်မနေ၊ ချက်ချင်းပင် နရသူထံ ကြွသွားပြီး ဟယ် … မင်းဆိုးမင်းညစ်၊ နင်ကား သံသရာဝယ်ခံရအံ့သော မကောင်းမှုကို မကြောက်၊ ဤစည်းစိမ်ကိုရလျှင် နင်၏ကိုယ်ခန္ဓာလည်း မအိုမသေပြီဟူ၍ မှတ်သလော။ လောကတွင် နင့်ထက်ပျက်သော မင်းသည်ကား မရှိ။ လူ့ပြည်တွင် နင့်ထက်ဆိုးရွားညစ်ညမ်းသူ မရှိ။ လို့ နှုတ်ရေးနဲ့ တော်လှန်ခဲ့သတဲ့။ ပံ့သကူမထေရ်ဟာ ဒါမျှမက မင်းဆိုးမင်းညစ် အုပ်စိုးရာ ပုဂံပြည်မှာ မနေ၊  သီဟိုဠ်ကျွန်းကို ကြွသွားပါတော့တယ်။ အပရိဟာနိယတရားနဲ့ မညီညွတ်တဲ့ မင်းရဲ့ အုပ်စိုးမှုအောက်မှာ ဘယ် သူတော်ကောင်းပညာရှိမှ နေထိုင်လို့ မရတဲ့ သာဓကပါပဲ။

‘အပရိဟာနိယတရား(၇)ပါး’ဟာ တကယ်တော့ အုပ်စိုးတဲ့ ဘုရင်၊ ရာဇာ၊ ဧကရာဇ်၊ မင်း တို့ ကျင့်ကြံအပ်သည့်တရားမျှသာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့တစ်ဖွဲ့ ကျင့်ကြံရမယ့်တရား၊ ပါတီအဖွဲ့အစည်းတစ်ခု ကျင့်ကြံရမယ့်တရား၊ လုပ်ငန်းအဖွဲ့အစည်းတစ်ခု ကျင့်ကြံရမယ့်တရား၊ အစုအစည်းသမဂ္ဂတစ်ခု ကျင့်ကြံရမယ့်တရား ဖြစ်ပါတယ်။

ညောင်တုန်း ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ကြီး အဓိပ္ပာယ်ဖွင့်သလို တိုင်းပြည်၊ နိုင်ငံ၊ လူမျိုး၊ အဖွဲ့အစည်း၊ သမဂ္ဂ တစ်ခုရဲ့ ကြီးပွားကြောင်းတရားဆိုတာ အမှန်တရားပါပဲ…။ ညီညွတ်ရင် ငြိမ်းချမ်းမယ်။ ငြိမ်းချမ်းမှ မျှတမယ်။ ညီညွတ်ငြိမ်းချမ်းမျှတမှ နိုင်ငံနှင့်လူမျိုးကြီးပွားမှ ပေါ့။

ဒါကြောင့် ဒီတရားဟာ အခုထိ ခေတ်မီ နေဆဲပါ။

Share on Facebook

ရတနာပုံမ်နေပြည်…၊ တာရဲတန်း…၊ အပျော်တမ်းအသင်း ဥက္ကဋ္ဌမှသည်…
ရတနာပုံမ်နေပြည်…၊ တာရဲတန်း…၊ အပျော်တမ်းအသင်း ဥက္ကဋ္ဌမှသည်…

လွန်ခဲ့တဲ့ ၂ နှစ်ကပဲ မန္တလေးရတနာပုံနေပြည်တော်သက်တမ်း အနှစ် ၁၅၀ပြည့်ခဲ့သည်။ မန္တလေးသည်မြန်မာတို့၏ နောက်ဆုံးမင်းဆက်စိုးစံခဲ့သော မြို့တော်အဖြစ်ထင်ရှားခဲ့ရုံသာမက ရိုးရာယဉ်ကျေးမှု အနုပညာများဖြင့် မြန်မာ၏ပြယုဂ်ကိုဖော်ဆောင်ခဲ့ရာ နေရာဒေသအဖြစ်လည်း မြို့တည်နန်းတတည်နှစ် ၁၀၀ သက်တမ်းအတွင်း ကျော်ကြားခဲ့သည်။ မန္တလေးမြို့တည်နန်းတည်စဉ်ကာလ ပြင်သစ်၊ အင်္ဂလိပ်စသော ဥရောပတိုက်ရှိ နိုင်ငံကြီးများနှင့် ဆက်ဆံခဲ့ရုံမက…. အိမ်နီးချင်း ခြံစည်းရိုးချင်းဆက်နိုင်ငံများနှင့် ဆက်ဆံနေရာပေးမှုကလည်း သိသာထင်ရှားခဲ့၏။

တာရဲတန်း

မင်းတုန်းမင်းကြီးက မြန်မာတို့၏ မင်းနေပြည်မန္တလေးရတနာပုံမ်ရွှေမြို့တော်တွင် သက်ဆိုင်ရာရပ်ကွက်၊ ၀င်းနှင့် အစုအဖွဲ့များကို စနစ်တကျ နေရာချထားပေးရာ၌ လူမျိုးခြားများနှင့်ပတ်သက်၍လည်း သီးခြားစဉ်းစားနေရာပေးမှုများကလည်း ဂရုပြုဖွယ်ဖြစ်၏။ သံဝင်းတဲ့….၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီစသော သံအရာရှိများ တစ်စုတစ်ဝေးတည်းနေထိုင်ကြသည့် နေရာဖြစ်သည်။ ယခု အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ ရပ်ကွက်တွင်တည်ရှိသည်။ ထို့နောက် ယိုးဒယား ဈေးဝင်းတဲ့….။ အမရပူရခေတ်ကတည်းက သုံ့ပန်းများအဖြစ်ရောက်ရှိလာသော ထိုင်းလူမျိုးတို့ကို ချထားနေထိုင်ရောင်းဝယ်စေသော နေရာဖြစ်သည်….။ ယခု ချမ်းအေးသာစံမြို့နယ်၊ အောင်းနန်းရိပ်သာအရှေ့ရပ်ကွက်တွင်ရှိသည်။ ထို့နောက်… တာရဲတန်းတဲ့….။ မွန်ဂိုတရုတ်တာရဲများကို မြန်မာအသံထွက်ပီပီဖြင့် တာရဲ ဟုခေါ်ပြီး…. ထိုသူတို့ စုဝေးနေထိုင်ရာအရပ်ဖြစ်သည်။ တာတာနွယ်ဝင် တရုတ်များဟုလည်း ခေါ်ကြသည်။ လမ်း ၈၀၊ ၃၇ လမ်းမှ ၄၂ လမ်းကြား နေရာဖြစ်သည်။

ရာဇာ့ပလ္လင်တော်အနီးမှာ

လမ်း ၈၀နှင့် ၃၅ လမ်းထောင့်မှာလည်း မင်းတုန်းမင်း၏ ဗိုလ်ချုပ်ကြီး ကူဝင်ရူစလေမန်ဆောက်လုပ်လှူဒါန်းခဲ့သော ပန်းသေးဗလီ ကြီးလည်းရှိသည်။ အေဒီ ၁၈၆၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပန်းသေးခေါင်း မတူတူက ခုနစ်ရွာမိဖုရားထံမှ ငွေရှစ်ဆယ်ဖြင့် ၀ယ်ယူခဲ့သော နေရာဖြစ်သည်။ အခုဆိုရင် နှစ်ပေါင်း ၁၄၀ ကျော်ပြီပေါ့….။ မန္တလေးမြို့တည်နန်းတည်ပြီး ၁၀ နှစ်ဝန်းကျင်အတွင်းမှာပင် ရွှေမြို့တော်၏အချက် အချာနေရာများ၌ ဆွေမျိုးပေါက်ဖော်တို့ မင်းခစားအဖြစ် တခန်းတနား နေရာရလာကြသည့် သဘောဖြစ်သည်။ မင်းတုန်းမင်းခေတ်လက်ထက် ကြီး၌သာမက သားတော်သီပေါမင်းခေတ် လက်ထက်တော်လေးကာလအထိ မန္တလေးရတနာပုံမ် နေပြည်တော်တွင်ဆွေမျိုးပေါက်ဖော်တို့က အဓိက အရေးပါသော စစ်မှုထမ်းများအဖြစ် တာဝန်ထမ်းကြရာတွင် တရုတ်ဗိုလ်မင်းကြီး ဆွင်တာလောရဲသည်လည်း ထင်ရှားသည်။ ဆွင်တာလောရဲက မြန်မာအမျိုးသမီးနှင့်ပင်အိမ်ထောင်ရက်သားကျပြီး…အေဒီ ၁၉၀၂ခု ဇူလိုင် ၈ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။

အပျော်တမ်းတူရိယာအသင်းဥက္ကဋ္ဌ

တကယ်တော့ မန္တလေးရတနာပုံမ်နေပြည်တော်သို့ ကနဦးရောက်စ ဆွေမျိုးပေါက်ဖော်များကား ပုဂံခေတ်ကတည်းကလို ဧကရာဇ်ဝါဒဖြင့် စစ်ရေးဗျူဟာဆိုင်ရာဝင်ရောက် ချယ်လှယ်လိုမှုမျိုး သိသာထင်ရှားစေခြင်းမရှိဘဲ မြန်မာဧကရာဇ်၏သစ္စာတော်ခံ(ကြေးစား)အမှုထမ်းအဖြစ် ရိုကျိုး ပျားဝပ်ခဲ့ပြီး ဘာသာရေးမှအစ လူမှုရေးယဉ်ကျေးမှုအထိ ပီဘိမြန်မာအသွင် လက်ခံလိုက်နာခဲ့ကြသည်မှာ ငြင်းဖွယ်မရှိချေ။ ဥပမာဆိုပါတော့…၊ ကိုလိုနီခေတ်ဦး မန္တလေးလွှတ်တော် စာတော်ပြန်ဝန်ထောက်မင်း တော်စိန်ခိုသည် သက္ကရာဇ် ၁၂၂၆ ခုနှစ် နတ်တော်လဆန်း ၉ ရက်(ခရစ် ၁၈၆၄ ခုနှစ်)တွင် မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၌အဖ တရုတ် ဥတည်ဘုရင် မဟာမျိုးနွယ်လေးမျိုးဝင် တော်ဂုတ္တအနွယ် တော်စိန်ထွန်း၊ အမိဒေါ်နုတို့က မွေးဖွားခဲ့ပြီး ၁၂၂၈ ခုနှစ် မြင်ကွန်းမြင်းခုန်တိုင်အရေးအပြီး မန္တလေးရတနာပုံမ်နေပြည်တော်သို့ ပြောင်းရွေ့ရောက်ရှိခဲ့သည်။ မန္တလေးရွှေမြို့တော်မှနာမည်ကျော်ဒေါက်တာမတ်ကျောင်း (သံတဲကျောင်း)တွင် သီပေါမင်းသားနှင့်အတူ ပညာသင်ခဲ့၏။ ပါတော်မူပြီးနောက် မန္တလေးလွှတ်တော်တွင် စာတော်ပြန်ဝန်ထောက် ၁၈၉၃ တွင် ဒုတိယအတွင်းဝန်ထောက်၊ ၁၈၉၃ တွင် ဒုတိယအတွင်းဝန်။ ၁၈၉၇ တွင် တရုတ်ပညာသင်၊ ၁၈၉၉ တွင် အတွင်းဝန်ကလေး…. စသည်ဖြင့် အမှုထမ်းခဲ့ပြီး ရှေးဟောင်သုတေသနနှင့် လွှတ်တော်ဆိုင်ရာတွင် ကျွမ်းကျင်ပညာရှင်ဖြစ်ခဲ့၏။ အနုသုခုမဖက်တွင် လည်း ကြည့်ပါဦး….။ မန္တလေးမြို့မှ တန်စုရဟူသော တရုတ်လူမျိုးက မြန်မာ့သုခုမအငြိမ့်သဘင်ကို မြတ်နိုးတွယ်တာလိုက်သည်က ပြောကြစို့ ဆိုလျှင် မြခြေကျင်း မငွေမြိုင်ကို တစ်ဖက်သက်မြတ်နိုးခဲ့ပြီး ယခု မလွန်ရပ်ရှိ ပရိယတ္တိသာသနဟိတအသင်း ဗိမာန်တော်ကြီးတည်ရှိရာ နေရာဒင်္ဂါးဝင်း တွင် ]ဒင်္ဂါးဇာတ်ရုံ}အမည်ဖြင့် ဇာတ်ရုံကြီးထိုးပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲများခြိမ့်ခြိမ့်သည်း ရုံသွင်းကပြစေခဲ့သည်။ ထို့ပြင် ယနေ့ထက်တိုင် မန္တလေးမြို့ ဂုဏ်ဆောင်အဖြစ်ခိုင်မာဆဲဖြစ်သော မြို့မအပျော်တမ်းတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ် ကစတင်တည်ထောင်ခဲ့သူများတွင် ဆိုင်းတန်းရပ်မှ အပေါင်ဆိုင်လုပ်ငန်း ပိုင်ရှင် ဦးတော်လုံသည်လည်း တရုတ်လူမျိုးဖြစ်သည်။ ဓားတန်းဦးသန့်၊ ကိုဘညိန်း၊ ကိုလှဒင်စသော…. ဂီတ၀ါသနာရှင် လူငယ်လေးများကို လိုအပ်သောတူရိယာပစ္စည်းများနှင့်အတူ လိုအပ်သောအကူအညီများပေးခဲ့ပြီး လူငယ်လေးများ သီဆိုတီးမှုတ်ကြပုံကို ဘေးမှ ထိုင်နားထောင်ရင်း ကျေနပ်ပီတိဖြစ်နေသည်ကိုလည်း ပြောစမှတ်ဖြစ်ခဲ့ရသည်။ တေးရေးအနုပညာရှင်ကြီး နန်းတော်ရှေ့ဆရာတင်ကပင်

….မေတ္တာတော်ပို … ချစ်ပါနောဆို…၊ မြို့မရဲ့၊ မြို့မရဲ့… မြို့မရဲ့ခေါ်သကို…

အို… ခေါ်သလို၊ ဦးတော်လုံ၊ ဦးတော်လုံ… ဥက္ကဌ… ဆို

နန်းတော်… ရှေ့ကမောင်တင်၊ မြစ်ဝပြင်ကျယ်…

ရေဆုံးပင်လယ်… အသင်းထဲရောက်သလို… ဟုပင်  ကြားဖူးကြရဲ့လားဗျို ဟူသော သီချင်းတွင် ဥက္ကဌ ဦးတော်လုံကို တခုတ်တရ  ထည့်သွင်းစပ်ဆိုခဲ့သည်။

မန္တလေးသားအရှုံးပေးရမယ်

ကဲ…. ထားပါတော့….၊ ဆိုလိုသည်က မန္တလေးရတနာပုံမ်နေပြည်တော်စတင်တည်ထောင်သည်မှ အနှစ် ၁၀၀ ပြည့် ၁၉၅၉ခုနှစ် ၀န်းကျင်အထိ မန္တလေးမြို့တွင် နေထိုင်ရောင်းဝယ်ဖောက်ကားကြသော အရှေ့မြောက်ဒေသမှ လာရောက်အခြေချနေထိုင်သူများသည် သမ္မာအာဇီဝဖြင့်လုပ်ကိုင်စား သောက်ကြသလို ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများ၌ မူလရှိရှင်းအိမ်ရှင်၏ စရိုက်လက္ခဏာအောက်၌သာ ဆွေမျိုးပေါက်ဖော် ဟူသော ဂုဏ်ပုဒ်ကိုထိုက်တန်စွာရရှိအောင်ပင် မန္တလေးအရှုံးပေးလောက်စွာ ရိုသေပိပြားစွာနေထိုင်ခဲ့ကြသည်။ မည်သို့ဆိုစေ…. ၁၉၆၂ခုနှစ်မှ ၁၉၈၀ကျော် ၉၀ ၀န်းကျင်အတွင်း တိုင်းပြည်နယ် နိမိတ်နှင့် လူမျိုးရေးဆိုင်ရာတင်းကျပ်သော မူဝါဒစည်းမျဉ်းများအောက်၌ နှစ်ဦးနှစ်ဖက် သာခြင်းနာခြင်းမတွက်ဘဲ ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြသည်။

ဝသုနြေ္ဒမျက်ရည်စက်များ

ဤသို့ဖြင့် ၁၉၈၁၊ ၁၉၈၄ ခုနှစ်များအတွင်း မန္တလေးတွင်အကြီးအကျယ်လောင်ကျွမ်းခဲ့သော ဆိုင်းတန်းမီး၊ ဦးကျားကြီးဝင်းမီးများနောက် မြို့လယ်စီးပွားရေးရပ်ကွက်ကြီးများ၏ မြေယာပိုင်ဆိုင်မှု အချိုးအကွေ့များတွင် ရွာနေပြည်ထိုင်ဆွေမျိုးပေါက်ဖော်များအတွက် မျက်နှာပူစရာပင်ဖြစ် ခဲ့၏။ ကျွန်တော့် မိတ်ဆွေကိုကျင်စိန်က….ပိုက်ဆံတွေပုံအောတိုက်ပြီး မြေတွေဝယ်ကြတာက မန္တလေးသားငါတို့လူမျိုးတွေမဟုတ်ပါဘူးကွာ…။ ငါတို့က မန္တလေးမှာ အလွန်ဆုံး ၂ ထပ်တိုက်ပဲပိုင်ဆိုင်တဲ့သူတွေပါ။ အခုဟာက ၆ ထပ်၊ ၇ ထပ်၊ ၈ ထပ်တိုက်ကြီးတွေကို အုတ်တံတိုင်းအမြင့် ကြီးတွေခတ်ပြီးပိုင်တဲ့ နောက်ပေါက်တွေပါ ဟု ငြီးတွားရင်းရှင်းပြသည်။ ၁၉၉၀ ၀န်းကျင်တွင် တိုင်းရင်းသားအဖွဲ့အစည်းများ တရားဝင် ၀င်ရောက်လာပြီးနောက် မန္တလေးသည် အရှေ့မြောက်ဒေသ၀င်ပေါက်မှ ဧည့်သည်များ အခြေချနေထိုင်ရန်ဆုံးဖြတ်ချက် ကျသည့်ဒေသအဖြစ် အလုံးအရင်းဝင်ရောက်လာသည့် ကာလများဖြစ်သည်။ သို့သော် မြန်မာနာမည်နှင့် မြန်မာမှတ်ပုံတင်အစစ်များ တပါးတည်းကိုင်ဆောင်လာနိုင်ကြသည်ကလည်း ထူးခြားမှုဖြစ်သည်။ ထိုစဉ်ကာလ ငွေကျပ်တစ်သိန်းနှစ်သိန်းဟူသည်ကိုပင် များပြားသည့်ငွေပမာဏဟု ရွာနေပြည်ထိုင်တို့ အရိုးစွဲနေကြသည့် ကာလတွင် ငွေကျပ်သိန်းရာချီ၍ မြွေတုခွံအိတ်ဖြင့်ထည့်ကာ ဘိုးဘွားပိုင်မြေတွေ တစ်ကွက်ပြီးတစ်ကွက် ၀ယ်ယူကြမှုမှာ ကြီးမားလွန်းသော အပြောင်းအလဲဖြစ်၏။ ထိုအပြောင်းအလဲသည် ဒေသစွဲကြီးလွန်း၊ ကိုယ့်မြေ ကိုယ့်အိမ်အပေါ်အစွဲအလန်းကြီးလွန်းသော မန္တလေးမြို့ခံ စာပေအနုပညာရှင်များအဖို့ ပြင်းထန်လွန်းသော ရိုက်ခတ်ချက်မို့ ၁၉၉၀ ၀န်းကျင် မန္တလေးဝတ္ထုတိုများသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်အပေါ် အံကြိတ်တက်ခေါက်သည့် (၀ါ) တိုင်းပြည်နှင့် လူမျိုးအတွက် မချိတင်ကဲ လက်သီးကျစ်ကျစ်ဆုပ်မိသည့် အစောဆုံးတာဝန်ကျေသော စာပေလှုပ်ရှားမှုတစ်ခုအဖြစ် သမိုင်းတွင်ခဲ့သည်။ ၀သုနြေ္ဒမျက်ရည်ကျသော နှစ်ကာလများဟု မှတ်တမ်းဝင်ခဲ့သည်မဟုတ်လော….။

နောက်ဆုံပေါ် တို့ မြန်မာစီးပွားရေး

ထိုရိုက်ခတ်မှုရေစီးကြောင်းကား တဖြည်းဖြည်းအရှိန်အဟုန်ရလာသည်သာမက ၁၉၉၆၊ ၂၀၀၀၊ ၂၀၀၃၊ ၂၀၀၅၊ ၂၀၁၀၊ ၂၀၁၁ စသော နှစ်ကာလ အပိုင်းအဖြတ်များနှင့် ဆင့်ကဲပေါက်ကွဲအဟုန်များပေါ်ပေါက်ပြီး ရှေးဟောင်းမြို့တော်မန္တလေး မြေဈေးပမာဏများသည် နောက်ဆုံးပိတ် ကျပ်သိန်းပေါင်း သောင်းဂဏန်း သိန်းဂဏန်းထိပေါက်ရောက်သွားမှုမှာ ဇာတိသားတို့အဖို့ လုပ်ငန်းချဲ့ထွင်မှု၊ လုပ်ငန်းတီထွင်မှုများထက် ရှိသည့်ပိုင်ဆိုင်မြေကိုထုခွဲမှုက တစ်သက်စာအကျိုးအမြတ်ထက် ဆပွားများပြားသည်မို့ ဘိုးဘွားပိုင်အမွေအနှစ် ထုခွဲဝေခြမ်းရေး နောက်ဆုံးပေါ် စီးပွားရေးပဲ အားကောင်းမောင်းသန် ဆောင်ရွက်နေကြတော့သည်။

ကြေးမောင်း၊ ဗုံသံနှင့် နဂါးကသည့်ညများ

မန္တလေးမြို့၏လက်ရှိ ၆ မြို့နယ်တွင်း လူဦးရေ ၁ သန်းတွင် ၁၀ စုနှစ် နှစ်စုဝန်းကျင်၌ တိုးပွားလာသော အရှေ့မြောက်ဝင်ပေါက် နွယ်ဝင်များနှင့်ပတ်သက်သူတွေ၏ အတည်မပြုနိုင်သေးသော ခန့်မှန်းမှုများအရ လူဦးရေ သိန်းချီ၍ရှိလာနိုင်ပေပြီ။ သေချာတာတစ်ခုကတော့ ထိုဧည့်သည် လူဦးရေ၏ ပိုင်ဆိုင်မှုပမာဏနှင့် သြဇာက ကျန်ဇာတိသားပမာဏများ၏ ပိုင်ဆိုင်မှုနှင့် သြဇာထက် အဆများစွာပိုမိုနေသောအခါ စီးပွားရေး လက်ဝါးကြီးအုပ်မှုသာမက ကျန်သည့် သူတို့၏၀န်ဆောင်မှုဈေးကွက်နှင့် ဖျော်ဖြေရေးဈေးကွက်များသည် နှစ်ပေါင်းတာရှည်ခိုင်မာခဲ့သော မန္တလေးရိုးရာယဉ်ကျေးမှု (၀ါ) မြန်မာ့ရိုးရာယဉ်ကျေးမှု အခင်းအကျင်းများကို ရုတ်ချည်းဝါးမျိုသွားတော့သည်။ ဥပမာဆိုပါတော့ နာမည်ကျော် မန္တလေးကထိန်ရာသီ၌ အငြိမ့်ပွဲ၊ ဇာတ်ပွဲများထက် ဈေးရောင်းပွဲတော်များ၊ တန်ဆောင်တိုင်မော်ဒယ်ရှိုးများ၊ ဂိမ်းပွဲများက လွှမ်းမိုးနေရာယူ သွားသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု၏ ပြယုဂ်အဖြစ် ထင်ရှားခဲ့သော မန္တလေးသင်္ကြန်ပွဲတော်ဆိုသည်ကလည်း သူတို့အကြိုက် သူတို့စရိုက်များသာ လွှမ်းမိုးပျက်စီး ခဲ့သည်မဟုတ်လော။

ရတနာပုံမ်ခေတ်မှစ၍ မန္တလေးနှစ် ၁၀၀ ပြည့်ပွဲတိုင် ရေကြည်ရာမြက်နုရာသို့ ရောက်လာအခြေချကြသည့် ဆွေမျိုးပေါက်ဖော်တို့ကား မန်းမြေမန်းရေမန်းလေတွင် နေထိုင်သောက်ရှူကျင့်သားရသည်နှင့် ပီဘိမန္တလေးသားတွေဖြစ်ကြပြီး မန္တလေးရိုးရာယဉ်ကျေးမှုအောက် တစ်သားတည်း ရောက်ကြရသည်။ အခု မန္တလေးနှစ် ၁၃၀၊ နှစ် ၁၄၀ ၀န်းကျင်တွင်ရောက်ကြသော ဆွေမျိုးပေါက်ဖော်တို့ကား ကြောင်ဖြူဖြူ ကြောင်မည်းမည်း စီးပွားရေး၊ ကြီးပွားရေးအဓိကမို့ နံပါတ် ၁ စီးပွားရေး၊ နံပါတ် ၂ စီးပွားရေး၊ နံပါတ် ၃ စီးပွားရေးပဲဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းပေါက်ဖော်တို့လို အပျော်တမ်းတူရိယာအသင်း ဥက္ကဋ္ဌနေရာယူပြီး မဟာဂီတသီချင်းကြီးတီးမှုတ်နေသည်ကို အားပေပြီး ပီတိဖြစ်နေကြတော့မှာမဟုတ်။  စီးပွားရေးဆိုင်ရာ အသင်းအပင်းများနှင့် သြဇာကိတ္တိမများမှာတော့ နေ့မအားညမနား ဦးဆောင်ဦးရွက်ပြုလိုသူများချည်းဖြစ်သည်။ ထို့အတူ  ယခင့် ယခင်အစဉ်အဆက် မြန်မာစကားအသံထွက်၌ သ နှင့် တ ကို ပိုမိုကွဲပြားအောင် ရွတ်ဆိုနိုင်ရန်ကြိုးစားကြပြီး ဒါ တို့ပြည်၊ ဒါ တို့မြေ၊ ဒါ ငါတို့ပြည် ဟူသော သီချင်းစာသားကို ယခင်မန္တလေးသားပေါက်ဖော်များထက် ပီသစွာအားတက်သရော သီဆိုနိုင်ကြလေသည် မဟုတ်ပါလော။

ဆူးငှက်

၁၄.၆.၂၀၁၁။

Share on Facebook

နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ်..မောင်ကြီးလာပါမယ် .. ဟု လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန် … (၂)
နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ်..မောင်ကြီးလာပါမယ် .. ဟု

လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန် … (၂)

မြန်မာလူမျိုးတို့၏ ရိုးရာပွဲလမ်းများတွင် သင်္ကြန်ပွဲတော်သည် ယဉ်ကျေးမှု၏ အထင်ကရ အဓိကအမှတ်အသား စရိုက်လက္ခဏာကြီး ဖြစ်သည်။ တစ်လျှောက်လုံး မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန် ဟု လေးနက်စွာ တခုတ်တရပြောဆို သုံးနှုန်းထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် မန္တလေးကဲ့သို့သော ကျန်ကောင်းကျန်ရာ မြန်မာ့ဓလေ့စရိုက်လက္ခဏာ အစုအဝေးတည်ရှိရာ မြို့ကြီး၏ သင်္ကြန်ပွဲတော်များတွင် ထိုအပြောအဆို၊ ထိုအသုံးအနှုန်း၊ ထိုအမူအကျင့်တို့ကို တစိုက်မတ်မတ် တစ်လျှောက်လုံး ထိန်းသိမ်းခဲ့သည်။ လက်ဆင့်ကမ်းခဲ့သည်။ မြို့လူထုသာမက (အထူးသဖြင့်) တာဝန်ရှိသူများကလည်း (တာဝန်ရှိသည့်ပမာ) အထူးအလေးအနက် ထားခဲ့ကြသည်။ ထို့ကြောင့်လည်း တစ်လျှာက်လုံး  မြန်မာရိုးရာယဉ်ကျေးမှု မန္တလေးမဟာသင်္ကြန် ဟု သုံးနှုန်းခဲ့ကြသည်။ သုံးနှုန်းသလိုလည်းလိုက်နာခဲ့ကြသည်။  ထို့ကြောင့်လည်း သင်္ကြန်ရောက်သည်နှင့် မြန်မာဆန်ဆန်ယဉ်ကျေးစွာ ရေပက်ကစားခြင်း၊ ဂီတ၊ အက၊ အလှတို့ကို တစ်ဝကြီးခံစားလိုကြခြင်းဖြင့် မြန်မာသင်္ကြန်၏ အမှတ်အသားတစ်ခုပမာ မန္တလေးသင်္ကြန်ကို ပြည်တွင်းသာမက ပြည်ပမှပါ အာရုံစိုက်ခဲ့ကြခြင်းဖြစ်သည်။

အခုတော့ မန္တလေးသင်္ကြန်နှင့် ပတ်သက်သည့် အသုံးအနှုန်းတွင် မန္တလေးမြို့တော် မြန်မာ့ရိုးရာမဟာသင်္ကြန် ဟု သုံးနှုန်းနေပါ၏။ ယဉ်ကျေးမှု ဟူသော စကားလုံးကာ မပါတော့….။

(က)

အဆိုတော်ရုပ်ရှင်မင်းသား ၀င်းဦးသည် ၁၉၆၈ ခုနှစ်မှစ၍ ၁၉၇၈ ခုနှစ်အထိ ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်ကာလမျှ မန္တလေး သင်္ကြန်တွင် ပါဝင်ဆင်နွှဲခဲ့သည်။ ၀င်းဦးသည် ထိုစဉ်က နံပါတ်(၁)မင်းသားဟု ပြောရလောက်အောင်လျှမ်းလျှမ်းတောက် နေသော ကာလလည်းဖြစ်ကာ မိန်းကလေးပရိသတ် အများဆုံးရရှိထားသည်။ ၀င်းဦးသည် ရုပ်ရှင်မင်းသားသာမက စာရေးဆရာလည်းဖြစ်ကာ အထူးသဖြင့် နာမည်ကျော် အဆိုတော်တစ်ဦးလည်းဖြစ်သည်။

မန္တလေးသင်္ကြန်သို့ ရုပ်ရှင်မင်းသားအဆိုတော်ဝင်းဦး ဆယ်နှစ်ကျော်ကြာလာရောက်ခြင်းမှာ သိန်းဘယ်နှစ်ဆယ်နှင့် ငှားရမ်း၍ သို့မဟုတ် ဘယ်သူဘယ်ဝါက စပွန်ဆာပေး၍ လာရောက်ခြင်းမဟုတ်။ ကိုယ်ကိုယ်နှိုက်က အနုပညာအပေါ် နှစ်ယူခံစားလေးစား မြတ်နိုးလွန်း၍ အနုပညာများ အတောက်စား၊ အမြူးတူးဆုံး မန္တလေးသင်္ကြန်တွင် ကိုယ်စရိတ်နှင့် ကိုယ်လာရောက်ကာ ဆင်နွှဲခြင်းဖြစ် သည်။ သည်နေရာတွင် အကြောင်းတိုက်ဆိုင်၍ ပြောရလျှင် ရုပ်ရှင်မင်းသားဝင်းဦးက မန္တလေးသင်္ကြန်တွင် ကိုယ့်စရိတ်နှင့်ကိုယ် လာရောက်ကာ ဖျော်ဖြေခြင်းဖြစ်သည်ဟု သုံးနှုန်းသော် ရုတ်တရက်ဆိုလျှင် လျော်ကန်သည်ဟု မှတ်ယူနိုင်၏။ သို့သော် မဟုတ်။ တကယ်တော့ ရုပ်ရှင်မင်းသားဝင်းဦးက လာရောက်ဖျော်ဖြေခြင်းမဟုတ်။ မန္တလေးသူ၊ မန္တလေးသားတိုင်း တစ်ယောက်ချင်းစီ အသီးသီး အသက အသက မိမိတို့တတ်ကျွမ်းသော ပန်းချီ၊ ပန်းပု၊ အက၊ အဆို၊ အတီး၊ အနုသုခုမပညာကိုယ်စီဖြင့် မိမိဆန္ဒအလျောက် အမှီခိုကင်း စွာဖြင့် သင်္ကြန်တွင်ဆင်နွှဲကြသည့် နည်းတူ ရုပ်ရှင်မင်းသားဝင်းဦးကလည်း အများသူငါလို ဆင်နွှဲခြင်းဖြစ်သည်။ လာရောက်ဖျော်ဖြေခြင်း မဟုတ်။

ထို့ကြောင့် ရုပ်ရှင်မင်းသား ၀င်းဦး သီဆိုသလို မန္တလေးသူလေးတွေ က ပြသည်။ မန္တလေးသားများ အလှပြယာဉ်အသင်းအဖွဲ့တွေ ကလည်း ပြန်လည်သီဆိုတီးမှုတ်ကြသည်။ ရုပ်ရှင်မင်းသားဝင်းဦး အပါအ၀င် သူတို့သူတို့ သီဆိုတီးမှုတ် ကပြကြသည့် သီချင်း၊ တီးလုံး၊ တီးကွက်တိုင်းကလည်း မန္တလေးသားတွေအားလုံး၏ အနုပညာပစ္စည်းချည်းပဲလေ။

သင်္ကြန်သည် မည်သူတစ်ဦးတစ်ယောက်ကမျှ အပေါ်ဆီးဖြင့် သိမ်းပိုက်ကာ ခံစားခြင်းမဟုတ်။ အသားယူခြင်းမဟုတ်။ ဇိမ်ခံခြင်းမဟုတ်။ အဖျော်ဖြေခံခြင်းလည်း မဟုတ်။ ထို့အတူ ဖျော်ဖြေခြင်းလည်းမဟုတ်။ ၀င်ခွင့်လက်မှတ်မရှိ။ VIP ROLL မရှိ။ အသင်းဝင်ကတ်မရှိ။ အခြွေအရံမရှိ။ ဆိုဖာခုံမရှိ။ အအေးဗူး သစ်သီးလင်ပန်းမရှိ။ သံဆူးကြိုးမရှိ၊ ကော်ဇောနီ မရှိ။ အားလုံးတန်းတူရည်တူ အနုပညာတောက်စားမှု …။ ပျော်ရွှင်မှု။

သို့သော် …

(ခ)

ရာချီသော ဧည့်ခံအလှပြမဏ္ဍပ်တွေ မြို့လုံးပတ်လည်ရှိသောကြောင့် မြို့လယ်လမ်းမကြီးတွေပေါ်မှာ မဏ္ဍပ်များဆီ ကူးသန်းကြသည့် အလှပြယာဉ်ကြီးများ၊ သင်္ကြန်ပျော် ဂျစ်ကားများက ပျားပန်းခတ်မျှ ဥဒဟိုသွားလာနေကြသည်။ လမ်းမကြီးတွေပေါ် သာမက လမ်းသွယ်၊ လမ်းကြားများထိ လျှပ်စစ်မီးတထိန်ထိန်၊ မီးစက်သံ တညံညံနှင့် အလှပြယာဉ်ကြီးများ ဖြတ်သန်းသွားကြသလို ဘောနက်ဖုံးကို စည်းချက်ကျကျ ထုရိုက်သံနှင့် ဂျစ်ကားများကလည်း ဆူညံစွာအော်ဟစ်ရင်း အပြေးအလွှားမောင်းနှင် သွားကြသည်။

အထူးသဖြင့် ချစ်ပန်းနွယ်၊ ဈေးချိုသူ၊ ဗဟိုမဏ္ဍပ်၊ နဂါးမယ်၊ အောင်မြေသူဇာ စသည် မဏ္ဍပ်ကြီးများ တစ်ဆက်တည်းရှိနေသော မြို့လယ် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် ဈေးချိုသူ၊ မီးရထား၊ ဆောက်လုပ်ရေး၊ ငုရွှေဝါမဏ္ဍပ်များသို့ ဆက်စပ် သွားလာနိုင်သည့် အာဇာနည်လမ်း၊ ၇၈ လမ်းနှင့် လမ်း ၃၀ မှာလည်း အလှပြယာဉ်တွေ၊ ဂျစ်ကားတွေအကြား မလပ်မရှိ တေးသံမြိုင်မြိုင်နှင့် ဆက်စပ် သွားလာလျက်ရှိ၏။ ညဉ့်ဦးယံ ၇ နာရီကျော်သည်နှင့် ဟို .. အနောက်ဘက် နာရီစင်ဆီမှ အာဇာနည်လမ်းအတိုင်း အမိုးပွင့်ဂျစ်ကား နှင့် လင့်ရိုဗာကားအစီး ၂၀ ခန့်က ကားဦး၌ ငွေငန်းရုပ်များကို ဆင်ယင်ထားပြီး မြို့မငွေငန်းအလှပြယာဉ်ကြီးကို ဦးဆောင်ကာ အရှေ့သို့တက် လာသည်။ မီးလုံးရောင်စုံများ၊ အလှဆင်မီးဆိုင်းများဆင်ယင်ထားသော ငွေငန်းယာဉ်ကြီးပေါ်မှာ ရုပ်ရှင်မင်းသားဝင်းဦးက မိုက်ကရိုဖုန်းတိုင်ကို ကိုင်ရင်း သီချင်းတစ်ပုဒ်ကို သီဆိုလာသည်။ သီချင်းနှင့်အတူ ဥရောပ ဗုံချက်အသွားဖြင့် တေးသံစုံကိုလည်း  ညက်ညက်ညောညော တီးမှုတ်လာလို့ အလှပြယာဉ်ကြီးမှာ စည်းချက်နှင့်အတူ တငြိမ့်ငြိမ့်ဖြင့် ရွေ့လျားမောင်းနှင်လာ၏။

ခါသင်္ကြန်တေးသံ ယဉ်ယဉ်

ငြိမ့်ညောင်းစွာ နားမှာချိုရွှင်

ဗေလုဝ ညင်းသွဲ့သွဲ့မို့ပင် …

နှစ်ဦးငွေငန်းမောင်ပျော်ရွှင်

တင့်ထူးစွာ အမြဲသာဆင်ယင်

စိတ်ရောကိုယ်

ချမ်းမြေ့ကြည်ကြည်လင် …

မြို့မအလှပြယာဉ်ကြီး၏ ဘေး တစ်ဖက်တစ်ချက်စီမှာ ကားတန်းကြီးနှစ်တန်းက လမ်းလုံးပြည့်ယှဉ်၍ လိုက်လာကြသည်။ ကားပေါ်ပါလာသူ ရွှေမန်းသူ ပျိုပျိုရွယ်ရွယ်အားလုံးကလည်း ကားအမိုးကိုင်းကို ကျောမှီပြီး အကဲပိုလှစွာဖြင့် အလှပြယာဉ်ကြီးပေါ်က မင်းသားဆီ မျက်နှာမူကြသည်။ အလှပြယာဉ်ကြီး၏ ဘေးမှာ၊ နောက်မှာ အမိုးဖွင့်ထားသော ကားအမျိုးအစားပေါင်းစုံက အစီးလေးဆယ်၊ ငါးဆယ် အနည်းဆုံးရှိမှာပေါ့။

ထိုယာဉ်တန်းကြီးက အာဇာနည်လမ်းအတိုင်း မစိုးရိမ်မီးပွိုင့်ကို ကျော်သည်။ ၇၈ လမ်း ဓာတ်ဆီဆိုင်ရောက်တော့ တောင်ချိုးသည်။ မီးရထားမဏ္ဍပ်မှာ ခေတ္တခဏဖျော်ဖြေသည်။ ထို့နောက် လမ်း ၃၀ အတိုင်း အရှေ့တက်ပြီး ဗထူးကွင်းတောင်ဘက်က ဆောက်လုပ်ရေးမဏ္ဍပ်မှာလည်း အပြန်အလှန်သီဆိုကြသည်။ ထို့နောက် အရှေ့သို့ ဆက်တက်ကာ မန္တလေးတွင် အကနာမည်ကျော်သော ငုရွှေဝါ အမျိုးသမီးအလှပြမဏ္ဍပ်သို့ ၀င်တော့ ညသန်းခေါင်တိုင်လုပြီ။ မန္တလေးသင်္ကြန်ပျော်ပရိသတ်ကလည်း မြို့မငွေငန်း အလှပြယာဉ်ကြီးနှင့် နာမည်ကျော် ရုပ်ရှင်မင်းသား ၀င်းဦး…။ ထို့ပြင် အစီး ၅၀ ကျော်နီးပါးကားများဖြင့် ကျိတ်ကျိတ်ခဲအားပေးကြသည့် ရွှေမန်းသူ သည်းသည်းလှုပ်များကို နာမည်ကျော် ငုရွှေဝါမဏ္ဍပ်မှာ မည်သို့မည်ပုံဆုံကြမလဲ ဆိုတာ အလွန်စိတ်ဝင်စားကြ၏။ ထို့ကြောင့်လည်း ငုရွှေဝါမဏ္ဍပ်သို့ မြို့မရောက်ရှိမည့်နေ့၊ အချိန်ကို စောင့်စားနေကြခြင်းဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ….

(ဂ)

လမ်းသူရဲယောင်

အမောက်ထောင်

မျောက်ကောင် အသုံးအဆောင်

သူ့ခမျာ ပြူးကြောင်ကြောင်…

တော့။

ဘိုးဘွားအစဉ်အဆက်

မြန်မာမှုမဟုတ်ပြန်

နားမှာလည်း ဆံပင်အုပ်

ယောက်ျားမပီလေပြန်၊

ဘောင်းဘီကျပ်မောင်တို့

ဆင်ယင်မှုမပီသလေ ..တော့

သူ့အဖေက ဒက်ဒီ

သူ့အမေက မာမီ

စကားမပီရှာသလေ …

ပျို့မောင်ကြီးရေ .. တော့၊

ခေါင်းမှာလည်း

ကောက်ရိုးတွေပုံ …

မြန်မာဆန်ဆန်ဆံတောက်များ ဖားလျားချကာ ပိတောက်တွေဝေနေ အောင်ပန်ပြီး သနပ်ခါးပါးကွက် ကျားများဖြင့် မြန်မာဆန်ဆန် ချော မောလှသော ငုရွှေဝါ နှမငယ်တို့က သီဆိုကပြဖျော်ဖြေသည်။

ကျိတ်ကျိတ်ခဲမျှအားပေးနေသော ပရိသတ်ကြီးက သီချင်းတစ်ပိုဒ် ပြီးတိုင်းပြီးတိုင်း အားပါးတရလက်ခုပ်တီး အားပေးကြသည်။ စာသားသာမက သံစဉ်ပါ ထူးခြားလှသော သီ ချင်းတွင် ငုရွှေဝါတို့က လှပညီညာစွာ ကပြအသုံးခံသည်။ ထို့နောက် မောင်ကြီးမြို့မတို့က နှုတ်ဆက်သီချင်းသီဆိုပြီး ထွက်ခွာမည် ဖြစ်သည်။ ပရိသတ်ကြီးကလည်း မြို့မအလှပြယာဉ်ကြီးပေါ်မှ ရုပ်ရှင်မင်းသားဝင်းဦးကို ဒီဘက်လှည့်ပြီး သီဆိုဖျော်ဖြေပါဦး ဟု တောင်းဆို အားပေးကြသည်။

ငုရွှေဝါ အမျိုးသမီးရေသဘင် အဖွဲ့ကြီး ကျန်းမာပါစေ ဟု သုံးကြိမ်သုံးခါနှုတ်ဆက်ပြီး …

ရုပ်ရှင်မင်းသားဝင်းဦးနှင့် မြို့မ ငွေငန်းအလှပြယာဉ်ကြီး ကျန်းမာပါစေ ဟု ငုရွှေဝါနှမငယ်တို့ကလည်း ပြန်လှန်နှုတ်ဆက်ချိန်တွင် မြို့မက နှုတ်ဆက်တေးသွားကို ခပ်ညက်ညက်လေး တီးမှုတ်ပြီး စောစောက ပရိသတ်ကြီးက သူတို့ဘက်လှည့်ပြီး သီဆိုပါဦးဟု တောင်းဆိုသဖြင့် ရုပ်ရှင်မင်းသားဝင်းဦးက အလှပြယာဉ်ပေါ်မှ မတ်တပ်ရပ်၍ ရှေ့တူရှုရှိ ပရိသတ်ကြီးဘက်လှည့်ကာ နှုတ်ဆက်သီချင်းကို သီဆိုရင်း ..အလှပြယာဉ်ကြီးကတရွေ့ရွေ့ထွက်ခွာသွားတော့၏။

(ဃ)

နောက်နေ့နံနက်တွင် မန္တလေး မြို့ထုတ် သတင်းစာ၌ ဆောင်းပါး ရှင်တစ်ဦးက မဏ္ဍပ်ပေါ်မှ (ဘောင်း ဘီဖင်ကျပ်အကြောင်း၊ မြန်မာမဆန် သူတို့အကြောင်း၊ သတိပေး ပညာ ပေးသည့်သီချင်းများ သီဆိုကြရာ  ဘောင်းဘီဝတ်လာသူကိုဝင်းဦးက သူ့ကိုစောင်းမြောင်းသီဆိုရပါ့မလား ဟု မျက်မာန်ရှကာ အလှပြယာဉ်အ ထွက်တွင် မဏ္ဍပ်ကိုနှုတ်မဆက်ဘဲ တမင်ကျောပေးပြီး ထွက်ခွာသွား ကြောင်း ဤအပြုအမူမှာ အရုပ်ဆိုး ရိုင်းစိုင်းလှပါကြောင်း စသည့် အဓိပ္ပာယ်သက်ရောက်သောဆောင်းပါးကို ရေးသား ဖော်ပြပါရှိခဲ့သည်။

ထိုအဖြစ်အပျက်ကား ထိုနှစ် သင်္ကြန်တွင် ပရိသတ်အကြား အထူးအသားပေး ပြောကြားငြင်းခုန် ဖြစ်ခဲ့ကြသည်။ ဆောင်းပါးရေးတာမှန် တယ်။ မန္တလေးလို ယဉ်ကျေးမှုမြို့ တော်မှာ ဒီလိုအပြုအမူမျိုးခွင့်မလွှတ်နိုင်ဟူသော သုံးသပ်မှုမျိုး။ ထိုကိစ္စ မဟုတ်ပါ။ မင်းသားကြီးက ပရိ သတ်အများစုဘက်လှည့်၍ သီချင်းသီဆိုသဖြင့် မဏ္ဍပ်ကိုကျောပေးသလိုဖြစ်ရတာပါ။ အဲဒီအချိန် ကိုယ်တိုင်မြင်ရတာပါ ဟု အတွေ့အကြုံ ဖြင့် ပြောဆိုမှုမျိုး … စသည်ဖြင့် စီစီညံခဲ့၏။

မည်သို့ဆိုစေ နိုင်ငံကျော်ရုပ်ရှင်မင်းသားမို့ သတင်းဖြစ်သွားတာ သေချာသည်။ မန္တလေးကလည်း တာဝန်ရှိသူမှအစ မြို့သူမြို့သား အားလုံးကလည်း ယဉ်ကျေးမှု သင်္ကြန် ဟူသော အနှစ်သာရကို မည်သို့မျှ အပွန်းအပဲ့မခံတာလည်း သေချာသည်။ ထို့အတူ အလွန်ယဉ် ကျေးသိမ့်မွေ့သော ရုပ်ရှင်မင်းသား ၀င်းဦးကလည်း ထိုကိစ္စအတွက် ဆောင်းပါးရှင်၏ ထင်မြင်ယူဆချက်လည်း မမှားပါ။ မိမိဝတ်လာသော အ၀တ်အစားနှင့်မဏ္ဍပ်မှ သီချင်းတို့ တိုက်ဆိုင်မှုတွင် မိမိစိတ်ကသိကအောက်ဖြစ်ကာ ဤသို့ပြုမူခြင်းဖြစ်လိမ့်မည်ဟု ဆောင်းပါးရှင်က ယူဆသော်လည်း တကယ့် ဖြစ်ရပ်မှာမဟုတ်ပါ။ မိမိမှာ ပရိသတ်အားလုံး၏ဆန္ဒကို လိုက်လျောလိုသဖြင့် မိမိတို့အလှပြယာဉ်အထွက်တွင် အများစုပရိသတ်ကြီးအား ဖျော်ဖြေလို၍ မျက်နှာမူမိရာမှ မဏ္ဍပ်အား ကျောပေးသကဲ့သို့ဖြစ်ရပါသည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

ကိစ္စမရှိ။

ထိုစဉ်က ရုပ်ရှင်မင်းသားဝင်းဦး နှင့် မန္တလေးပရိသတ်မှာ အဝေးရောက် မိမိအိမ်သားတစ်ယောက် သင်္ကြန်ပြန်လာခိုက် ၀မ်းပန်းတသာ ကြိုဆိုကြသည့် အမူအကျင့်ပဲဖြစ်သည်။ နောက်နှစ်ကစ၍ မင်းသား ၀င်းဦးကလည်း ချိတ်ပိုးလုံချည်၊ တိုက်ပုံနှင့် ၀တ်စားသီဆိုသည်။ ပရိသတ်ကလည်း ထွေးထွေးပိုက်ပိုက် စောင့်ရှောက်အားပေးခဲ့၏။ ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်တိုင်။

မကြာမီ သင်္ကြန်ကျတော့မည်။ မနက်လင်းသည်မှ မိုးစုပ်စုပ်ချုပ်သည်အထိ ကျုံးလေးဘက်လေးတန်မှာ ကျုံးရေတွေ ဂါလံသန်း ၃၀ ကျော်သုံးပြီး မွန်းအောင်ပက်ကြမည်။  ၁၀ ပေနီးပါးမြင့်ပြီး ပေ ၁၀၀ ကျော် ကျယ်သော စင်ကြီးတွေပေါ်က နာမည်ကျော် အနုပညာရှင်တွေ ခေတ်အဆန်ဆုံး အ၀တ်အစားများဝတ်ဆင်ပြီး သူတို့ကိုယ်တိုင် သီချင်းတွေသီဆိုကြမည်။ ဘယ်ပရိသတ်ကို ကျောပေးပေး ကိစ္စမရှိ။ ပရိသတ်ခေါင်းပေါ်က စင်မှာ ခြေထောက်တင်၊ ခြေထောက်မြှောက်လည်း ကိစ္စမရှိ။ စင်အောက်က ပရိသတ်ကလည်း သူတို့နှင့်အပြိုင် ၀တ်စားပြီး ခုန်ပေါက်မြူးတူးကြဖို့ပဲဖြစ်သည်။

စည်းချက်ကမြန်၊ ရင်ခုန်သံက မြန်၊ မြန်လွန်းမက မြန်တော့ ပေါက် ကွဲ …။

Share on Facebook

နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ်..မောင်ကြီးလာပါမယ် … ဟု လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန် …၊ အခု …။ နိဂုံးကမ္ပတ်၊ အဆုံးသတ်ပြီလော …။
နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ်..မောင်ကြီးလာပါမယ် ဟု

လက်ဆင့်ကမ်းခဲ့သော မန္တလေးရှေးဟောင်း သင်္ကြန် …၊

အခု …။  နိဂုံးကမ္ပတ်၊ အဆုံးသတ်ပြီလော …။

ဆောင်းနှင်းငွေ့မပြယ်မီမှာပင် သင်္ကြန်ခံစားမှုက ပူးဝင်လာချေပြီ။

သည်လိုခံစားမှုလေးတွေ ပူးဝင်လာတော့ အိမ်ရှိသင်္ကြန်သီချင်းမူရင်း အဟောင်းလေးတွေ ပြန်ရှာနားထောင်ကာ ဆွတ်ပျံ့ဖွယ်အတိတ်စာမျက်နှာများကို ပြန်လှန်ရသည်ချည်း …။ သင်္ကြန်ရင်ခုန်သံကလည်း အတိတ်မှာပဲ ကျန်ရစ်ခဲ့ သည်လေ..။

တူးပို့ တူးပို့ ဒိုးဆစ်သံနှင့်အတူ ပိတောက်ပွင့်တွေ လှုပ်ခါနေ၏။ အစိမ်းစွက်သော အ၀ါရောင်ပုံရိပ်တွေ ယိမ်းထိုးသွားသည်။

(က)

ထိုနှစ်တွင် အိမ်ရှေ့ပိတောက်ပင်က ရှားရှားပါးပါး ပိတောက်တွေ ကြိုပွင့်သည်။ သင်္ကြန်ရောက်ဖို့ တစ် လနီးပါးတော့လိုသေး…။ သို့သော် ၀င်းထိပ် ကိုဘစိမ်းလက်ဖက်ရည်ဆိုင်ရှေ့ မန်ကျည်းပင်ကြီးမှာ သင်္ကြန်ကြော်ငြာဆိုင်းဘုတ် တွေ ပလူပျံနေ၏။

လှထိပ်တင် .. ရေသဘင်

ဝင်ကြေး ၁၅ ကျပ်နှင့်စာရင်း

ပေးနိုင်ပြီ

မြရိပ်ညိုတောင်သမန်နှင့်

မြောင်ပတ်ယံမန်းမြေအမော့မှာ

သလ္လာသက်ဦးတို့ပျော်မည်

နွေဦးပေါက်မို့

တစ်ခေါက်တစ်ခါ …

မန်းမြို့တော်မှာ

အလည်လာခဲ့ပေါ့၊

တောကသာဂိတို့ သင်္ကြန်ဝယ်

အမြင်မတော်တာတွေ

ပြောချင်လွန်းလို့

ဝင်ကြေး ၂၀ ကျပ်

သင်္ကြန်ကြော်ငြာဆိုင်းဘုတ်တွေနှင့်အတူ အရပ်ထဲ၊ ၀င်းထဲ၊ ပြထဲ မှာ သင်္ကြန်တီးလုံးတိုက်သံတွေကြား လာရ၏။ ၀င်းလယ်ကွက်လပ်ကြီး ထဲ အောက်လင်းမီးတွေ ထိန်ထိန်ထွန်းပြီး တီးလုံးတိုက်၊ သီချင်းတိုက်၊ အကတိုက်ကြသည်။ သည်ကတည်းက စွဲငြိဖွယ်၊ နှစ်သက်ဖွယ် သင်္ကြန်သီချင်းတွေက အရပ်ထဲ၊ ဈေးထဲအထိ ပျံ့လွင့်နေရာယူခဲ့ပြီ။ သည်နှစ် သင်္ကြန်အတွက် ဗဟိုဆုပေးမဏ္ဍပ်ကြီးက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ဟံသာဝတီသတင်းစာတိုက်ကြီး ရှေ့မှာ ဆောက်မှာတဲ့။ သစ်သားတွေပင် ချထားပြီးပြီတဲ့။ ဗဟိုမဏ္ဍပ်အတွက် သင်္ကြန်ယိမ်း အဖွဲ့ကို မြို့ တော်ခန်းမ (၁)မှာ တိုက်နေကြပြီ။ ဌာနဆိုင်ရာအသီးသီးက မန်းမြို့သူ ညိုပြာညက်တို့ ယဉ်ယဉ်ကြော့ကြော့ သီဆိုကခုန်ကြပေါ့။

ရွှေမန်းမေတဲ့၊ ယမင်းရွှေစင်တဲ့၊ ယမင်းသူဇာတဲ့၊ ပတ္တမြားသူဇာတဲ့၊ မေထားဝယ်တဲ့၊ ငုရွှေဝါတဲ့၊ မေသစ် လွင်တဲ့၊ အကကောင်း အမျိုးသမီး ရေသဘင်အဖွဲ့တွေက နှစ်စဉ်ပရိသတ်အာရုံစိုက်စရာတွေချည်းဖြစ်နေသည်။

ထိုနှစ် ဗဟိုမဏ္ဍပ်မှာ သင်္ကြန် ယိမ်းအကကို မန္တလေးပန်တျာက အကနည်းပြ ဆရာမလေးကတာဝန်ယူသတဲ့။ ထိုသတင်းကလည်း ဟံသာဝတီသတင်းစာမှာ ဖော်ပြပါရှိသည်။ ထို့ကြောင့်လည်း မြို့တော်ခန်းမ (၁)မှာ အကတိုက် နေသော ဗဟိုမဏ္ဍပ်ယိမ်းအဖွဲ့ကို မြို့လူထုက စိတ်ဝင်စားနေသည်။

အခြားအသင်းအဖွဲ့ အကတိုက်၊ တီးလုံးတိုက်ကြတာ ၀င်းထဲ၊ ရပ်ထဲမို့ သီချင်းတွေ၊ အကတွေ ကြိုတင်နားဆင် မြင်တွေ့ရသော်လည်း ဗဟို မဏ္ဍပ်အဖွဲ့က မြို့တော်ခန်းမ(၁)မှာ တံခါးပိတ်တီးလုံးတိုက်တာမို့ သူတို့ သီချင်း၊ သူတို့ အကတွေ ကြိုကြားခွင့်၊ ကြိုမြင်ခွင့်မရသေး။ ထို့ကြောင့်လည်း ပိုမိုကြားလိုမြင်လိုကြသည်။ သည်ဆန္ဒကသင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်ကြို ၀တ်စုံပြည့်ပြင်ဆင် ဖျော်ဖြေသည့်ညမှာ ပြည့်ချေပြီ။ ပြိုင်ပွဲဝင်အသင်းတွေ မရှိသေးသည်မို့ ဗဟိုမဏ္ဍပ်က သီချင်းတွေ၊ အက တွေချည်း ဆက်တိုက်ကြည့်ရှုရမည်မို့လည်း ပရိသတ်က ခဲခဲလှုပ်နေ၏။ မြောက်ဘက် ၂၉ လမ်းထိပ် ဘဂ၀မ်ဒတ်စ်ဘာဘူတိုက်အနီးကပင် ယာဉ်အ၀င်အထွက်မရှိရအောင် သံဆူးကြိုး တွေနှင့်လမ်းပိတ်ထားရ၏။ ထို့အတူ တောင်ဘက် ၃၁ လမ်းထိပ် ရွှေမောင်းတိုက်အနီးကလည်း အလားတူ လမ်းပိတ်ထားရသည်။ ထိုပြ ပေါက်များအတွင်း ပရိသတ်က အပြည့်အကျပ်ညပ်လို့။ ဟံသာဝတီ သတင်းစာတိုက်ဖွင့်လှစ်ထားသော နီညိုရောင် ရှေးဟောင်းအုတ်တိုက်ကြီးရှေ့က ဗဟိုမဏ္ဍပ်ကြီးကလည်း မီးရောင်များအောက်ခံ့ညားလှပနေ၏။ ကခွင်စင်က ပိုမိုကျယ်ဝန်းသည်။ မြန်မာမှုပန်းကနုတ်တွေပင်ဆင်ထားသော နောက်ခံစင်မြင့်ရှေ့မှာ ပဉ္စရူပရုပ်ကြီးနှင့် မှန်စီရွှေချဆိုင်းဝိုင်းကြီးက နေရာယူထားသည်။ မြန်မာ့ဆိုင်းဝိုင်းကြီး၏ ဘယ်ဘက်မှာ နီကယ်ရောင် တောက်ပနေသော လေမှုတ်တူရိယာများနှင့် ခေတ်ပေါ်တီးဝိုင်း။

စင်ပေါ်မှာ တီးမှုတ်သီဆိုကခုန်မည့်သူများမှအပ အခုလို ဆိုဖာခုံကြီးများ၊ ဆက်တီများနှင့်စားသောက်ဖွယ်ရာအစုံအလင်ဖြင့် ဇိမ်ခံအသား ယူကြမည့် မိသားစုများ၊ ဧည့်သည်တော်များမရှိကြသေး။ တီးမှုတ်သီဆို ကခုန်မည့် အနုပညာရှင်များ၏ မိသားစုများ၊ မြို့ခံ စာပေဂီတသဘင် အနုပညာရှင်များ၊ သတင်းစာဆရာများနှင့် အကဲဖြတ်များအတွက်သာ ကခွင်စင်ကြီး တဖက်တချက်မှာ ခေါက်ကုလားထိုင်များစီတန်းချထားသည်။ သို့သော် ထိုစင်က ကခွင်စင်ထက် နှိမ့်ထား၏။ တစ်ပြေးညီမဟုတ် …။ ပါသည်ဆိုရုံ …။

အကြို့အရင်ညကပင် ဗဟိုမဏ္ဍပ်က သီချင်းတွေက ပရိသတ်ရင်ထဲစွဲသွားသည်။ ထိုသီချင်းများနှင့်အတူ ထူးခြားစွာညက်ညောလှပသော ကကွက်များကလည်း ပရိသတ်ကို တသသဖြစ်သွားစေ၏။ နားဆင်ကြည့်ပါဦးလေ …

အို .. အမောင်လူသား အသင်

ဟိုမှာကြည့်စမ်း ..၊

အခိုင့်အခိုင်ဝေဆာလွင် …

ဝေဖြာပွင့်လန်း ..

ပန်းမျိုးတစ်ရာစုံလင်

ဒီအတာရေသဘင်

ရောက်ပြန်လေလျှင် …

အမြင်မဆန်း၊ ညစ်နွမ်းသမျှ

ရေစင်ပက်ဖျန်းရွှင်လန်းစေချင်…

(ခ)

ထိုနှစ်က အမျိုးသားအလှပြယာဉ်ထဲမှာ နာမည်ကြီးနေတာက စေတနာ ဖြစ်၏။ မန္တလေးဆေးတက္ကသိုလ်က အနုပညာဝါသနာရှင်များဟု ဆိုသည်ထက် အဆိုအတီးတွင်ပညာရှင်များဟုပင် ဆိုရလောက်သည့် ပုဂ္ဂိုလ်များအပြင် ဂုဏ်ထူး ဦးသိန်းနိုင်ကဲ့သို့သော ပြင်ပပညာရှင် ကလည်း ၀န်းရံသည်။ ဂုဏ်ထူး ဦးသိန်းနိုင်၏ သင်္ကြန်နှင့်ပတ်သက်သည့်၊ မြန်မာ့ယဉ်ကျေးမှုနှင့်ပတ်သက်သည့် ပရိကံစကားများကလည်း ပရိသတ်ထောင်သောင်း ညွှတ်ကျသွား လောက်သည်။ ထိုစိန်ပွင့်များကို ပတ္တမြားရံသည့်အနေနှင့် မန္တလေးမှ အော်တိုဆိုက်ဆိုဖုန်း လေမှုတ်ပညာရှင်လူငယ်တစ်ဦးကလည်း စေတနာ မှာပါဝင်လာသည်။ သူက အော်တို ဆိုက်ဆိုဖုန်းကို မြန်မာ့နှဲဝိဇ္ဇာတစ်ယောက်ကဲ့သို့ နိုင်နင်းလှသည်။ မြန်မာမှုသံစဉ်များကို အော်တိုဆိုက်ဆို ဖုန်းဖြင့် အတွဲ့အနွဲ့၊ အမဲ့အရွဲ့၊ အဆွဲ အဖဲ့များဖြင့် မနားတမ်းဒရစပ်မှုတ်နိုင်သူလည်း ဖြစ်သည်။

သင်္ကြန်အကြိုနေ့ကတည်းက စေတနာ အလှပြယာဉ်က တောင်ပြင်တစ်ဝိုက်မှာ လှည့်လည်ဖျော်ဖြေ ရင်း နာမည်ကျော် မင်းသမီးများ ဦးစီးသော အမျိုးသမီးမဏ္ဍပ်များတွင် အော်တိုဆိုက်ဆိုဖုန်းနှင့်မင်းသမီးများ ပြိုင်ပွဲသတင်းက တစ်မြို့လုံးတမု ဟုတ်ချင်းပျံ့နှံ့သွားတော့၏။ ဘယ် မဏ္ဍပ်မှာ ဘယ်မင်းသမီးဖြင့် က ရင်း ပုံကျသွားလို့တဲ့။

ဘယ်မင်းသမီးကတော့ ၄၅ မိနစ်အကြာမှာ ဆက်မကနိုင်လို့ အရှုံးပေးလိုက်ရသတဲ့စသည့် စသည့် သတင်းက ထိုနှစ်သင်္ကြန်၏ အမျိုးသမီးဧည့်ခံ မဏ္ဍပ် ၁၀၀ ကျော်၊ အမျိုးသားအလှပြနှင့် သံချပ်အသင်းပေါင်း ၁၀၀ ကျော်၊ စင်ချင်း၊ ကားချင်းဆက်မျှ မြို့လုံးကျွတ်အုန်းအုန်းကြွက်ကြွက်ညံသည်။ သင်္ကြန်သီချင်းသံများအကြား ထူးထူးခြားခြား ထင်ရှားထွက်ပေါ်နေသည့် သတင်းလည်း ဖြစ်သည်။ မြို့က မွေးထုတ်ပေးသည့် မြို့ခံပညာရှင်များအချင်းချင်း အနိုင်မခံ ယှဉ်ပြိုင်ကြသည့် အနုပညာပြိုင်ပွဲမို့လည်း ပိုမိုစိတ်ဝင်စားကြ၏။ စေတနာ အလှပြယာဉ်၏ အော်တိုဆိုက်ဆိုဖုန်းအစွမ်းက ပြိုင်ပွဲတိုင်းမှာ အနိုင်ချည်းဖြစ်နေသည်။ အကြို၊ အကျ၊ အကြတ် .. ရက်များအထိ..။

ကဲ ..သင်္ကြန်အတက်နေ့ရောက်ပြီ။ စေတနာ အလှပြယာဉ်ရောက်ဖို့က ဗဟိုမဏ္ဍပ်ပဲရှိတော့၏။ သေချာပြီ။ သည်နေ့ ဗဟိုမဏ္ဍပ်မှာ စေတနာ ရောက်မည်။ အော်တိုဆိုက်ဆိုဖုန်းဆရာလေးနှင့် ဗဟိုမဏ္ဍပ်က အကနည်းပြ ဆရာမလေးတို့ တွေ့ကြမည်။ ပွဲကြီးပွဲကောင်း …။

အကနည်းပြဆရာမလေးကလည်း ဆရာမဟုဆိုသော်လည်း အသက် ၂၀ ကျော်သာရှိသေး။ သူက အငြိမ့် မင်းသမီးတော့မဟုတ်။ ပန်တျာက ကျောင်းဆင်းအပြီး နာမည်ကျော် အငြိမ့်အဖွဲ့တစ်ဖွဲ့တွင် ရှေ့ထွက် အဖြစ် (၆) လမျှပင် မကရသေး။ အိမ်တော်အစီအစဉ်နှင့် မြန်မာအကဗေဒ ပြဋ္ဌာန်းမှတ်တမ်းတင်ရေး အစီအစဉ်တစ်ခုအတွက် နည်းပြဆရာမအဖြစ်တာဝန်ယူထားရသူဖြစ်သည်။  ပန်တျာကျောင်းသူ ဘ၀မှာလည်း သင်္ကြန်တစ်ခု၌ တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ(ထိုစဉ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး) ၏ ဂုဏ်ထူးဆောင် ငွေဖလားဆုကြီး ရရှိထားသူလည်းဖြစ်၏။ သူကလည်း မြန်မာအကနှင့်ပတ်သက်လျှင် ထိုအချိန်က နာမည်ကျော် …။ သင်္ကြန်အတက်နေ့ည ဗဟိုမဏ္ဍပ်မှာ မြန်မာ့အနုပညာအကျော်အမော်နှစ်ဦး ပြိုင်ပွဲမြင်ကြရမှာမို့ ပရိသတ်က ညနေစောင်းကတည်းက ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်  ပြည့်လျှံသွားတော့၏။

အတက်နေ့မို့လည်း ဆုယူမည့်အလှပြယာဉ်တွေ၊ သံချပ်အဖွဲ့တွေကလည်း ဗဟိုမဏ္ဍပ်တောင်ဘက်ခြမ်းမှာ တန်းစီနေရာယူထားကြသည်။ အတက်နေ့မို့ နောက်ဆုံးပိတ် အိတ်နှင့်လွယ်ဆိုသလို တစ်မြို့လုံးလည်း အခါတိုင်းနေ့များ ထက် စောစီးစွာ သီချင်းသံ၊ ဂီတသံ၊ သံချပ်သံတွေ လွှမ်းနေသည်။

ဗဟိုမဏ္ဍပ်ယိမ်းအဖွဲ့ကလည်း ပရိသတ်အင်အားကြောင့် အချိန်မဆိုင်းဘဲ သီဆိုကပြဧည့်ခံနေသည်။

သည်ကမ်း … သည်သောင်၊

သည်တောင် .. သည်ယာ

သည်ရွာ .. သည်မြို့၊

သည်သို့ .. သည်ဓလေ့ ..

ပျော်မွေ့နှစ်ခြိုက် ..

စရိုက်အစဉ်အလာ …။

သည်မြေမှာမွေး ..

သည်မြေသွေးပင် …

သည်မြေကိုလျှောက် …

သည်ရေသောက်လျှင်

ပန်းပိတောက်တို့ပမာထင်

အပင်ချင်းယှက် ..

အခက်ချင်းယှဉ် …

ပန်းပိတောက်ရဲ့ ရွှေမျက်နှာ

ဝင်းထိန်လို့ဝါ …

အနွယ်ချင်းယှက် ..

အခက်ချင်းယှဉ် ..

တစ်ပွင့်မြေသက်၊

တစ်ပွင့်တက်

တစ်ခက်ပက်ကြွေ ..

တစ်ခက်ဝေ

သည်အတာ သည်ရေသဘင်

အားသစ်မာန်သစ်ဝင် …

ဆန်းသစ်လှသောစာသား၊ တေးသွားနှင့် သီချင်းဂီတသံတွင် ညီညာညက်ညောလှသော သင်္ကြန်အကများက ထောင်သောင်းချီပရိသတ်၏ အာရုံကို တုတ်တုတ်မျှမလှုပ်အောင် ဖမ်းစားထားနိုင်၏။ ဤသို့ဖြင့် သင်္ကြန်ယိမ်းတွေကအပြီး လှုပ်လှုပ်ရွရွဖြစ်သွားသော ပရိသတ်အသံနှင့် အတူ တောင်ဘက်ကျောက်သွေးတန်းဆီမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း အလှပြယာဉ်တစ်စီးက မီးရောင်စုံထွန်းညှိပြီး တေးဂီတသံသာများနှင့်အတူ ဆုယူရန် တန်းစီရပ်ထားသော အခြားအလှပြယာဉ်များ၊ သံချပ်အဖွဲ့ယာဉ်များကိုကျော်၍ ဗဟိုမဏ္ဍပ်သို့ တငြိမ့်ငြိမ့်ဝင်ရောက်လာ၏။

ပရိသတ်များကအချင်းချင်း ပူးကပ်ရှဲပေး၍ အလှပြယာဉ်ကို နေရာပေးသည်။ ကားဦးမှာသမားတော်၏ ဆေးကြိမ်လုံးကို မြွေနှစ်ကောင် ရစ်ကာ ပါးပြင်းထောင်နေသည့် တံဆိပ်က အော်တိုမစ်တစ်မီးလုံးများနှင့် ထင်ရှားနေသည်မို့ ပရိသတ်၏ သြဘာသံက ဆူညံသွားသည်။ မျှော်လင့်တောင့်တနေသည့် စေတနာ အလှပြယာဉ်။

စေတနာက ဗဟိုမဏ္ဍပ်ရှေ့ ရောက်သည်နှင့် ဂုဏ်ထူးဦးသိန်းနိုင်၏ ပဏာမအဖွင့်စကားအပြီး အော်တိုဆိုက်ဆိုဖုန်းဆရာက သူကိုယ်တိုင် ရေးစပ်သော သီချင်းလေးကို တိုက်ပုံအင်္ကျီအပေါ်အိတ်မှာ အသင့်ထိုးထားသော ပိတောက်ခက်လေး ကိုင်ကာကိုင်ကာ သီဆိုတော့၏။ ပရိသတ်က ကြုံဖူးပြီးမို့ သြဘာ လက်ခုပ်ကျသွားသည်။ ဆက်တိုက်ဆိုသလို ဘ၀ဂ်ညံမျှ သြဘာလက်ခုပ်ကျသွားပြန်တာက သင်္ကြန်ယိမ်းသမများအလယ် ကျုံ့ကျုံ့လေး ထိုင်နေသော အကနည်းပြဆရာမလေးက ထကာ ထဘီကိုပြင်ဝတ်ပြီး စင်ရှေ့ထွက်၍ ကပြလိုက်ခြင်းမို့ ဖြစ်သည်။ ပွဲကြီးပွဲကောင်းတွေ့ပြီ။

အော်တိုဆိုက်ဆိုဖုန်းဆရာက သီချင်းအပြီး သူ့လက်စွဲအော်တို ဆိုက်ဆိုဖုန်းကိုကောက်ပြီး သီချင်းသွားကိုမှုတ်လိုက်၏။ သီချင်းသွားက ယိုးဒယားအသွားဖြစ်သည်။ အက ကလည်းညက်ညက်ကလေး။ ထိုယိုးဒယားအသွားမှာ ဖျင်းချဉ်အပိုဒ်လို ရေလည်စိမ် ပဒေသာသီချင်း များအကုန်ဆိုပါတော့ …။ အက နည်းပြဆရာမလေးကလည်း တေးသွားစည်းချက်အလိုက် နုနုလှလှလေးကနေ၏။ ပရိသတ် သြဘာ လက်ခုပ်ကျသွားသည်။ ဤသို့ဖြင့် နာရီဝက်၊ ၄၅ မိ နစ်၊ ၁ နာရီ။ နှစ်ယောက်စလုံး အလျှော့မပေးကြ သေး …။

အတက်နေ့မို့ ဆုပေးမည့် အစီအစဉ်တွေ မစရသေး။ ဗဟိုမဏ္ဍပ်မှ တာဝန်ရှိလူကြီးများက ရပ်စေချင်ပြီ။ ထို့ကြောင့် ပြိုင်ပွဲဝင်အသင်းများ အတွက် တပ်ဆင်ထားသော ချိန်မှတ် မီးနီကို မကြာခဏ အချက်ပြ၍ စေတနာအသင်း၏ တီးမှုတ်မှုကို ရပ်စေ၏။ မရ။

စေတနာအသင်းက အော်တိုဆိုက်ဆိုဖုန်းဆရာကလည်း အပွဲပွဲအနိုင်ယူခဲ့သမျှ အခုအလျှော့မပေး။ ထို့အတူ အကနည်းပြဆရာမလေး ကလည်း အလျော့မပေးနိုင်။ သည်လိုနှင့် ၁ နာရီနှင့် မိနစ် ၃၀ ခန့် ကြာလောက်ပြီ။ မည်သို့မှ တားမရသည့်အဆုံး၊ နယ်မြေပိုင်ရဲစခန်းကို အကူအညီတောင်းလိုက်ရတော့သည်။ ဗဟိုမဏ္ဍပ်နှင့် ၂ ပြကျော်သာဝေးသော ယိုးဒယားဈေးဂတ် (ယခုအမှတ် ၈ ရဲစခန်း) သို့ စေတနာအလှပြယာဉ်ကို ခေါ်ဆောင် သွားသည်။ သည်အထိ အော်တို ဆိုက်ဆိုဖုန်းဆရာက အမှုတ်မပျက်။ မဏ္ဍပ်ပေါ်မှ အကနည်းပြဆရာမလေးလည်း အကမပျက်။ အသံတွေ ဝေး .. ဝေး၍ ပျောက်သွားမှ အက ရပ်တော့သည်။ ပညာရှင်နှစ်ဦးပြိုင်ပွဲက ဘယ်သူ့ဘယ်သူမှ မနိုင်….။

သို့သော် နိုင်သူက နိုင်သွားပါ၏။ ပရိသတ်ဖြစ်ပါသည်။ ပရိသတ်က အုံနှင့်ကျင်းနှင့်တောင်းဆိုမှုကြောင့် တာဝန်ရှိလူကြီးများ အစီအစဉ်ဖြင့် အော်တိုဆိုက်ဆိုဖုန်း ဆရာကို ဗဟိုမဏ္ဍပ်ပေါ်သို့ ပြန်လည်ခေါ်ယူကာ .. ပရိသတ်စိတ်ကြိုက် ကျေနပ်သည်အထိ အကနည်းပြ ဆရာမလေး၏ အကနှင့်အတူ ဖျော်ဖြေစေခြင်းပဲဖြစ်ပါ၏။ သည်တစ်ခါ သူနိုင်ကိုယ်နိုင်ပြိုင်ပွဲမဟုတ်။ အနုပညာရှင်နှစ်ဦးနှင့် အပြန်အလှန် အပေးအယူနှင့် အနုပညာကွန့်မြူးမှု …။ ပရိသတ်ကြီးကလည်း ၄ ပြနီးပါးလောက်ထိ ကပ်ညပ်ခဲကာ သြဘာလက်ခုပ်မစဲ အားပေးကြဆဲ …။

အော်တိုဆိုက်ဆိုဖုန်းဆရာက ကချင်မြေ သိန်းနိုင်လေး …။

အကနည်းပြဆရာမလေးက ဒေါ်ခင်ဝင်းနွယ် …။

(ဂ)

ကျုံးနဘေး အာဇာနည်လမ်းပေါ်တွင် သက်တမ်းရင့်ကုက္ကိုပင်ကြီးများက အရွက်တို့ ဖွေ့ဖွေ့ကြွေပြီ။ မကြာမီ လမ်းလယ်ကျွန်းပေါ်က စီမံကိန်းတယ်ပင် လူပျိုပေါက်တို့လည်း သူ့ရွက်ဝါဟောင်းတွေ ခါချနေတော့၏။ တောင်လေအဝှေ့ တွင် ကတ္တရာလမ်းပေါ်မှာ ရွက်ဝါတို့ ရှပ်တိုက်ပြေးနေသည်။ ကျုံးရေပြင်မှာ မြူငွေ့ပါးပါးထင်နေသည်။

ကပြသည့်ခွင်အတွက် ပေ ၆၀ ပတ်လည်နေရာအပြင် ဘေးတစ်ဖက်တစ်ချက်မှာ ပေ ၅၀  ပေ ၇၀ စီ ပွဲကြည့်ဆောင်များပါ ပူးတွဲပါဝင်သည့် ပေ ၁၆၀ ပေ ၇၀ ရှိ သင်္ကြန်မဏ္ဍပ်ကြီးအတွက် ၂၀၀၀ ခု နှစ်ကတည်းက သံမဏိဘောင်ကြီးများနှင့် ခြင်းကြားထည်ကို ပုံစံသေ အခိုင်အခံ့ တည်ဆောက်ခြင်းဖြစ်၏။

ရန်ကုန်က ခေတ်ပေါ်တီးဝိုင်းကို ငွေကျပ်သိန်း ဘယ်နှရာနှင့် ငှားရမ်းမှာ၊ လတ်တလော နာမည်ကျော်အဆိုတော်မလေး ကို ငွေကျပ်သိန်း ၈၀ နှင့်အပြေးအလွှားရက်ချိတ်ငှားရမ်းရတာ၊ ဒါတောင် ထိုအဆိုတော်မလေးက သင်္ကြန် ၄ ရက်မှာ ၃ ရက်မှာ သီဆိုနိုင်မှာ၊ အခြား ရုပ်ရှင်မင်းသားမင်းသမီးများ၊ နာမည်ကျော်အဆိုတော်များ၊ မော်ဒယ်များကို ငွေကျပ်သိန်း ဘယ်နှဆယ်စီဖြင့် ငှားရမ်းပြီးတာ စသည့်စသည့် သတင်းများကို ကြားနေရတော့ …။

Share on Facebook

ဒီနှစ် နယ်မှာ စာပေဟောပြောပွဲတွေ တော်တော်များများ ကျင်းပကြတယ်…
ဒီနှစ် နယ်မှာ စာပေဟောပြောပွဲတွေ တော်တော်များများ ကျင်းပကြတယ်…

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေက လွဲလို့ ဒီနှစ် နယ်မှာ စာပေဟောပြောပွဲတွေ တော်တော်များများ ကျင်းပကြတာကို ဟောပြောပွဲ ပွဲချီစိပ်တဲ့ စာရေးဆရာတွေရဲ့ ခရီးစဉ်တွေအရ သိရတယ်။ ပွဲတော်တော်များများက နယ်မှာရှိတဲ့ စာပေ၀ါသနာရှင် လူငယ်လေးတွေ စုစည်းပြီး သူတို့လုပ်အား၊ သူတို့ချွေးနှဲစာနဲ့ ကျင်းပကြတာဖြစ်တယ်။ အချို့နယ်တွေမှာ စာပေ၀ါသနာရှင် လူငယ်လုပ်ငန်းရှင်တွေ စုစည်းပြီး စာကြည့်တိုက်ဖွင့်ပွဲအနေနဲ့လည်း ကျင်းပကြတာတွေ့ရတယ်။ အချို့နယ်တွေမှာတော့ စာပေ၀ါသနာပါတဲ့၊ စာရေးဆရာလည်းဖြစ်တဲ့ နယ်ခံ ရဟန်းသံဃာတော်တွေက ကျင်းပကြတယ်။ တချို့ဆို အိမ်ခြေတစ်ရာလောက်သာ ရှိတဲ့ ရွာလေးကလည်း စာပေဟောပြောပွဲကို မဖြစ်မနေ ကျင်းပကြတယ်။ သေချာတာတစ်ခုကတော့ ကျေးလက်အပါအ၀င် အခြေခံလူတန်းစားတစ်ရပ်လုံး အသိပညာကို အခြေခံပြီး မိမိတို့ကြမ္မာကို မိမိတို့ဘာသာပဲ ဖန်တီးရမယ်လို့ သိရှိလာကြတဲ့အတွက် အသိပညာဆိုင်ရာ ဆောင်ရွက်ဖွယ်ကိစ္စတွေ အမြန်ဆုံး၊ အမြင်တူသူချင်း လက်တွဲပြီး စည်းစည်းလုံးလုံး ဆောင်ရွက်ကြတာပါ။

အရင့် အရင်နှစ်တွေကလို စာပေဟောပြောပွဲဆိုရင် လုပ်ပိုင်ခွင့်ရှိတဲ့ အသင်းအဖွဲ့နဲ့ သက်ဆိုင်ရာ စာပေအသင်းအဖွဲ့ ရဲ့ ခွင့်ပြုမှု၊ ပူးပေါင်းပါဝင်မှုနဲ့မှသာ ပြုလုပ်နိုင်ကြပေမယ့် ဒီနှစ်မှာတော့ အဲဒီအသင်းအဖွဲ့တွေရဲ့ ကဏ္ဍတွေ နေရာမှာ စာပေ၀ါသနာရှင် လူငယ်တွေရဲ့ ညီညွှတ်မှုနဲ့ စိတ်အားထက်သန်မှု၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းရဲ့ သဘောပေါက်ပါဝင်လာမှုတွေကြောင့် ခုလိုဟောပြောပွဲတွေ အပြိုင်းအရိုင်းပေါ်လာတယ်လို့ ယူဆရတယ်။ မြို့ကြီးတွေ အနေနဲ့ မော်လမြိုင်စာပေဟောပြောပွဲက ဒီနှစ်မှာ ထူးထူးခြားခြား ကျင်းပလာနိုင်ခဲ့တယ်။ ကောင်းတာလုပ်တဲ့အပေါ် အတုခိုးဖို့ မခဲယဉ်းတဲ့ ယဉ်ကျေးဖွယ်ရာသော လူမျိုးဆိုတော့ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှာရှိတဲ့ အိမ်ခြေ ၂၀၀၀မျှသော မြို့ငယ်လေးကလည်း ကြီးကျယ်ခမ်းနားတဲ့ စာပေဟောပြောပွဲကို မြို့ခံစာပေ၀ါသနာရှင်လူငယ်တွေ၊ လုပ်ငန်းရှင်တွေ၊ မြို့မိ မြို့ဖတွေ ပူးပေါင်းပြီး ချက်ချင်း ကျင်းပကြတယ်။ ဒီမြို့လေးက မန္တလေး-မြစ်ကြီးနား မီးရထားလမ်ပေါ်မှာရှိတဲ့ ဇီးကုန်းဆိုတဲ့ မြို့လေးပါ။ ဘူတာရုံမှာတော့ ထန်းတပင်ဇီးကုန်းလို့ ဆိုင်းဘုတ်တပ်ထားတယ်။ မန္တလေး-မြစ်ကြီးနား မဟာဗျူဟာကားလမ်းကလည်း လာလို့ရတယ်။

ဇီးကုန်းစာပေဟောပြောပွဲက နှစ်ညကျင်းပတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့ညမှာ စာရေးဆရာ အောင်သင်း၊ ကာတွန်း အော်ပီကျယ်နှင့် စာရေးဆရာ မောင်သာချိုတို့ ဟောပြောတယ်။ ဖေဖော်ဝါရီ ၂ရက်နေ့ညမှာ စာရေးဆရာ ချစ်ဦးညို၊ နေ၀င်းမြင့်၊ ညီပုလေးနဲ့ ဆူးငှက်တို့ ဟောပြောတယ်။ မြို့လယ်မှာရှိတဲ့ ဘောလုံးကွင်းကြီးထဲ ကျင်းပတဲ့ စာပေဟောပြောပွဲမှာ စာအုပ်ဈေးရောင်းပွဲတော်လည်း ခင်းကျင်းတယ်။ ပထမနေ့ညကလည်း ည ၇နာရီက စတဲ့ ဟောပြောပွဲဟာ သန်းခေါင်ကျော်သော်လည်း ပရိသတ်အင်အား လျော့မသွားခဲ့ဘူး။ ဒုတိယနေ့ညကလည်း ည ၇နာရီက စတဲ့ ဟောပြောပွဲဟာ သန်းခေါင်ကျော် နာရီပြန်တစ်ချက်ခွဲမှ ပြီးတယ်။ ပရိသတ်က ကွင်းလုံးပြည့်ပဲ။ ဇီးကုန်းမြို့ပေါ်သာမက ၁၂မိုင်လောက်ဝေးတဲ့ ရွှေဘိုကလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ လာကြတယ်။ ဆိပ်ခွံကလည်း လာကြတယ်။ ခင်ဦးကလည်း လာကြတယ်။ ရေဦးကလည်း လာကြတယ်။ ကန့်ဘလူကလည်း လာကြတယ်။ တာအိုးကလည်း လာတယ်။ တော်တော်လှမ်းတဲ့ တန့်ဆည် ကတောင်လာကြတယ်။ ဇီးကုန်းမှာရှိတဲ့ သကြားစက်ကြီးက တာဝန်ရှိသူတွေလည်း လာကြတယ်။ စာအုပ်ဈေးရောင်းပွဲက ဟောပြောပွဲမစခင်မှာတင် စာအုပ်အားလုံးကုန်သွားတယ်။ မော်လမြိုင်ပွဲ အတွေ့အကြုံရှိတဲ့ ဆရာတွေရဲ့ ပြောစကားအရတော့ ဘောလုံးကွင်းကြီးထဲ ကိုယ့်ဖျာကိုယ်ခင်းပြီး ကျပ်ညှပ်ထိုင်ကြတဲ့ ပရိသတ်ကြီးကို ကြည့်ပြီး ဇီးကုန်းပရိသတ်က ပိုများတယ်လို့ အတည်ပြုကြတယ်။ ရာသီဥတု အေးမြအစွမ်းပြတဲ့ ညပေမယ့် ပရိသတ်အားက လုံးဝလျော့ကျမသွားဘူး။ ငြိမ်သက် စိတ်ဝင်စားစွာ နားထောင်ကြပြီး ခံစားချက်လက်ခုပ်သံတွေနဲ့ အားပေးကြတယ်။ ထူးခြားတာက စာရေးဆရာတိုင်း လူငယ်တွေအတွက် အမှတ်တရ အော်တိုစာအုပ်တွေ ရေးသားလက်မှတ်ထိုးကြရတာ ပွဲမစခင်ရော၊ ပွဲပြီးရော နောက်တစ်ရက်မပြန်ခင်ရော အထိ လက်မလည်ဘူး။ အနည်းဆုံး အုပ်ရေ ၃၀၀က ၅၀၀ကြားရှိနိုင်တယ်။ စာရေးဆရာတွေ သွားတဲ့နေရာတိုင်း မြို့ခံတွေက အားရ ၀မ်းသာနှုတ်ဆက်ကြတယ်။ ဒီလိုဟောပြောပွဲမျိုး အင်မတန်ရှားပါတယ်။ ဒီလိုဟောပြောပွဲမျိုး မြို့တိုင်း၊မြို့တိုင်းမှာ ရှိလာစေချင်တယ်။ ဟောပြောပွဲတွေများလာတာနဲ့အတူ အချို့သော စာရေးဆရာ၊ ဆရာမများရဲ့ အကြားမတော်ဖွယ် ဟောပြောမှုမျိုးတွေ ခပ်စိပ်စိပ်ရှိလာတယ် ဆိုတာလည်း အတွေ့အကြုံများတဲ့ ဆရာများရဲ့ ပြောပြမှုကို အဲဒီဇီးကုန်းပွဲအပြီး စာရေးဆရာချင်း စကားဝိုင်းမှာ ကြားရတော့ စိတ်မချမ်းမသာဖြစ်ရတယ်။ ဆိုးတာက မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မြန်မာစာရေးဆရာတစ်ယောက်အနေနဲ့ မြန်မာစာဖတ်ပရိသတ်ကို စင်ပေါ်ကနေ မကြားဝံ့ မနာသာဖွယ် စကားလုံးတွေ အကြောင်းအရာတွေကို ဆင်သေဆိတ်ရေ ဖုံးပြီး ဟောပြောနေကြတယ်ဆိုတာကတော့ မြန်မာစာပေလောကအတွက် အမည်း ကွက်ကြီး တစ်ကွက်ပါပဲ။

ကျွန်တော်တို့ကတော့ အစဉ်အလာကြီးမားတဲ့ မန္တလေးက ဓမ္မဗိမာန်စာတမ်းဖတ်ပွဲ၊ မီးရထားစာကြည့်သင်းဟောပြောပွဲ နဲ့ ဓမ္မသာလာစာပေဟောပြောပွဲတွေကို လွမ်းဆွတ်နေတော့တယ်။

Share on Facebook

စက်ဘီစီးခဲ့ စက်ဘီးစီးဆဲ စက်ဘီးဆက်စီးဦးမဲ့မြို့
စက်ဘီစီးခဲ့ စက်ဘီးစီးဆဲ စက်ဘီးဆက်စီးဦးမဲ့မြို့

လှည်းနောက်မြီးထက်၊

ခြေတွဲလောင်းလေးယှက်ပြီး

သံသာသီတော့ပေ …

တောင်ခြေမဝေးတဝေး …

ဖွေးဖွေးတည်နေ၊ စေတီ

ကျောင်းကန် ပြာသာဒ်များနဲ့

ဘုရားဇရပ်တို့ ပျော်စရာပေ

အပါးကပ်လို့ မျှော်တာတွေ

အလားနတ်တို့ပြေ ..၊

အိုအောင်မင်းအောင်

ပေါင်းကြလို့လေ …၊

တူစုံမောင်မယ်၊

တောင်းဆုကိုချွေ …၊

မန်းတောင်ရိပ်ကို ခိုသူ

ပျိုဖြူနှမတွေ ….

၁၉၃၀ ၀န်းကျင် ယခုလိုတစ်ဝါတွင်း၌ မန္တလေးသူလေးတွေ လှည်းယာဉ်ကျော့စီးပြီး မန္တလေး တောင်သို့ ဘုရားဖူးလည်သည့် မြင်ကွင်းကို ဆရာမြို့မငြိမ်းက "တစ်ဝါတွင်း" သီချင်းတွင် ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မန္တလေးသူလေးများက အခါကြီးရက်ကြီးရောက်လျှင်ဖြင့် အချင်းချင်းစုရုံးကာ အကြီးအကဲ၊ မိဘများကို ခွင့်ပန်ပြီး တန်ခိုးကြီးဘုရားများသို့ တပျော်တပါး သွားရောက်ကြပေလိမ့်မည်။ သကျသီဟ၊ အိမ်တော်ရာ၊ ချမ်းသာကြီး၊ ချမ်းသာရ၊ ရှင်ပင်ပက်လက်၊ ရွှေကျီးမြင်၊ ရတနာမဉ္ဇူ၊ ဆုတောင်းပြည့်၊ ဆုတောင်းရ … စသည်ဖြင့် ရှိမှာပေါ့ …။

ဆရာမြို့မငြိမ်းခေတ်က မန္တလေးသူတွေ မန္တလေးတောင်သို့ ဘုရားဖူးသွားကြတော့ လှည်းနောက်မြီးမှာ ခြေတွဲလောင်းလေးယှက်ပြီး သီချင်းသံပြိုင်သီကြသတဲ့ …။ သူတို့ စီးလာကြသော လှည်းယဉ်တန်းက ကျုံးနံဘေးလမ်းတစ်လျှောက် ခြူသံလေးတွေ တလွင်လွင်နှင့်မို့ နားဝင်အေးလှသတဲ့ …။

ထိုခေတ်ထိုအချိန်က မန္တလေးတွင် ဘိုင်စကယ်ဟုခေါ်သည့် စက်ဘီးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲနေလောက်ပြီ။ သို့သော် ထိုစက်ဘီးများကို ယောက်ျားဘသား ကျားကျားလျားလျားကြီးတွေကပဲ စီးကြမည်။ တကယ်တော့ အေဒီ ၁၇၉၀ ပြည့်နှစ်တွင် ပြင်သစ်၌ သစ်သားတန်းကို ဘီးနှစ်ဘီးတပ်ပြီး ခြေနှင့်ကန်သွားသော စက်ဘီးလောင်းလေးပေါ်ပြီးနောက် နောင်နှစ် ၅၀ နီးပါးအကြာ အေဒီ ၁၈၃၉ ရောက်မှ ခြေထောက်နှင့် နင်းသွားရသော စက်ဘီးကို စကော့လူမျိုးတစ်ယောက်က တီထွင်ချိန်တွင် မြန်မာကလည်း ကြေးသွန်းသံသွန်း အတတ်တွေ ကျွမ်းကျင်နိုင်နင်းနေပါပြီ။ ၁၈၆၆ ခုနှစ်၌ ပြင်သစ်ပြည်တွင် ပဲနိဖာသင် (ရှေ့ဘီးက နောက်ဘီးထက် လေးဆကြီးသော) စက်ဘီးတွေ လမ်းပေါ်တွင်ကျယ်စွာ စီးနေချိန်၌ ရတနာပုံ မန္တလေးမြို့တော်ကြီးမှ အိမ်ရှေ့စံကနောင်မင်းသားက ပြင်သစ်၊ အီတလီနိုင်ငံများသို့ မြန်မာလူငယ်တွေကို ပညာတော်သင်စေလွှတ်ကာ ကိုယ်ပိုင်လက်နက်စက်ရုံကအစ အခြားလူသုံးကုန် စက်ရုံများအထိ တည်ထောင်နိုင်ရန် ကြံရွယ်နေပေပြီ။

ကနောင်ကိုယ်တော်ကြီး စောစီးစွာနတ်ရွာစံခဲ့ပေလို့ …။ သို့မဟုတ်က ၁၈၈၅ ခုနှစ်တွင် ယခုခေတ် စက်ဘီးပုံစံကို အင်္ဂလန်၌ စီးပွားဖြစ် စတင်ရောင်းချနေသောအခါ ရတနာပုံမန္တလေးမှာလည်း စက်ဘီးစက်ရုံရောက်မလာပေဘူးဟု မည်သူပြောအံ့နည်း …။ ထားပါတော့ …။ စစ်ကြီးမတိုင်မီ မန္တလေးတွင် အင်္ဂလန် စက်ဘီးတွေ အသုံးပြုလာတာတော့ သေချာသည်။ မန္တလေးမြို့ မျက်နှာဖုံး နာမည်ကျော် အနုပညာရှင် ရွာစားကြီး စိန်ဗေဒါက သူ့ဆင်တိုစက်ဘီးအသစ်ကြီးနှင့် မက်မက်မောမော ဓာတ်ပုံအရိုက်ခံခဲ့သည်။ အင်္ဂလိပ်ခေတ်မှာ ခေတ်ဆန်သည့် မြန်မာမိန်းမပျိုလေးကလည်း ဆံထုံးထုံးကာ ရှန်ဟဲညွန့်ပိုးထည် လက်ရှည်အင်္ကျီဖားဖားနှင့် ဇင်းမယ်လုံချည်ဝတ်ပြီး မိန်းမစီးစက်ဘီးပေါ် တက်ထိုင်၍ စတိုင်ထုတ်နေပြီ။ မြန်မာမိန်းမပျိုလေးစီးနေသော စက်ဘီးက မိန်းမစီးစက်ဘီးပုံချိုးထားသည်။ သည်တော့ အမျိုးသမီးများအတွက်လည်း စက်ဘီးတွေ ၀င်နေပြီပေါ့။ သို့သော် ကျယ်ကျယ်ပြန့်ပြန့်တော့ စီးကြဟန် မတူသေး …။ ယောက်ျားစီးစက်ဘီးကိုတော့ တွင်တွင်ကျယ်ကျယ် စီးကြရောပေါ့။ အဘယ့်ကြောင့်ဆိုသော် မန္တလေး ၁၃၀၀ ပြည့် (၁၉၃၉) အရေးတော်ပုံတွင် ၂၆ ဘီလမ်းပေါ်၌ စက်ဘီးတွေ အတုံးအရုန်းလဲနေသည့် ဓာတ်ပုံမှတ်တမ်းများလည်းရှိသည်။ ထို့ပြင် အရေးတော်ပုံတွင် ကျဆုံးသည့် အာဇာနည်များဈာပန ပို့ဆောင်ပွဲ၌ မန္တလေးတွင် ထိုအချိန်က စတင်သုံးစွဲနေသော ဆိုက်ကားများကလည်း အုပ်နှင့်သင်းနှင့် လိုက်ပါပို့ဆောင်ကြသည့် မှတ်တမ်းဓာတ်ပုံများလည်း ရှိသည်။

တကယ်တော့ ထိုစဉ်ကာလကတည်းက မန္တလေးတွင် စက်ဘီးများတွင်ကျယ်စွာ သုံးနေကြသည်။ မန္တလေးတွင် ဓာတ်ရထားများ၊ မြင်းရထားများစသည်ဖြင့် သယ်ယူပို့ဆောင်ရေးတွင် အရှိန်ရနေပြီး၊ ၀ံသာနုစိတ်ဓာတ်ဖြင့် ဆိုက်ကားများလည်း ၀င်းကြိုဝင်းကြား၊ လမ်းကြိုလမ်းကြားမကျန် ၀င်ထွက်သယ်ပို့နေကြသော်လည်း စက်ဘီးက မန္တလေးအတိုင်းအတာနှင့် အလွန်တာသွား အရာရောက်လှ၏။ မန္တလေးတွင် စက်ဘီးနှင့်ပတ်သက်၍ ပြောစမှတ်တစ်ခုလည်းရှိသည်။ မန္တလေးတွင် စက်မှုလက်မှု အထက်တန်းကျောင်းနေရာမြေ၊ ယခု အမှတ် ၁၄ အထက်တန်းကျောင်းဝင်းနေရာ မြေ၊ မန္တလေးဆေးရုံကြီး မြောက်ဘက်သုံးဆယ်ဝင်းမြေ၊ ၈၁ လမ်းနှင့်လမ်း ၃၂ လမ်းထောင့် တရားဇရပ်ကြီး၊ မန္တလေး ဘိုးဘွားရိပ်သာ၊ မန္တလေး၏ ပထမဆုံးမီးသဂြုင်္ိဟ်စက် စသည်ဖြင့် အများပြည်သူအတွက် လှူဒါန်းထားသော ကုသိုလ်အစုစုအပြင် မန္တလေးမြို့ပေါ်တွင် ၀င်းမြေ၊ တိုက်တာအိမ်ခြံ စသည်ဖြင့် များစွာပိုင်ဆိုင်ခဲ့သော ထိုမြေ၊ ထိုယာ၊ ထိုဝင်း၊ ထိုအိမ်များကို အများအတွက် ရွက်ပုန်းသီးလှူဒါန်းခဲ့သော ဦးကျော်လှသည် သူစတီးဘရားသား၌ ရုံးအုပ်စာရေးကြီးဝင်လုပ်သောအခါ ရုံးရှိရာ ဂေါဝိန်ဆိပ်သို့ မြောက်ဘုံဘိုင်တန်းရှိ နေအိမ်မှ အသွားအပြန်ကို ရာလေးစက်ဘီး ဖြင့်သွားသတဲ့။ သူပိုင်ရာလေးစက်ဘီးက ကာကီစထူထူဖြင့် စက်ဘီးကုန်းကိုဖုံးအုပ်သည်။ ဘောင်များကိုလည်းကာကီစနှင့် ပတ်ချုပ်ထား၏။ စက်ဘီးကိုရပ်လိုလျှင် ဘရိတ်အုပ်ပြီးမရပ် …။ ဘရိတ်ပွန်းမှာစိုး၍ ဖြည်းဖြည်းချင်းအရှိန်လျှော့ပြီးစီးကာ ရပ်လိုသောနေရာရောက်မှ ခုန်ဆင်းသည်။ အိမ်ရောက်သည်နှင့် စက်ဘီးကို ဖုန်သုတ်လေလျှော့ပြီး တန်းမှာဆွဲထားသည်။ နောက်ရက် ရုံးသွားမှ တန်းကချ၊ လေထိုးစီးသတဲ့ …။ စက်ဘီးကို ဤမျှညှာတာ…၊ ဤမျှယုယပြီး ရိုသေစွာ ကိုင်တွယ်ပုံကို မန္တလေးရှေးလူကြီးတွေ ပြောစမှတ်ပြုသည်။

စစ်ကြီးမတိုင်မီအထိတော့ မန္တလေးမှာ မန္တလေးသူတွေ စက်ဘီးကို တွင်တွင်ကျယ်ကျယ် စီးကြပုံမပေါ်သေး …။ ထို့ကြောင့် ၀ါတွင်းဝါကျွတ် ဘုရားကျောင်းကန်ကို မန္တလေးသူတွေစုပြီး လှည်းယာဉ်စီးကာ ဘုရားဖူးထွက်ကြပုံကို ဆရာမြို့မငြိမ်းက ရေးသားစပ်ဆိုခဲ့သည်။

"လက်ပံပွင့်တွေ ..

လေအတိုက် ကြွေလိုက်တဲ့အခါ

တ၀ဲဝဲ ၀ဲကာလေယာဉ်ပမာ …

သြော် … ချစ်စရာ ချစ်စရာ

မြင်ရပါလေဦးတော့မည်၊

ရိုးတံတွေကျဲ

နေပူထဲ … မှာ

ရွှေညာသူပျိုဖြူချောတွေ

စက်ဘီးလေးတွေစီးကာကိုယ်စီ

စက်ဘီးလေးတွေစီးကာကိုယ်စီ"

နောက်တော့ မန္တလေးက စက်ဘီးမြို့တော်ကြီး ဖြစ်သွားသည်။ အထူးသဖြင့် မိန်းကလေးများအနေနှင့် စက်ဘီးနှင့်က ပိုမိုခရီးရောက် ဣနြေ္ဒရလာသည်။ ရှေးက မန္တလေးတွင် မိန်းကလေးများအနေနှင့် အရွယ်ရောက်သည်နှင့် ဆိုင်ရာဆိုင်ရာ နီးစပ်သူများထံ ဈေးသင်အပ်ကြသည်က များသည်။ ဈေးသည်အများစုက ဈေးချိုတော်ကြီးမှာမို့ ကိုယ့်အိမ်မှ ဈေးချိုခရီးကို စက်ဘီးနှင့်သွားကြသည်။ အလားတူ ကျောင်းသွား၊ ရုံးသွား၊ အလုပ်သွား ကိစ္စအတွက်လည်း စက်ဘီးများကို တွင်တွင်စီးကြသည်။ မန္တလေးမြို့ပြဖွဲ့စည်းမှုက ဆင်ခြေဖုံးမှသည် ဈေး၊ ကျောင်း၊ ရုံး၊ အလုပ်ရုံ၊ ဆေးလိပ်ခုံ စသောနေရာများက အဝေးဆုံး သုံးမိုင်၊ လေးမိုင်သာသာမို့ စက်ဘီးက အရာရောက်သည်။ အိမ်ထောင်စုတစ်စုတွင် စက်ဘီးတစ်စီးက မဖြစ်မနေလိုအပ်သော မြို့လည်းဖြစ်၏။ ပျမ်းမျှအားဖြင့် လူဦးရေဆယ်ဦးလျှင်စက်ဘီးတစ်စီး အနည်းဆုံး ရှိရတော့သည်။ ထို့ကြောင့် မန္တလေးသူများ တွင်ကျယ်စွာ စက်ဘီးစီးနေကြပြီဖြစ်သည့် ၁၉၅၉ ခုနှစ် မန္တလေးနှစ် ၁၀၀ ပြည့်နှစ်က လူဦးရေနှစ်သိန်းခွဲတွင် စက်ဘီးစီးရေ နှစ်သောင်းကျော်ရှိနိုင်သည်။ သည်အချိုးအစားက ပြောင်းလဲသွားနိုင်ပါပြီလား …။ ဒါကတော့ တပ်အပ်သေချာပြောနိုင်သည်။ ထိုအချိန်ကလူဦးရေနှစ်သိန်းခွဲတွင် အိမ်ခြေ ၃၅၀၀၀ ရှိသည်ဆိုတော့ နှစ်အိမ်လျှင် စက်ဘီးတစ်စီးပဲ အနည်းဆုံးထား … စက်ဘီးစီးရေ ၁၇၀၀၀ကျော် ၁၈၀၀၀ နီးပါးတော့ရှိသည်။ မန္တလေးကား စစ်ကြီးပြီး နောက်ပိုင်း စက်ဘီးနှင့် အတော်ယဉ်ပါးကာ သုံးစွဲမှုပမာဏ တစ်နှစ်ပြီးတစ်နှစ် ပိုမိုကြီးထွားလာခဲ့သည်။ စက်ဘီးတစ်စီးပေါ် ရှေ့ဘောင်တန်း၌ တစ်ယောက်တင်၊ နောက်ကယ်ရီယာပေါ် ကလေးပွေ့ချီထားသော မိခင်တစ်ဦးကို တင်ဆောင်ကာ လေးယောက်စီးနင်း သွားတာလည်း မဆန်းတော့ …။ ထို့အတူ စက်ဘီးကို ထီးဆောင်း၍လည်း ကျွမ်းကျင်စွာစီးနင်းသည်။ ခေါက်ထီးပေါ်သော ခေတ်၌ မန္တလေးသူက ကျော့ကျော့ရှင်းရှင်း စက်ဘီးစီးမပျက်နှင့် ခေါက်ထီးဖွင့်၊ ခေါက်ထီးပိတ်ခဲ့သည်။ စက်ဘီးပေါ်တက်သည်နှင့် လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကိုကိုင်ကာ လက်တစ်ဖက်က ထဘီနားစကို ထိန်းသိမ်းပြီးမှစက်ဘီးပေါ်ကျွမ်းကျင်စွာ တက်နိုင်သည်။ စက်ဘီးပေါ်ရောက်တော့ လက်ကိုင်နှစ်ဖက်ကို လက်ဖနောင့်နှင့်ဖိပြီး လက်မောင်းကို ဆန့်တန်းကာခါးကို ဆန့်ဆန့်ကလေးနှင့် ဒူးကိုစေ့ကာလှပသော ကိုယ်ဟန်နေထားနှင့်နင်းနိုင်သည်။

"ဘီးကလေးကိုစီး …

အချစ်ကလေးကိုတင်ပြီး

ကိုယ်သွားရတာလေ…

အင်မတန်ပျော် …

စကြ၀ဠာအဆုံးထိနင်းရမလား…"

မန္တလေးမှာ ဆရာ စိုင်းခမ်းလိတ် လည်းစက်ဘီးစီးခဲ့သည်။ အဆိုတော် စိုင်းထီးဆိုင်လည်း စက်ဘီးစီးခဲ့သည်။ အဆိုတော် ဂျေမောင်မောင်လည်း စက်ဘီးစီးခဲ့သည်။ ထို့အတူ …ထို့အတူ… မန္တလေးသူတိုင်းလိုလိုက စက်ဘီးစီးရင်းလိုရာခရီးကိုကျော့ကျော့ မော့မော့သွားနိုင်သည်။ မန္တလေးတက္ကသိုလ်ဝင်းကြီးထဲက ပင်မဆောင်ကြီး လှေကားအခြေမှာ စက်ဘီးတွေစီရပ်ထားပုံက အင်စတောလေးရှင်း ပြကွက်တစ်ခုပမာ အနုပညာမြောက်နေသည်။ သစ္စာဆောင်ရှေ့မှာလည်း စက်ဘီး၊ ရွှေမန်းဆောင်ရှေ့မှာလည်း စက်ဘီး၊ မြတမာဆောင်ရှေ့မှာလည်း စက်ဘီး …၊ အုတ်ခုံကြီးသာ ကျန်တော့သော အတုမရှိကျောင်းကြီး၏ မကန်းရုပ်လှေကားခြေမှာ ယောက်ျားစီး စက်ဘီးတစ်စီးနှင့် မိန်းမစီးစက်ဘီးတစ်စီး ခေါင်းချင်းဆိုင်နေသည်။ ၀င်းလိုက်ရုံမြောက်ဘက် ဒေါ်သောင်းသောင်း စက်ဘီးအပ်ဆိုင်မှာ သောကြာနေ့ဆို စက်ဘီးလက်မှတ် ကုန်နေတတ်သည်။ ၀ါဆိုလ ဇွန်ပန်းပွင့်ရာသီတွင် မျက်ပါးရပ်မြသီတာဇာတ်ရုံ၌ ရုံခါခေါင်းလောင်းမထိုးမီ မီးသတ်ရန်ပုံငွေ စက်ဘီးစတင်းမှာ နေရာပြည့်သွားသည်။ တက္ကသိုလ်နှင့် နန်းတွင်း လူငယ်ဘောလုံးပွဲအပြီး ဗထူးကွင်းမှသည် မစိုးရိမ်မီးပွိုင့်အထိ စက်ဘီးအုပ်ကြီးက မပြတ်တော့။ သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့ည လမ်းလယ်ဘုရားပွဲမှာလည်း ၈၂လမ်းပေါ် စက်ဘီးများက ပွဲဈေးတန်း လျှောက်နေကြ၏။ မကြာမီ စက်ဘီးအားလုံး အငြိမ့်စင်ဘေး၊ အငြိမ့်စင်နောက် ရောက်သွားကြ၏။ ထိုစဉ်က ၂၅.၆၄ စတုရန်းမိုင် ဧရိယာအကျယ်အ၀န်းရှိမန္တလေးမြို့ အတွင်းမှ စက်ဘီးများကား အခု ထိုအင်အားထက်မယုတ်မလျော့ဘဲ ပို၍ပင်တိုးကာ ၄၅ စတုရန်းမိုင်ရှိ မဟာမန္တလေးဧရိယာအတွင်း ဆင်ခြေဖုံးအများစုစီ ဗဟိုခွာအားပုံစံဖြင့် ကျဲပြန့်သွားတော့သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က စာရင်းဇယားများအရ မန္တလေး ငါးမြို့နယ်မှာ လူဦးရေ ၇၄၄၉၀၉ ဦးရှိသည်။ မန္တလေးအနီးဝန်းကျင် ပုသိမ်ကြီးနှင့် အမရပူရ နှစ်မြို့နယ်မှာ လူဦးရေ ၃၁၉၉၆၄ ဦးရှိသည်။ ထားပါတော့ …။ မန္တလေး ငါးမြို့နယ်လူဦးရေပဲ။ ထိုလူဦးရေမှာ ပျမ်းမျှ ငါးယောက်လျှင် စက်ဘီးတစ်စီးရှိတယ်ဆိုပါစို့ …။ (တကယ်လည်းရှိသည်။) စက်ဘီး စီးရေပေါင်း ၁၄၈၉၈၂ စီးရှိမည်။ ထိုအရေအတွက်ထဲမှ မန္တလေးသူတွေ တစ်ဝက်ကျော်က စက်ဘီးစီးနေကြတာသေချာသည်။ ဒါဆိုရင် မန္တလေးသူတွေက အနည်းဆုံး ၇၄၄၉၁ စီးသော စက်ဘီးများစီးနေဆဲဖြစ်၏။ မန္တလေးအနီးအနား ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များက လာရောက်ကြသူတွေနှင့်ဆိုလျှင် အနည်းဆုံး အစီးရေ ရှစ်သောင်းကျော်သော စက်ဘီးတွေနှင့် မန္တလေးသူတွေကိုယနေ့တိုင် မြင်တွေ့နေရပေဦးမည်။

လွန်ခဲ့သော သုံးနှစ်၊ လေးနှစ်အတွင်း တရုတ်ဆိုင်ကယ်တွေ အစီးရေ သိန်းဂဏန်းမျှ ၀င်လာတော့ မန္တလေးသည် ဆိုင်ကယ်မြို့တော်ဟု ဆိုသူက ဆိုကြ၏။ ၁၀ သိန်းနီးပါးမျှ လူဦးရေတွင် ဆိုင်ကယ်စီးရေ တစ်သိန်းဝင်လာသော်လည်း နဂိုရှိရင်းစွဲ သိန်းချီရှိနေသောစက်ဘီးတွေ ယုတ်လျော့မသွား၊ ပို၍ပင်တိုးလာဦးမှာ ဧကန်မုချဖြစ်သည်။

စက်ဘီးတိုင်းပြည်ဟု သမုတ်အပ်သော တရုတ်ပြည်မှာတော့ ဘီဂျင်းမြို့တော်ကြီးအပါအ၀င် လာမည့်နှစ်များအတွင်း လောင်စာချွေတာမှုအရ စက်ဘီးစီးရေ သန်းချီ၍ တိုးကာစီးကြဦးမှာတဲ့။ ဒါဖြင့် မန္တလေးမြို့ဆိုတာလေးကများ …။﻿

Share on Facebook

ကျွန်တော်… ရွေးကောက်ပွဲတစ်ခုမှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့ဖူးတယ်
ကျွန်တော်… ရွေးကောက်ပွဲတစ်ခုမှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့ဖူးတယ်

ကျွန်တော်ရွေးကောက်ပွဲတစ်ခုမှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့နှစ်၃၀ကျော် ၁၉၇၆ ခုနှစ်ကပါ…။ ဒီလိုပြောလို့… ဒီအချိန်ခါတော်မီသူသူငါငါ…… အပြိုင်အဆိုင်ရွေးကောက်ပွဲကိစ္စ၊ လွှတ်တော်ကိုယ်စားလှယ်ကိစ္စတွေ ပြောဆိုရေးသားနေချိန်၊ ဆူးငှက်လည်း ငါးပွက်ရာငါးစာချပြီး မတန်မရာဝင်ရေးလိုက်တာ သွက်သွက်ခါမှားပါပြီလားလို့ မထင်လိုက်ပါနဲ့ဦး။ ဟုတ်ပါတယ်။ ကျွန်တော်ဝင်ပြိုင်ရတဲ့ ရွေးကောက်ပွဲက ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံတော် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီ် အထွေထွေရွေးကောက်ပွဲတွေ မဟုတ်ပါဘူး။    အဖြစ်ကဒီလိုပါ…….။

၁၉၇၆ခုနှစ်မှာ ကျွန်တော်မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ သင်္ချာအဓိကနဲ့ပထမနှစ်ကစပြီး ကျောင်းတက်ရပါတယ်။ဒီနေရာမှာ ပထမနှစ်ကစပြီးလို့ ပြောဆိုရေးသားတာကအကြောင်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ နောက်နှစ်ကစပြီး တက္ကသိုလ်ဝင်တန်းအောင်ပြီးရင် တက္ကသိုလ်ကိုတိုက်ရိုက်တက်လို့ မရသေးပါဘူး။ဒေသကောလိပ်  မှာ ၂နှစ်တက်ပြီးတတိယနှစ်ရောက်မှ တက္ကသိုလ်တက်ကြရတာပါ။ကဲ….ထားပါတော့။

ကျွန်တော်တက္ကသိုလ်ရောက်တော့ အလယ်တန်း၊ အထက်တန်းကတည်းက ပေါင်းဟောင်းသင်းဟောင်းတွေ၊ တက္ကသိုလ်ရောက်မှ သိကျွမ်းခင်မင်ရသူတွေနဲ့ အသွေးအတောင် (အသွေးအရောင်မဟုတ်ပါဘူး) တူသူချင်းမို့ ပေါင်းမိကြပါတယ်။ ဒီလိုပေါင်းမိကြတော့ တက္ကသိုလ်ကျောင်းသားထုံးစံ သူ့အိမ် ကိုယ့်အိမ်၊ သူ့ကုတင် ကိုယ့်ကုတင် သူ့အိပ်ရာ ကိုယ့်အိပ်ရာ ခွဲခြားမနေ ကြတော့ဘူး။ ပစ်ခတ်ပေါင်းလိုက်ကြတာကိုး။ ဒီတော့ တစ်ခဏအတွင်း သူ့အကြောင်း၊ ကိုယ့်အကြောင်း အတွင်းသိ အစင်းသိ ဖြစ်ကုန်ကြတော့တာပါပဲ။ ကျွန်တော်က အဲဒီအချိန်မှာ စာဖတ်ရှိန်လေးကလည်း ကောင်းနေပါပြီ…။ ကျွန်တော့်အိပ်ရာဘေးမှာ စာအုပ်စင်လေးနဲ့ စာအုပ်တွေ ရှိနေပါပြီ။ လစဉ်လည်း မိုးဝေမဂ္ဂဇင်းနဲ့ ရှုမ၀မဂ္ဂဇင်းကို မပျက်မကွက် ၀ယ်ထားပါပြီ။ ကျွန်တော်က ပန်းချီဝါသနာပါတယ်။ ကျွန်တော့်အခန်း ဘေးနံရံမှာ ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလေးတွေလည်း ချိတ်ထားလို့ပေါ့။ ကျွန်တော့် ကျောင်းစာအုပ်တွေထဲမှာ ကဗျာတွေ၊ စာတိုပေစတွေ ရေးသားထားတာကိုလည်း ၀ိုင်းဖတ်ကြရဲ့….။ ကျောင်းထဲက ပင်မဆောင်ကြီးအနောက်ဖက် ချိုကြီးကဖေးမှာ အချိန်ပြည့်ထိုင်ပြီး ကျွန်တော်ပြောတဲ့ စာပေအကြောင်း၊ ဂီတအကြောင်း၊ ဇာတ်ပွဲအငြိမ့်ပွဲတွေ အကြောင်းလည်း စီးကရက်တဖွာဖွာ၊ လက်ဖက်ရည်အိုး တစ်ခရားပြီးတစ်ခရားနဲ့ နားထောင်ကြသေး…။

ဒီတော့သူငယ်ချင်းတွေက ကျွန်တော့်ကို ပီဘိအနုပညာသမားတစ်ယောက်လို စိတ်ချလက်ချယုံကြည်နေ ကြပြီလေ။ အဲဒီအချိန်က ကျွန်တော့်အနေနဲ့ စာတစ်တို၊ ပေတစ်စမျှ  မဂ္ဂဇင်းစာမျက်နှာပေါ် မပါဖူးသေးပေမယ့်…. ၊ မဂ္ဂဇင်းထဲပါတဲ့ စာအတော်များများကို ဆရာကြီး၊ ဆရာမကြီးများလက်ရာတွေကလွဲလို့ တယ်ပြီးအကောင်းမမြင်လှပေဘူး။ အယ်ဒီတာနဲ့ပဲ ပုလင်းတူဗူးဆို့မို့ နေရာပေးသလိုလို အမနာပပြောဖြစ်သေး….။ ဒီတော့ သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို ဒီကောင်က… စာပေမှာလည်း ခပ်ပေါ့ပေါ့တော့ မဟုတ်လောက်ဘူး။ လူရာဝင်ပေသကိုး လို့အထင်ကြီးနေချိန်ပေါ့….။

ကျွန်တော်တို့ တက္ကသိုလ်စရောက်တဲ့နှစ်တွေက တက္ကသိုလ်မှာ စာပေ၊ အနုပညာရေခံမြေခံသိပ်ပြီး မလန်းဆန်းလှသေးဘူး…။ ခပ်ခြောက်သွေ့သွေ့ပါ…။ ကျွန်တော်တို့ရောက်ပြီး ဒုတိယနှစ် မတက်ခင်လောက်မှပဲ အနုပညာအသင်းတွေ ပြန်ဖွဲ့စည်းကြဖို့ ပြင်ဆင်ပြီး မန္တလေးဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာ နာမည်ကြီးခဲ့တဲ့ ဂီတဆည်းဆာတွေ ဘာတွေအထိ ပြန်ပြီး စိမ်းစိုလန်းဆန်းသွားတာကိုး…။ ဒီတော့ သက်မဲ့ဖြစ်နေတဲ့ အနုပညာအသင်းတွေကို ပြန်ပြီးအသက်သွင်းပေးဖို့ ပြင်ဆင်ကြတဲ့ကာလဟာ တက္ကသိုလ်မှာ တကယ့်အချိုးအကွေ့၊ အပြောင်းအလဲကြီးပါပဲ။ ခုခေတ်လိုပြောရရင် ပါရာဒိုင်းပေါ့လေ….။ ကျောင်းသားတိုင်း စိတ်ဝင်စားကြတယ်။ ဘယ်လို အနုပညာ လှုပ်ရှားမှုတွေနဲ့ လွတ်လပ်ပွင့်လင်းလိုက်မဟဲ့ဆိုတဲ့ အားခဲမျှော်လင့်ချက်တွေနဲ့ပါ။ ဒီတော့ ကျွန်တော်တို့သင်္ချာဌာနကလည်း အနုပညာအသင်း ပြန်ဖွဲ့စည်းတော့မယ်တဲ့…။ အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်ကိုင်တော့မယ်တဲ့ ဂုဏ်ထူးတန်း ကျောင်းသားကြီးတစ်ယောက် ဦးဆောင်ပြီး အနုပညာအသင်း ဖွဲ့စည်းဖို့ မကြာခင်အစည်းအဝေး ခေါ်မယ်တဲ့။ အနုပညာအသင်း ဥက္ကဋ္ဌအနေနဲ့ အဲဒီဂုဏ်ထူးတန်းကျောင်းသားကြီးက တာဝန်ယူမှာတဲ့။ ဒါက အဲဒီခေတ်ကာလ ခေတ်စားနေတဲ့ ဗဟိုဦးစီးစနစ်နဲ့ တိုက်ရိုက်ခန့်ထားမှု အစီအစဉ်အရပါ။ ကျန်တဲ့အသင်း အတွင်းရေးမှူးနဲ့ အလုပ်အမှုဆောင်အဖွဲ့ကိုတော့ အစည်းအဝေးမှာမှ ရွေးချယ်တင်မြှောက်ကြမှာတဲ့…။  ဒါပေမယ့်… အသင်းအတွင်းရေးမှူးအဖြစ် ဘယ်သူဘယ်ဝါဖြစ်မယ်ဆိုတာ သတင်းကပေါက်ကြားနေပါပြီ။ တတိယနှစ်က ကျောင်းသားတဲ့။ ဒီကျောင်းသားက တောင်ကြီးကောလိပ်က ပြောင်းလာတာတဲ့။ တောင်ကြီးကောလိပ်မှာ ထင်ရှားခဲ့သူ….။ ကိုယ်တိုင်ဂစ်တာတီးပြီး သီချင်းဆိုခဲ့တဲ့သူ…။ ပွဲတိုင်းကျော်ဆိုပါတော့။ စတား(Star)ဆိုပါတော့…..။ တစ်ခါ… ရုပ်ရည်၊ အသားအရေ၊ အသံကအစ အတော်အဆင်ပြေချောမွေ့သူ….။ ကဲ…သူ့ဘာသာ ဘာဖြစ်နေနေ…။ ကျောင်းသူ ကျောင်းသားတွေအများစုဆန္ဒနဲ့ မဲပေးပြီး ရွေးကောက်တင်မြှောက်တာမှ မဟုတ်ဘဲ…. အခုလို ကျောင်းသားတွေရဲ့ အခွင့်အရေးထဲက ထပ်မံပြီးဗဟိုဦးစီးစနစ်မျိုး ကြိုတင်လျာထား ချပြသတ်မှတ်ကန့်သတ်ထားတာမျိုးကိုတော့ ကျောင်းသားတွေက စိတ်ထဲမှာဘ၀င်မကျလှကြဘူးပေါ့….။

အထူးသဖြင့် ကျွန်တော်တို့ ပထမနှစ်ကျောင်းသားအုပ်စုက မန္တလေးမြို့ခံတွေချည်းဆိုတော့…. ကိုယ့်မန္တလေးမှာလာပြီး နယ်က နေရာယူတာမျိုး ဘိုးစဉ်ဘောင်ဆက် ငြိမ်ခံခဲ့ကြတာမှ မဟုတ်တာ။ ကိုယ့်မြို့သားမှ အကောင်းထက်ကြတဲ့ ဒေသစွဲကလည်း ကြီးခဲ့ကြတာ မဟုတ်လား။ ဒါကြောင့် အဲဒီအနုပညာအသင်းဖွဲ့စည်းတဲ့နေ့မှာ သိကြရောပေါ့ကွာဆိုပြီး နေသေးသပခြုံထဲက၊ ချိုသွေးသပ တမြမြ လုပ်နေကြတာကိုး။ အစည်းအဝေးနေ့မှာ ကျွန်တော်တို့ ပထမနှစ်ကျောင်းသားတွေ အစည်းအဝေးခန်းထဲ အစောကြီးကတည်းက နေရာယူထားကြတယ်။ အစည်းအဝေးခန်းထဲ မလာသေးတဲ့ သူတွေကိုလည်း အတန်းထဲထိ သွားခေါ်ထားတယ်။ လူအင်အားစုထားတယ်။ အစည်းအဝေးစတော့ ထုံးစံအတိုင်း တာဝန်ခံဆရာက မိန့်ခွန်းခြွေပြီး အသင်းဖွဲ့စည်းဖို့ ပြင်ဆင်တယ်။ ဥက္ကဋ္ဌက ဗဟိုဦးစီးစနစ်အရ ရွေးပြီးသား။ အဲဒီဂုဏ်ထူးတန်း ကျောင်းသားကြီးပါပဲ။ အတွင်းရေးမှူးအနေနဲ့ တောင်ကြီးကောလိပ်က ပြောင်းလာတဲ့ ကျောင်းသားကို လျာထားတာ အတည်ပြုပေးဖို့ အဲဒီခေတ်ထုံးစံအတိုင်း ဗဟိုဦးစီးအမိန့်နဲ့ ဆုံးဖြတ်တာမျိုးကြိုတင် ပြောတယ်။ ဒီတော့ဘယ်ရလဲ။ ကျောင်းသားအခွင့်အရေးနဲ့ ဆန္ဒသဘောထားကို ချုပ်ချယ်ပိတ်ပင်တာပဲဆိုပြီး ကျွန်တော်တို့ ပထမနှစ်ကျောင်းသားအုပ်စုကထပြီး ကန့်ကွက်တယ်။ အနုပညာအသင်းအတွင်းရေးမှူးနဲ့ အလုပ်အမှုဆောင်အဖွဲ့ကို ကျောင်းသားတွေရဲ့ မဲဆန္ဒနဲ့ပဲ ရွေးရမယ်။ ဒါကြောင့် အနုပညာအသင်း အတွင်းရေးမှူးအဖြစ် ပထမနှစ်က ကျွန်တော့်ကိုအဆိုတင်တယ်။ ဒီတော့ အစည်းအဝေးဦးဆောင်သူမှာလည်း မျက်စိမျက်နှာပျက်ပျက်နဲ့ ဒါဆိုရင်….အတွင်းရေးမှူးနေရာမှာ ထိပ်တိုက်တွေ့နေတဲ့  ဒီနှစ်ယောက်ကို ပြောင်မဲစနစ်နဲ့မဲခွဲမယ်၊ မဲနိုင်သူအတွင်းရေးမှူးတာဝန်ယူစေပါမယ် ဆိုပြီး ဆုံးဖြတ်တယ်။

ကဲ….စာဖတ်သူပဲစဉ်းစားကြည့်…။ ကျွန်တော့်မှာက အနုပညာနဲ့ပတ်သက်ပြီး ဘာမှမယ်မယ်ရရ လုပ်ဆောင်ချက်မှမရှိတာ….။ လူပုံကလည်း သေးသေးညှက်ညှက်မည်းမည်း၊ (အဲဒီအချိန်က) ဆံပင်တိုတိုကောက်ကောက်…။ အနုပညာနဲ့ပတ်သက်ရင် ဆိုင်းနောက်ထလောက်မှ လူရောင်မပြောင်တာ…။ ဟိုဖက်က ကျောင်းသားက အဲဒီခေတ်ရုပ်ရှင်မင်းသားတွေ ထားလေ့ရှိတဲ့ ဆံပင်ရှည်ရှည်နဲ့ မျက်နှာက ဖူးဖူးပွင့်ပွင့်ညှညပ်ညှပ်နဲ့ ချောလိုက်တာ….။ မျက်ခုံးနက်မှောင်၊ အရပ်မောင်းကောင်းကောင်း၊ အနောက်တိုင်းဝတ်စုံနဲ့ ခံ့လို့ထည်လို့ လူကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချရမှု အပြည့်နဲ့ မော့လို့၊ ကြော့လို့….။ ဒီနှစ်ယောက်ကို အစည်းအဝေးခန်းမရှေ့မှာ ထွက်ရပ်စေပြီး ပြောင်မဲစနစ်နဲ့ ရွေးချယ်စေပါတယ်။ ရွေးချယ်တင်မြှောက်ပွဲပေါ့လေ။

မဲခွဲလိုက်တော့ ကျွန်တော့်ဖက်က သေချာပေါက်လို့တွက်ထားတဲ့ ပထမနှစ်ကျောင်းသားတွေထဲကကိုပဲ ပါမလာတော့ဘူး။ လူတည်မြဲ၊မဲသန့်ရှင်း ဆိုသလိုပေါ့။ ၂၆နှစ်သာမက ၂၆ရက်နေ့အထိ အညာခံလိုက်ရတယ် ဆိုသလိုပေါ့။ အကုန်ဟိုဘက် ပါကုန်တယ်။ ကိုယ်နဲ့ထပ်တူပေါင်းဖက်သင်းဖက် လက်ဖက်ရည်သောက်ဖက် ၅ယောက်လောက်ပဲ ကိုယ့်ဖက်ပါတယ်။ သူတို့ကလည်း ကိုယ့်ဘေးတစ်ခုံတည်း ထိုင်နေတာဆိုတော့ အားနာလို့နေမှာ။ ကိုယ့်လူလို့ သတ်မှတ်ထားတဲ့ ပထမနှစ်ကျောင်းသား၂၀လောက်ရော ကျန်တဲ့ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်တွေရော… လူ ၁၀၀ကျော်လောက်က သူ့ဖက်ကိုပဲ မဲပေးလိုက်ကြတာပါ။ ကျွန်တော်ခွက်ခွက်လန်ရှုံးတာပေါ့။ မှတ်ဟ….။ ဟုတ်တယ်…။ ဥက္ကဋ္ဌကျောင်းသားကြီးကလည်း ကျွန်တော့်ကိုမှတ်ပြီလား ဆိုတဲ့ အကြည့်နဲ့ သရော်ပြုံးပြုံးတယ်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ခေါင်းမဖော်ရဲဘဲ…၊ မိန်းအနောက်ဘက် ရေနီမြောင်းနားက ချိုကြီးကဖေးဆီ ပြေးခဲ့ကြတာပေါ့။ ကိုယ့်ဖက်လို့ သေချာပေါက်ထင်ထားတဲ့ကျောင်းသူတွေက ….တောင်ကြီးသားလေးက တအားချောတာကိုး ဘယ်သူစိတ်မပြောင်းဘဲနေမှာလဲ တဲ့….။ လုပ်ကြပုံ။

ကိုင်း…. ချုပ်လိုက်ရင်… အဲဒီရွေးကောက်ပွဲမှာ ကျွန်တော်အပြတ်အသတ် ခွက်ခွက်လန်ရှုံးတယ်။ ခေါင်းတောင်မဖော်နိုင်ဘူး….။

တစ်ဆက်တည်း အသစ်ချပ်ချွတ် သင်္ချာဌာန အနုပညာအသင်းရဲ့ ကနဦးလှုပ်ရှားမှုအနေနဲ့ မကြာခင်မှာမောင်မယ်သစ်လွင်ကြိုဆိုပွဲနဲ့ မိတ်ဆုံစားပွဲပြုလုပ်မယ်။ ပဒေသာကပွဲ အစီအစဉ်ပါမယ်။ အဲဒီပွဲမှာ အဖွင့်သီချင်းတစ်ပုဒ် သီဆိုကြမယ်။ ပါဝင်ရေးစပ်နိုင်ကြတယ်လို့ ကြေညာတယ်။ ကျွန်တော်လည်း အမှတ်မရှိဘူး ပြောရမလား၊ တတ်သည့်ပညာမနေသာလို့ပဲ ပြောရမလား….။ စိတ်ထဲက ယားကျိကျိဖြစ်လာပြီး သီချင်းတစ်ပုဒ်စပ်တယ်။ ကိုယ်တိုင်က ဆရာအောင်လင်းဝတ္ထုတွေဖတ်၊ ရုပ်ရှင်မင်းသားမြတ်လေး ရုပ်ရှင်ကားတွေ နှစ်သက်လေတော့… အဲဒီအချိန်က ခေတ်စားနေတဲ့ သီချင်းတွေစာမြှောင်ကပ်ပြီး သီချင်းစပ်ဖို့ ဆိုတဲ့ လွယ်လင့်တကူကိစ္စကို ခါးခါးသီးသီး ငြင်းပယ်ဆန့်ကျင်တဲ့စိတ်ဓာတ်နဲ့မို့ ကျွန်တော့်သီချင်းက ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသား….။

ကျွန်တော်လည်း သီချင်းစပ်ပြီးတာနဲ့ အနုပညာအသင်းဥက္ကဋ္ဌ တာဝန်ခံဂုဏ်ထူးတန်းကျောင်းသားကြီးဆီ သွားပို့တယ်။ ဥက္ကဋ္ဌက ကျွန်တော့်ကို မော့၍မျှပင်မကြည့်ဘဲ မန်းတောင်ရိပ်ခို သီချင်းအလိုက်ပဲလားတဲ့…။ ဒီတင်ကျွန်တော်လည်း ၀တ္ထုတွေထဲ၊ ရုပ်ရှင်တွေထဲက ဇာတ်လိုက် အနုပညာသမားတွေလို ခေါင်းထောင်သွားပြီး  ကျွန်တော်ကသူများသီချင်းထဲ စာမြှောင်ကပ်တဲ့ကြွက်ပျင်း အလုပ်မလုပ်ပါဘူး။ဒါ… ကိုယ်ပိုင်သံစဉ်၊ကိုယ်ပိုင်စာသား လို့ခပ်ကြွားကြွား ခပ်မာမာပြောတာပေါ့။ ဒီတော့ ဥက္ကဋ္ဌက.. ဒါဆိုရင်မောင်ရင့်သီချင်းကို သင်္ကေတနုတ်(စ်)နဲ့ရေးယူခဲ့။နုတ်(စ်)က ကမ္ဘာသုံးဂီတနုတ်(စ်)နော်၊ ၀မ်းတူးသရီးဖိုးနုတ်(စ်)နဲ့ မရဘူး လို့ ပြန်ပြောတယ်။ ဆိုလိုတာက ပဲတီပင်ပေါက်နုတ်(စ်)လို့ခေါ်တဲ့ အင်တာနေရှင်နယ် ပတ်ကားနုတ်(စ်)နဲ့ရေးခဲ့ပါလို့ ပြောတာ။ ကျွန်တော့် အရည်အချင်းနဲ့ ဒါက မဖြစ်နိုင်ဘူးဆိုပြီး ကျပ်လိုက်တာ…။

ဟုတ်တယ်။ ကျွန်တော့်လို ဘာမှမဟုတ်တဲ့၊ ၀ါလက်ခုတ်တောင် စည်းဝါးမှန်အောင်မတီးတတ်၊ လေတောင်ဖြောင့်အောင် မချွန်တတ်တဲ့၊ ငမျောက်ငခြောက်နဲ့ အင်တာနေရှင်နယ် ပတ်ကားနုတ်နဲ့ လားလားမှ မအပ်စပ်နိုင်ဘူးပေါ့။ သွားပေရော…၊ ထမင်းထုပ်ကြီးနဲ့ သိုးအောင်ရှာပေရော…။ ပြန်ပေတော့ မစဉ်းစားနဲ့ပေါ့လေ…။ ကျွန်တော်ကလည်း ရွေးကောက်ပွဲမှာ အလဲအကွဲရှုံးပြီး ကတည်းက အစွမ်းအစပြချင်နေတော့ လူမတတ်လည်း လက်ဖက်ထုပ်တတ်တယ်ဆိုတာ ဒိုင်လျှိုထား တာလေ….။ ကျွန်တော်နဲ့ တစ်အိမ်တည်းအတူနေ ယောက်ဖက မန္တလေးနုယဉ်တူရိယာအဖွဲ့က ထရန်ပက်သမား..။ လက်ဟောင်း မန္တလေးတူရိယာသမားမှန်သမျှ ပဲတီပင်ပေါက်နုတ်ကို စနစ်တကျတတ်ခဲ့ကြပြီးသား။ ဒီတော့ ယောက်ဖကို ကျွန်တော်က သီချင်းကို အသံထွက်ဆိုပြတယ်။ တစ်လုံးချင်း၊ တစ်ကြောင်းချင်းအလိုက် ယောက်ဖက ပတ်ကားနုတ်(စ်)နဲ့ရေးပေးတယ်။ စကိုးလ်သာမက၊ အသံဖွဲ့စည်းမှု (အရိန်းမင့်) အတွက်ပါ နုတ်(စ်)နဲ့ ရေးပေးတယ်။ ကျွန်တော်လည်း မဆိုင်းမတွ… သီချင်းစာသားရယ်၊ နုတ်စ်စာရွက်တွေရယ်ယူပြီး ဥက္ကဋ္ဌဆီ ပြန်ပို့လိုက်တယ်။ ဒါပါပဲ။ အဲဒီအချိန်ကစပြီး ကျွန်တော်ကျောင်းမတက်တော့ပါဘူး။ ကျောက်သွေးတန်း ရွှေမောင်းတိုက်က သူငယ်ချင်းအိမ်မှာ အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်သောက်လိုက်၊ ဖဲရိုက်လိုက် လုပ်နေကြပါတော့တယ်။

ထင်တဲ့အတိုင်းပါပဲ…။ ဂီတပဒေသာအတွက် တီးလုံးတိုက်နေကြပြီ၊ အကတိုက်နေကြပြီ ဆိုတာကြားရပြီး နောက်သုံးလေးရက်တွင်း ကျွန်တော့်ကို လှည့်ပတ်ရှာနေပြီဆိုတာလည်း ဆက်တိုက်ကြားလာရပြီ။ အိမ်ကိုသွားရှာတော့ ကျောင်းသွားတယ်တဲ့။ ကျောင်းမှာလည်းမရှိဘူး။ ကျွန်တော်တို့ထိုင်နေကျ ချိုကြီးကဖေးသွားရှာတော့လည်း အဲဒီဆိုင်က မအေးမာက အဲဒီအုပ်စုမလာတာ နှစ်ပတ်လောက်ရှိပြီလို့ ဖြေသတဲ့…။ နောက်ဆုံး ကျွန်တော့်ကို သစ္စာဖောက်ပြီး မဲမပေးတဲ့သူငယ်ချင်းက ဘယ်လိုသတင်းအနံ့ ရသွားလဲမသိဘူး။ ကျောက်သွေးတန်းရွှေမောင်းတိုက်ကို လာရှာတယ်။ဘယ်လိုမှမရှောင်နိုင်ဘဲတွေ့တာနဲ့ ပြာပြာသလဲ နှုတ်ဆက်တယ်။ ကျွန်တော့်သီချင်းကို အဖွင့်သီချင်းအဖြစ်ရွေးထားလို့ သီချင်းတိုက်နေပြီဆိုတာ မျက်နှာလိုအားရပြောတယ်။ ပြီးတော့ သူ့ဆိုင်ကယ်နဲ့ သီချင်းတိုက်တဲ့ဆီ ကျွန်တော့်ကို အမြန်ခေါ်သွားတယ်။ သူ့ခမျာ ကျွန်တော့်ကိုတွေ့တာ ရွှေထုပ်ကောက်ရသလို ၀မ်းသာပျော်မြူးလို့…။ ရွေးကောက်ပွဲနေ့က မျက်နှာနဲ့ တခြားစီ……….။

သီချင်းတိုက်တဲ့နေရာမှာ…. တိုက်ပေးမယ့် စန္ဒရားဆရာရော၊ အတွင်းရေးမှူး တောင်ကြီးသားကိုကိုရော ပတ်ကားနုတ် မဖတ်တတ်ဘူးတဲ့…။ ၀မ်းတူးသရီးဖိုး နုတ်စ်ပဲတတ်သတဲ့….။ ဒါကြောင့် သီချင်းရေးစပ်သူကိုယ်တိုင်လာပြီး တက်ပေးပါတဲ့လေ…။ ဒီသီချင်းကလည်း ပါမောက္ခကိုယ်တိုင်သဘောကျလို့ အဖွင့်မှာကျောင်းသူကျောင်းသား၅၀လောက်နဲ့ ဆိုကြမှာတဲ့….။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်မပါလို့ မဖြစ်တော့တာတဲ့။ ဘယ့်နှယ်ရှိစ….။

အနုပညာအသင်းမှာတော့ ခွက်ခွက်လန်မဲရှုံးလို့ အရွေးချယ်တော့မခံရဘူးပေါ့။ကော်မတီထဲလည်း မပါရဘူးပေါ့။

အခု ကျွန်တော်နိုင်သွားပါပြီ။ ဒါပေမယ့်…….

နောက်ရက်မနက် မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာသီဆိုဖို့ ကျွန်တော်တစ်ညလုံးမိုးလင်းပေါက်ပဲ ကျောင်းမှာ သီချင်းတိုက်ပေးရတယ်။ သီဆိုမယ့်လူ ၅၀လောက် စာသားမှန်၊ သံစဉ်မှန်၊ ညီညီညာညာ သီဆိုနိုင်ဖို့ သီချင်းတိုက်ပေးရလို့ တမှေးမှ မအိပ်ရဘဲ ကျောင်းမှာတင် မိုးလင်းသွားတယ်။ မနက်လင်းမှ အောင်မင်္ဂလာဆောင်က ပျဉ်းမနား ကိုမြင့်သိန်းကြီး အခန်းသွား၊ ရေမိုးချိုး အ၀တ်အစားလဲပြီး၊ အခမ်းအနားဆီသွားပါတယ်။ ရင်ကော့ ခြေဖျားထောင့်လို့ပေါ့လေ။ အလို….. အခမ်းအနားကျင်းပတဲ့ ဘွဲ့နှင်းသဘင်ခန်းမရှေ့ရောက်မှ သတိရတယ်။ မနေ့က အခမ်းအနားဝင်ခွင့်ဖိတ်စာ အိမ်မှာကျန်ခဲ့ပြီလေ…။ ခမ်းမပေါက်မှာက ရင်ထိုးတွေကိုယ်စီနဲ့ အနုပညာအသင်း တာဝန်ရှိသူတွေ စောင့်နေတယ်။ ဖိတ်စာပါသူတွေပဲ စနစ်တကျ စီစစ်ပီး ၀င်ခွင့်ပေးနေတယ်။ ကျွန်တော်က ဒီအတိုင်းဝင်တော့ ဖိတ်စာမပါလို့တဲ့ ခွင့်မပြုဘူး။ ဘယ်သူ ဘယ်ဝါပါလို့ ပြောတာလဲ မော့တောင်မကြည့်ဘူး။ ဖိတ်စာမပါဘဲ ဘယ်သူ့မှ ၀င်ခွင့်မပေးဘူး။ စည်းကမ်းက စည်းကမ်းဘဲလို့လည်း အားလုံးကြားအောင်ပြောနေတယ်။ ဒါကြောင့် ကျွန်တော့်မှာဝင်ခွင့်လက်မှတ်မပါလို့ တာဝန်ရှိ အနုပညာအသင်းဥက္ကဋ္ဌနဲ့ အသင်းသားတွေက  အခမ်းအနားထဲ ၀င်ခွင့်မပေးပါဘူး။ အခမ်းအနားစလို့ ကျွန်တော့်သီချင်းသီဆိုနေကြချိန် စင်ပေါ်မော့နေကြမှ ကျွန်တော်လည်း သူတို့အလစ် ခန်းမထဲ ၀င်လိုက်တယ်။ အဖွင့်သီချင်းသံက ခန်းမထဲလွှမ်းခြုံလို့……။

….အရှေ့ဆီက ၀င်းပရွှေရည်…..နေခြည်ပွင့်စ သြကာသလောက

လှပပွင့်လင်း နံနက်ခင်း

အဆင်းဝေဆာ…..

ပွဲအစ အဆုံးတော့ ကြည့်လိုက်ရပါရဲ့။ ဒါပေမယ့် ကျွေးမွေးတဲ့ဘိလပ်ရည်နဲ့ မုန့်တော့မစားရဘူးပေါ့။ ထိုင်လည်း မထိုင်ရဘူးပေါ့။

ဒီလိုပါပဲလေ……..။

Share on Facebook